မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃၉၁ ဦး ပြန်လည်ရောက်ရှိ

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃၉၁ ဦး ပြန်လည်ရောက်ရှိ
ပြန်လည်ရောက်ရှိလာသူများကို တွေ့ရစဉ်
ပြန်လည်ရောက်ရှိလာသူများကို တွေ့ရစဉ်
Published 12 May 2020
နေမျိုးဝင်း

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့်  မြန်မာနိုင်ငံသား ၃၉၁ ဦး မေ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၃၉၁ ဦးအား မလေးရှားအစိုးရ၏ အစီအစဉ်ဖြင့် စင်းလုံးငှား အထူးလေယာဉ်နှစ်စင်းဖြင့်  ပြန်လည်ပို့ဆောင်ခဲ့ရာ မေ ၁၁ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်နှင့် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တို့တွင်  ပြန်လည်ရောက်ရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လွဲပြောင်းလက်ခံခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

ပြန်လည်ရောက်ရှိလာသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေးမှုများ၊ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာကိစ္စများ၊ နေရပ်ပြန်ရေး၊ စားသောက်ရေး၊ လုံခြုံရေး၊ ပြန်လည်စိစစ်လက်ခံရေးများ အဆင်ပြေစေရန်ဆောင် ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါ ၃၉၁ ဦး သက်ဆိုင်ရာ ဒေသများသို့ ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ Community Based Facility Quarantine ၂၁ ရက် ထားရှိနိုင်ရေးအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က တာဝန်ယူဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသော နိုင်ငံသား ၃၉၁ ဦးမှာ ပထမအသုတ်တွင် ၁၃၇ ဦး၊ ဒုတိယအသုတ်တွင် ၂၅၄ ဦး ပြန်လည်လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံး၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းကာဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent