(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့

(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့
Published 22 November 2017

(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တက်ရောက်လာသည့်  ဥရောပနှင့်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များသည် ရခိုင်အရေးနှင့် ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်က အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ အီးယူနိုင်ငံများ၏ကိုယ်စားလှယ် အက်စ်တိုနီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာ့ဗ်မက်ဆာနှင့် စပိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုင်ဒယ်ဖွန်ဆိုကက်စထရိုတို့က အမှာစကားများ ပြောကြားခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားခဲ့ရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ကျင်းပသည့် အလွတ်သဘော အစည်းအဝေးတွင် ဥရောပနှင့် အာရှနိုင်ငံများမှ ကိုယ်စားလှယ်များက လက်ရှိရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ပြဿနာများကို ဆွေးနွေးခဲ့ကြပါကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

အက်စ်တိုနီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာ့ဗ်မက်ဆာက အမှာစကား ပြောကြားရာတွင်လည်း ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာအစိုးရအနေဖြင့် သင့်တင့်လျောက်ပတ်သည့် နည်းလမ်းကို မိမိတို့တိုက်တွန်းလိုပါကြောင်း ထည့်သွင်းပြောကြားသည်။

သို့ရာတွင် (၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် သဘာပတိ ကြေညာချက်ထုတ်ပြန်ခဲ့ရာ မြောက်ကိုရီးယား နျူကလီးယားအရေး၊ မလေးရှားလေကြောင်းလိုင်း MH 17 လေယာဉ် ပစ်ချခံခဲ့ရမှုနှင့် အာဖဂန်နစ္စတန်အရေးများ သာပါဝင်လာပြီး ရခိုင်အရေးမပါဝင်ခဲ့ပေ။

အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် ‘ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် မိတ်ဖက်ဆက်ဆံမှုကို ခိုင်မြဲအောင် ဆောင်ရွက်ကြပါစို့ ’ ခေါင်းစဉ်နှင့်အညီ ထုတ်ပြန်ခဲ့သည့် သဘာပတိ ကြေညာချက်တွင် အချက် ၃၃ ချက် ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent