လစာမြင့်မားမှုကြောင့် ကွန်တီအား နည်းပြအဖြစ် ခန့်အပ်မည့်ကိစ္စကို နာပိုလီအသင်း သုံးသပ်နေကြောင်း အီတလီမီဒီယာများ ဖော်ပြ

လစာမြင့်မားမှုကြောင့် ကွန်တီအား နည်းပြအဖြစ် ခန့်အပ်မည့်ကိစ္စကို နာပိုလီအသင်း သုံးသပ်နေကြောင်း အီတလီမီဒီယာများ ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 16 May 2024

နာပိုလီအသင်းသည် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်နည်းပြဟောင်း ကွန်တီအား အသင်းနည်းပြအဖြစ် ခန့်အပ်မည့်ကိစ္စကို လစာငွေမြင့်မားမှုကြောင့် ပြန်လည်သုံးသပ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

La Gazzetta dello Sport နှင့် Il Coriere dello Sport တို့၏ ဖော်ပြချက်အရ ကွန်တီသည် ပြီးခဲ့သည့်အပတ်က တူရင်မြို့တွင် နာပိုလီအသင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စပါးအသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အီတလီလူမျိုးနည်းပြ ကွန်တီသည် လာမည့်ရာသီတွင် နာပိုလီအသင်း နည်းပြဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေသည်။

သို့သော် နာပိုလီအသင်းသည် ကွန်တီနှင့်တွေ့ဆုံပြီးနောက် ၎င်း၏မြင့်မားလှသည့် လစာငွေ တောင်းဆိုမှုကြောင့် အသင်းနည်းပြအဖြစ် ခန့်အပ်သင့်၊ မသင့်ကို ပြန်လည်သုံးသပ်နေကြောင်း သိရသည်။

La Gazzetta dello Sport ၏ ဖော်ပြချက်အရ နာပိုလီအသင်းသည် ကွန်တီအား လက်ရှိတွင် တစ်နှစ်လစာ ယူရို (၆) သန်း ပေးချေနိုင်သော်လည်း လာမည့် ၂၀၂၅-၂၆ ရာသီတွင် နာပိုလီအသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ထပ်မံဆုံးရှုံးမည်ဆိုပါက ဘဏ္ဍာရေးအရ ရုန်းကန်ရနိုင်ကြောင်း သိရသည်။

ထို့ကြောင့် နာပိုလီအသင်းသည် ကွန်တီအား နည်းပြအဖြစ် ခန့်အပ်မည်ဆိုပါက ၂၀၂၅-၂၆ ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရပါက လစာလျှော့ယူရမည်ဆိုသောအချက် သို့မဟုတ် စာချုပ်ဖျက်သိမ်းနိုင်သည်ဆိုသောအချက်ကို ထည့်သွင်းချုပ်ဆိုဖွယ်ရှိကြောင်းလည်း သိရှိရသည်။

နာပိုလီအသင်းသည် ၂၀၂၂-၂၃ ရာသီတွင် စီးရီးအေချန်ပီယံဆုကို ရရှိခဲ့သော်လည်း နည်းပြ စပယ်လက်တီ ထွက်ခွာသွားပြီးနောက် ရုန်းကန်နေရသည်။

နာပိုလီအသင်းသည် ယခုရာသီတွင် နည်းပြ  (၃) ဦးအထိ ခန့်အပ်ခဲ့ရပြီး စီးရီးအေတွင် ရမှတ် (၅၁)မှတ်ဖြင့် အဆင့်(၉) နေရာအထိ ရောက်ရှိနေသည်။

ထို့ကြောင့် နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်သည် ထိပ်တန်းနည်းပြတစ်ဦးကို ခန့်အပ်လိုနေပြီး ကွန်တီမှာ ယင်းအချက်နှင့် ကိုက်ညီသည်။

သို့သော် ကွန်တီ၏မြင့်မားလှသည့်လစာကြောင့် နာပိုလီအသင်းသည် နည်းပြသစ်ခန့်အပ်မည့်ကိစ္စကို မဆုံးဖြတ်သေးကြောင်းသိရသည်။

နာပိုလီနည်းပြသစ်ဖြစ်လာရန် ကွန်တီအပြင် အေစီမီလန်နည်းပြ ပီအိုလီ၊ အတ္တလန်တာနည်းပြ ဂတ်စ်ပါရီနီနှင့် ဖီအိုရင်တီးနားနည်းပြ အီတာလီယာနိုတို့လည်း ရေပန်းစားနေကြောင်း သိရသည်။ 

Most Read

Most Recent