ဘာပေသည် အလွန်တော်သည့်ခေါင်းဆောင်ဖြစ်ကြောင်း ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့် ချီးကျူး

ဘာပေသည် အလွန်တော်သည့်ခေါင်းဆောင်ဖြစ်ကြောင်း ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့် ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 8 June 2024

 

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က ၎င်းတို့အသင်းခေါင်းဆောင် ဘာပေသည် အလွန်တော်သည့်ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

ပြင်သစ်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲ အကြို နိုင်ငံတကာခြေစမ်းပွဲအဖြစ် ဇွန်လ ၅ ရက်က လူဇင်ဘတ်အသင်းနှင့် ခြေစမ်းကစား ခဲ့ရာ (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဘာပေသည် အဆိုပါပွဲစဉ်တွင် ပြင်သစ်အသင်းအတွက် ကိုုယ်တိုင်တစ်ဂိုး သွင်းယူပေးခဲ့သလို မူအာနီနှင့် ကလောက်စ်တို့ သွင်းယူခဲ့သည့် ဂိုးများကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။ ထို့ကြောင့် အဆိုပါပွဲစဉ်အပြီးတွင် ဒေးရွှမ့်က ဘာပေကို ချီးကျူးစကားဆိုခဲ့ခြင်းဖြစ်သည်။ 

ဒေးရွှမ့်က "ကီလီယန်(ဘာပေ)က အသင်းခေါင်းဆောင် ဖြစ်ပါတယ်။ သူက အရမ်းတော်တဲ့ ခေါင်းဆောင်တစ်ဦးပါ။ သူနဲ့ ကျွန်တော် ပြောခဲ့တာတွေကို ကျွန်တော် မပြောချင်ပါဘူး။ သူက ဘယ်နေရာမှာ ရှိနေတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ကောင်းကောင်း သိသူပါ။ သူ့အနေနဲ့ လူဇင်ဘတ်နဲ့ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့တာ အရမ်းကောင်းပါတယ်။ ဘာပေဟာ ဒု-အသင်းခေါင်းဆောင် ဂရီးဇ်မန်းလိုပဲ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

 

အသက် ၂၅ နှစ်အရွယ်ရှိ ဘာပေသည် လူဇင်ဘတ်အသင်းနှင့် ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၇၈ ပွဲတွင် ၄၇ ဂိုးအထိ သွင်းယူထားသည်။ ဘာပေသည် ပြင်သစ်လက်ရွေးစင်အသင်း၏ ထာဝရဂိုးသွင်းအများဆုံးစာရင်း တွင် အသင်းဖော် ဂျရူး(၅၇ ဂိုး)နှင့် ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ(၅၁ ဂိုး)ပြီးနောက် တတိယနေရာ၌ ရပ်တည်နေပြီး ဂျရူး၏စံချိန်ကို ချိုးနိုင်မည်ဟု ထင်ကြေးပေးခံရထားသည်။

Most Read

Most Recent