■ လူကာကူ၏မှတ်ချက်ကို မနှစ်သက်ကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ် ပြောကြား

■ လူကာကူ၏မှတ်ချက်ကို မနှစ်သက်ကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 January 2022

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အသင်းတိုက်စစ်မှူး လူကာကူ၏မှတ်ချက်ကို မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူသည် Sky Sports နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ချယ်လ်ဆီးအသင်း၌ မပျော်မရွှင်ဖြစ်နေကြောင်းနှင့် အနာဂတ်တွင် အင်တာမီလန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့သည်။ 

လူကာကူအနေဖြင့် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမှာ အကူအညီမဖြစ်ကြောင်းနှင့် မိမိအနေဖြင့် လူကာကူ၏မှတ်ချက်ကို မနှစ်သက်ကြောင်း တူဟယ်လ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

တူဟယ်လ်က "လူကာကူရဲ့ မှတ်ချက်ကို ကျွန်တော် မနှစ်သက်ပါဘူး။ ရိုးသားစွာပြောရမယ်ဆိုရင် လူကာကူရဲ့ မှတ်ချက်က ဆူဆူညံညံဖြစ်စေပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းရလဒ်ကောင်းရေး အာရုံစိုက်ရမယ့်အချိန်မှာ ဒါမျိုးတွေက အကူအညီမဖြစ်ပါဘူး။ သူ့အနေနဲ့ ချယ်လ်ဆီးအသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်ဆိုတာကို အခု သူ ပြောမှ ကျွန်တော် သိတာပါ။ ဒါကြောင့် လူကာကူ အခုလိုပြောတာကို ကျွန်တော် အံ့သြမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာတွေမှားနေလဲဆိုတာကို နားလည်ဖို့အတွက် အချိန်ယူရမှာပါ"ဟု ပြောကြားခဲ့သည်။ 

လူကာကူသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကမှ အင်တာမီလန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၉၇.၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ လူကာကူသည် ရာသီအစပိုင်းတွင် ချယ်လ်ဆီးအသင်းအတွက် ဂိုးများဆက်တိုက်သွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင် (၃)လ ကျော် ဂိုးပေါက်ပျောက်ဆုံးသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

လူကာကူသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၄)ပွဲတွင် ဂိုး (၃၀)အထိ သွင်းယူခဲ့သော်လည်း ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲတွင် (၇)ဂိုးသာ သွင်းယူပေးထားနိုင်သေးသည်။ 

Most Read

Most Recent