မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံ အကူအညီဖြင့် စက်မှုဇုန်နှင့် စီးပွားရေးဇုန် တည်ဆောက်မည်

မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံ အကူအညီဖြင့် စက်မှုဇုန်နှင့် စီးပွားရေးဇုန် တည်ဆောက်မည်
Published 26 December 2017

မြစ်ကြီးနားမြို့တွင် နန်ကျင်ကျေးရွာအနီးအား တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံ အကူအညီဖြင့် စက်မှုဇုန်နှင့် စီးပွားရေးဇုန် တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် စက်မှုဇုန်နှင့် စီးပွားရေးဇုန် မြေနေရာအတွက် ဧက ၅၀၀၀ ဝန်းကျင်ခန့်ကို တိုင်းတာမှုများ ပြုလုပ်နေပြီး ဒေသခံ တောင်သူများ၏ စိုက်ပျိုးမြေများ၊ ဥယျာဉ်ခြံမြေများ ပါဝင်နေမှုကို ဥပဒေအတိုင်း ညှိနှိုင်းလေုပ်ဆောင်နေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြောကြားသည်။

၎င်းက “မြေတွေကတော့ တိုင်းပြီးပြီ။ အရင်အစိုးရက တရားဝင်ချပေးပြီး စိုက်ပျိုးထားတာတွေကို ရှင်းလင်းရဦးမယ်။ လုပ်ထုံးလုပ်နည်းအတိုင်း လျော်ကြေးတွေပေးရမှာ။ ဇုန်ကတော့ ဘက်စုံပေါ့။ စက်မှု၊ စီးပွားရေး အတွက်ပေါ့။ နောက်တစ်ခုက ကန်ပိုက်တီးမှာ ကုန်သွယ်ဇုန် ဆောက်မှာပေါ့။ ဆောက်လုပ်မယ်ဆိုရင်တော့ နိုင်ငံတကာအနေနဲ့ဆိုရင် တရုတ်နိုင်ငံ အကူအညီယူရမယ်။ အခုက မြေယာပြဿနာတွေ ရှင်းပြီးမှ အကောင်အထည်ဖော်ဖို့လုပ်ရမှာပါ။ အခုမြေပြဿနာရှင်းဖို့ ပြည်ထောင်စုကို တင်ပြရမယ်။ သူခွင့်ပြုမှရမယ်။ အရင်လျာထားတဲ့ နေရာက နှစ်ခုပေါ့။ ဝိုင်းမော်ဘက်မှာက တောင်သူတွေ တအားများတော့  ကန့်ကွက်နေတယ်။ ဘာမှလုပ်လို့ မရဘူး” ဟု ပြောကြားသည်။

ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်ထက်များတွင်  တရုတ်နိုင်ငံမှ ကုမ္ပဏီများက ဧကပေါင်း သောင်းနှင့်ချီသည့် မြေများကို စိုက်ပျိုးရေးနှင့်မွေးမြူရေး တရားဝင် ငှားရမ်းလုပ်ကိုင်ရန် ကမ်းလှမ်းမှုများရှိခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုခဲ့ခြင်း မရှိခဲ့ပေ။

ကချင်ပြည်နယ်သည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ဆက်သွယ်ထားသည့် လီဒိုလမ်းမကြီးက ပြည်နယ်အလယ်ပိုင်းမှ ဖြတ်သန်းထားသည်။ လက်ရှိတွင် တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင် အဓိကဆက်သွယ်သည့် ဝင်ပေါက်မှာ ကန်ပိုင်တည် ဝင်ပေါက် နှင့် လွယ်ဂျွယ်ဝင်ပေါက်၊ ပန်ဝါဝင်ပေါက်တို့ကို အဓိက အသုံးပြုနေသည်။ ထို့ပြင် လိုက်ဇာ၊ မန်ဝိန်းကြီး ဝင်ပေါက်များကိုလည်း အသုံးပြုနေကြသည်။

Most Read

Most Recent