ကပ်ရောဂါအပေါ်မူတည်၍ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် MFF စီစဉ်နေ

ကပ်ရောဂါအပေါ်မူတည်၍ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် MFF စီစဉ်နေ
Photo: MFF
Photo: MFF
Published 9 October 2021

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ မြန်မာ့လက်ရွေးစင်အသင်း အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အောက်တိုဘာ ဒုတိယပတ်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ သို့မဟုတ် ပြည်ပလေ့ကျင့်ရေးခရီး သွား ရောက်နိုင်ရန် စီစဉ်ထားခြင်းဖြစ် သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်လယ်ပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ မယှဉ်ပြိုင်မီတွင်လည်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရခြင်းမရှိဘဲ လေ့ကျင့်မှုသာပြုလုပ်၍ ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။

 မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် ကာလရှည် လေ့ကျင့်မှုရပ်နားထားရသည့်အပြင် ကစားသမားများမှာလည်း ပြည်တွင်းပွဲများ ယှဉ်ပြိုင်ကစားရခြင်းမရှိရာ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေ စမ်းပွဲများ ကစားနိုင်ရန် MFF က စီစဉ်နေခြင်းဖြစ်သည်။

MFF အနေဖြင့် မြန်မာ့လက် ရွေးစင်အသင်း၏ ပြိုင်ပွဲအကြို ပြင်ဆင်မှုများကို နည်းပြချုပ် အန်တွမ်နီဟေးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတကာခြေစမ်းပွဲများ ကစားရန်မှာမူ ကပ်ရောဂါ အခြေအနေအပေါ်မူတည်ကြောင်း သိရသည်။ ကပ်ရောဂါအခြေအနေကြောင့် ခရီးသွားလာရန်ခက်ခဲခြင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံသွားလာရန် ခက်ခဲခြင်းတို့ကြောင့် ခြေစမ်းပွဲများ ကစားရန် စီစဉ်ရာတွင် အခက်အခဲရှိနေခြင်းဖြစ်သည်။ 

မြန်မာ့လက်ရွေး စင်အသင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် နီပေါလက်ရွေးစင်အသင်း နှင့် မန္တလေးမြို့၌ ခြေစမ်းပွဲကစားပြီးနောက်ပိုင်း နိုင်ငံတကာခြေစမ်းပွဲကစားရခြင်းမရှိတော့သည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သည်။ ထို့ပြင် နှစ်နှစ်ဝန်းကျင်ကာလအတွင်း နိုင်ငံတကာပွဲအဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲသာ ယှဉ်ပြိုင်ခဲ့ရပြီး ယင်းသုံးပွဲစလုံး ရလဒ်မကောင်းဘဲ ပွဲတိုင်း ဂိုးပြတ်အရေးနိမ့်ခဲ့သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း (ဘရူနိုင်း/တီမော)တို့နှင့် အုပ်စု (A) ၌ ကျရောက် နေပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိသည်။ မြန်မာ အသင်းသည် ဆီမီးဖိုင်နယ်တက် ရောက်နိုင်ရန်အတွက် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းတို့နှင့် အပြိုင်လုရမည်ဖြစ်ရာ ပြိုင်ပွဲအကြို ပြင်ဆင်မှု လုံလောက်စွာရရှိရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်လခွဲဝန်းကျင်ရရှိမည်ဖြစ်ပြီး ကစားသမား အစုံအလင်လေ့ကျင့်ချိန်မှာမူ တစ်လဝန်းကျင်သာ ရဖွယ်ရှိနေသည်။ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ် ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းတွင် ပါဝင်မည့် ကစားသမားများမှာ နိုဝင်ဘာလဆန်းပိုင်းမှသာ လက်ရွေးစင် အသင်းနှင့် လာရောက်ပူးပေါင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent