ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ရန် မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနား ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဟု Goal.com ဖော်ပြ

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ရန် မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနား ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဟု Goal.com ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 6 July 2024

 

မန်စီးတီးဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းထံသို့ ပြောင်းရွှေ့ကစား ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ဘယ်လ်ဂျီ ယံလက်ရွေးစင်ဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ ကုန်တွင် ဒီဘရိုင်းနားက ကစားသမားဘဝ အဆုံးသတ်ခါနီးတွင် ငွေကြေးများစွာ ရရှိနိုင်သည့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောကြားထားသည်။ ယခုအခါ Goal.com က ဒီဘရိုင်းနားသည် ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်အသင်းထံသို့ ပြောင်းရွှေ့ကစားရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲဲ့ပြီ ဖြစ်ကြောင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် လက်ရှိတွင် နာမည်ကျော်ကစားသမားများဖြစ်သည့် ဘန်ဇီမာ၊ ကွန်တေ၊ ဖာဘင်ညို၊ ပတ်ဒရိုဂျိုတာတို့ ကစားနေသည့်အသင်းဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကမ္ဘာကျော်ထိပ်တန်းကစားသမားများကို ခေါ်ယူရန် ကြိုးပမ်းနေသည့်အသင်း ဖြစ်သည်။ Goal.com ၏ ဖော်ပြမှုအရ အယ်လ်အစ်တီဟတ်အသင်းသည် ဒီဘရိုင်းနားအား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားသော်လည်း ၎င်း၏မိခင်ကလပ်ဖြစ်သည့် မန်စီးတီးအသင်းနှင့်မူ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးရခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။ 

မန်စီးတီးအသင်းသည် အသင်းနှင့် ၂၀၂၅ ဇွန်လ ၃၀ ရက်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဒီဘရိုင်းနားအား အလွတ်လက်လွှတ်လိုခြင်းမရှိသဖြင့် ယခုနွေတွင် ပြောင်းရွှေ့ကြေး ရရှိပါက ရောင်းထုတ်သွားရန် အသင့်ရှိနေကြောင်းလည်း သိရှိရသည်။ ထို့ ကြောင့် မန်စီးတီးအသင်းသည် အသင်းဝါရင့် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားအား အခြားအသင်းများနှင့် အပြောင်းအရွှေ့ကိစ္စရပ်များကို ဆွေးနွေးရန် ခွင့်ပြုထားကြောင်း သိရသည်။ မန်စီးတီးအသင်းအနေဖြင့် ဒီဘရိုင်းနားအတွက် ပြောင်းရွှေ့ကြေးမည်မျှသတ်မှတ်ထားသည်ကိုမူ မသိရှိရသေးကြောင်းလည်း Goal.com က ဖော်ပြခဲ့သည်။ 

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင် ဒီဘရိုင်းနားသည် ၂၀၁၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျာမန်ကလပ် ဝုလ်ဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းထံသို့ ပေါင် ၅၅ သန်းဖြင့် ပြောင်းရွှေ့ လာခဲ့သူဖြစ်သည်။ ၎င်းသည် မန်စီးတီးအသင်းအတွက် ကုုိးရာသီအတွင်း ပြိုင်ပွဲစုံ ၆၁၁ ပွဲကစားထားပြီး ၁၄၉ ဂိုးအထိ သွင်းယူပေးထားသည်။ ဒီဘရိုင်းနားသည် မန်စီးတီးအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိထားပြီး အသင်းဂန္ထဝင်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ဒီဘရိုင်းနားသည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ် ခြောက်ကြိမ်၊ FA ဖလား နှစ်ကြိမ်၊ လိဂ်ဖလား ငါးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ် နှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၆ လုံးအထိ ရရှိထားသည်။ 

ဒီဘရိုင်းနားသည် ပြီးခဲ့သည့် ၂၀၂၃- ၂၄ ရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့သော်လည်း အသင်း၏အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ ၂၆ ပွဲ တွင် ခြောက်ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ပေးခဲ့သည်။ သို့သော် ဒီဘရိုင်းနားအနေဖြင့် အသက်အရွယ်ရလာခြင်းကြောင့် မန်စီးတီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်လာရဖွယ်သလို စာချုပ်သစ် ချုပ်ဆိုမည်ဆိုပါကလည်း တစ်နှစ်ချင်းစီသာ ချုပ်ဆိုဖွယ်ရှိသည့်အတွက် အသင်းပြောင်း ရွှေ့ရန် စီစဉ်လာခြင်းဖြစ်သည်။ ဒီဘရိုင်းနား အနေဖြင့် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့မည်ဆိုပါက လစာများစွာ ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။