လစ်သီယန်ဘက်ထရီ တီထွင်မှုအတွက် အမေရိကန်၊ ဗြိတိန်နှင့် ဂျပန်သိပ္ပံပညာရှင်သုံးဦး ဓာတုဗေဒနိုဗယ်ဆုကို ပူးတွဲရရှိ

လစ်သီယန်ဘက်ထရီ တီထွင်မှုအတွက် အမေရိကန်၊ ဗြိတိန်နှင့် ဂျပန်သိပ္ပံပညာရှင်သုံးဦး ဓာတုဗေဒနိုဗယ်ဆုကို ပူးတွဲရရှိ
အောက်တိုဘာ ၉ ရက်တွင် စတော့ဟုမ်း၌ ဓာတုဗေဒနိုဗယ်ဆုရရှိသူများအား ကြေညာနေစဉ်
အောက်တိုဘာ ၉ ရက်တွင် စတော့ဟုမ်း၌ ဓာတုဗေဒနိုဗယ်ဆုရရှိသူများအား ကြေညာနေစဉ်
Published 9 October 2019
Ref: AFP

လစ်သီယန် အိုင်းယွန်းဘက်ထရီ တီထွင်မှုအတွက် သိပ္ပံပညာရှင်သုံးဦးသည် ဓာတုဗေဒနိုဗယ်ဆုကို ပူးတွဲရရှိခဲ့ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၉ တွင် ကြေညာခဲ့သည်။

အမေရိကန်မှ ဂျွန်ဂွတ်အနတ်၊ ဗြိတိန်မှ စတန်လေဝစ်တင်ဟန်၊ ဂျပန်မှ အာကီရာယိုရှီနိုတို့သည် ဆုငွေဒေါ်လာ ၉၁၄၀၀၀ ကို အညီအမျှခွဲဝေရရှိကြမည်ဖြစ်သည်။

ပေ့ါပါးပြီး သယ်ဆောင်ရလွယ်ကူသော စွမ်းအားမြင့်ဘက်ထရီကို မိုဘိုင်းဖုန်းမှသည် လက်တော့ပ်အထိ၊ လျှပ်စစ်ကားများအထိ နေရာတိုင်းတွင် သုံးစွဲနေကြပြီး နေနှင့်လေ စွမ်းအင်မှရရှိသောစွမ်းအင်ကို အမြောက်အမြား သိုလှောင်နိုင်မှုကြောင့် ရုပ်ကြွင်းလောင်စာကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်လာရန် အထောက်အကူဖြစ်ကြောင်းလည်း ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

၁၉၉၁ ခုနှစ်တွင် စျေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ပြီးနောက် လစ်သီယန်ဘက် ထရီများသည် လူသားတို့၏ဘဝကို တော်လှန်ပြောင်းလဲမှု ဖြစ်စေခဲ့ပြီး လူသားမျိုးနွယ်ကို အကြီးမားဆုံး အကျိုးဖြစ်ထွန်းမှု ဖြစ်စေခဲ့ကြောင်း ဂျူရီအဖွဲ့က ပြောကြားခဲ့သည်။

၁၉၇၀ ပြည့်လွန်နှစ်များက ရေနံအကျပ်အတည်းကာလအတွင်း အခြားစွမ်းအင်ရင်း မြစ်တစ်မျိုးကို ရှာဖွေခဲ့ကြပြီး ဝစ်တင်ဟန်သည် လစ်သီယန်တွင် စွမ်းအင်ကို ထိန်းချုပ်အသုံးချနိုင်ဖွယ်ရှိသည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ လစ်သီယန်သတ္တုသည် ပေါ့ပါးလွန်းသဖြင့် ရေပေါ်တွင် ပေါ်နိုင်သည်။

ထို့နောက် ဝစ်တင်ဟန်သည် လစ်သီယန်နှင့်ဘက်ထရီ တည်ဆောက်ခဲ့သော်လည်း ထိုဘက်ထရီသည် အသုံးပြုရန်တည်ငြိမ်သည့် အခြေအနေကို မရရှိခဲ့ပေ။ ဂွတ်အနတ်သည် ဝစ်တင်ဟန်၏ပုံစံကို အခြေခံပြီး အခြားဒြပ်စင်တစ်မျိုးထည့်ပေါင်းကာ လေးဗို့အထိ အားရှိသော ဘက်ထရီကို တည်ဆောက်ခဲ့သည်။ ထိုဘက်ထရီသည် အနာဂတ်တွင် ပို၍တာရှည်ခံသော စွမ်းအားမြင့် ဘက်ထရီများ ထွက်ပေါ်လာရန်အတွက် လမ်းပွင့်စေခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ယိုရှီနိုသည် လစ်သီယန်အိုင်းယွန်းများ သိုလှောင်ထားသော ကာဗွန်အခြေပြုဒြပ်တစ်မျိုးကို အသုံးပြု၍ စီးပွားဖြစ် တွင်ကျယ်စွာ အသုံးပြုနိုင်သော ဘက်ထရီကို တည်ဆောက်နိုင်ခဲ့သည်။

ထိုသိပ္ပံပညာရှင် သုံးဦး၏အားထုတ်မှုက ပို၍စွမ်းအားကြီးမားသော ပေ့ါပါးပြီး ပြန်လည်အားသွင်း သုံးစွဲနိုင်သော ဘက်ထရီကို ရရှိစေခဲ့သည်။

ယိုရှီနို၊ ၇၁ နှစ်သည် တိုကျိုရှိ Ashi Kasei Corporation တွင် လုပ်ကိုင်နေပြီး နာဂိုယာရှိ Meijo တက္ကသိုလ်တွင် ပါမောက္ခအဖြစ် လုပ်ကိုင်နေသည်။ ဂွတ်အနတ်၊ ၉၇ နှစ်သည် အော်စတင်ရှိ တက္ကဆက်တက္ကသိုလ်မှ Cockrell အင်ဂျင်နီယာကျောင်းတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည်။ သူသည် နိုဗယ်ဆုကို ရရှိမည့် အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာမည်ဖြစ်သည်။ ဝစ်တင်ဟန်၊ ၇၇ နှစ်သည် နယူးယောက်ပြည်နယ်တက္ကသိုလ်မှ Binghamton တက္ကသိုလ်တွင် ပါမောက္ခအဖြစ် လုပ်ကိုင်နေသည်

ဓာတုဗေဒနိုဗယ်ဆုရှင် သုံးဦးသည် ဒီဇင်ဘာ ၁၀ တွင် စတော့ဟုမ်း၌ ဆွီဒင်ဘုရင်ထံမှ ဆုကို အခမ်းအနားနှင့်လက်ခံရယူရ မည်ဖြစ်သည်။ နိုဗယ်ဆုကို ဖန်တီးပေးခဲ့သော ၁၈၉၆ ခုနှစ် ဒီဇင်ဘာတွင် သေဆုံးခဲ့သည့် သိပ္ပံပညာရှင် အဲဖရက်နိုဗယ်ကို ဂုဏ်ပြု၍ ထိုနေ့တွင် ဆုပေးပွဲကို ကျင်းပခြင်းဖြစ်သည်။

Most Read

Most Recent