ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုအားကောင်းနိုင်ရေးအတွက် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့၏ မဟာဗျူဟာရေးဆွဲရေး အစည်းအဝေး ချင်းမိုင်မြို့၌ စတင်ပြုလုပ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုအားကောင်းနိုင်ရေးအတွက် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့၏ မဟာဗျူဟာရေးဆွဲရေး အစည်းအဝေး ချင်းမိုင်မြို့၌ စတင်ပြုလုပ်
Published 5 September 2017

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ရှစ်ဖွဲ့၏ မဟာဗျူဟာ ရေးဆွဲရေး အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာ ၄ ရက်မှ စတင်ပြုလုပ်လျက် ရှိသည်။

အဆိုပါ မဟာဗျူဟာ ရေးဆွဲနေခြင်းသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအားကောင်းရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် အခြားလိုအပ်သည့် အင်အားစုများ ပါဝင်လာရေးကိုလည်း ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က ပြောကြားသည်။

NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် NCA စာချုပ်အား အကောင်အထည်ဖော်မှုအပေါ် အားနည်းချက်၊ အားသာချက်များ ပြန်လည် သုံးသပ်ရန် Review Team (သုံးသပ်ရေးအဖွဲ့) ဖွဲ့စည်းကာ ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်ထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လော်ခီးလာဒေသ လေးဝါးစခန်းတွင် သုံးသပ်မှုများ ပြုလုပ်ခဲ့သည့် အစည်းအဝေး၏ နောက်ဆက်တွဲအဖြစ် ယခုအစည်းအဝေးအား ကျင်းပခြင်းဖြစ်ပြီး ရှစ်ဖွဲ့မှ အဖွဲ့ဝင် ၇၀ နီးပါး တက်ရောက်လျက်ရှိကြောင်း သိရသည်။

NCA စာချုပ်အရ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား နှစ်ဖက် ပူးတွဲ ဖွဲ့စည်းထားသည့် UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ) နှင့် JMC (ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) များတွင် လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် နှစ်ဖက် အခက်အခဲများ ရှိပါက JICM (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး) တွင် ဆွေးနွေးရသည့်အတွက် ယခုပြုလုပ်နေသည့် မဟာဗျူဟာရေးဆွဲဆွေးနွေးမှုတွင် JICM သို့ တင်ပြဆွေးနွေးမည့် အကြောင်းအရာများကို ဆွေးနွေးခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောကြားသည်။

“ဒါကြောင့် ကျွန်တော်တို့က အခုကိစ္စတွေ ရှေ့လျှောက် ဘာတွေလုပ်ချင်တာလဲ။ JICM မှာ ကျွန်တော်တို့ ဆွေးနွေးမယ်။ အဲဒီလို ဆွေးနွေးဖို့အတွက်ကို ကျွန်တော်တို့ ပြင်ဆင်တဲ့ ကိစ္စတွေပါ။ UPDJC ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ ကျန်တာတွေ ရှိတယ်။ ဆက်လုပ်ရမှာတွေ ရှိတယ်။ နောက်တစ်ခုကလည်း UPC မှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေ။ နောက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ လုပ်မယ့် ခေါင်းစဉ် တွေ၊ UPC လုပ်ငန်းကော်မတီရဲ့ဘယ်လိုများ စုဖွဲ့မလဲ ဆိုတဲ့ ကျွန်တော်တို့မှာ အမြင်တွေရှိတော့ အဲဒါကို ဆွေးနွေးကြမယ်” ဟု ဆလိုင်းယောအောင်က ပြောကြားသည်။

ဆက်လက်၍ ဆလိုင်းယောအောင် က “JMC လုပ်ငန်းစဉ်ဆိုရင် ပြန်လည် သုံးသပ်တာ လုပ်ခဲ့ပြီးပြီဆိုတော့ ပြန်လည် သုံးသပ်ခဲ့တဲ့အပေါ်မှာ ရှေ့လျှောက် ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်ကြမလဲ။ ဘယ်သူတွေက လုပ်မှာလဲ။ ဘယ်လို ဆောင်ရွက်ကြမလဲ။ အဲဒီကိစ္စကို ဆွေးနွေးကြတာ။ ဆွေးနွေးတော့ ဒီနေ့ကတော့ အစပိုင်းပေါ့။ ကျွန်တော်တို့ JMC ဟာကို တိတိကျကျ ပြောမယ်ဆိုရင် JMC နဲ့အဓိက ပတ်သက်တဲ့ဟာက NCA စာချုပ်မှာ အခန်း (၃)၊ အခန်း (၄) ပါတဲ့ အချက်တွေပေါ့။ အဲဒီမှာပါတဲ့ အချက်တွေက JMC ရဲ့ တာဝန်ဟာ ဘာလဲပေါ့။ JMC က စောင့်ကြည့်မယ်။ ပြဿနာရှိတဲ့အခါ ဖြေရှင်းမယ်။ ဖြေရှင်းတဲ့ အဆင့်ထိပေါ့လေ။ တချို့ဆိုရင် နောက်ပိုင်းမှာ ကျွန်တော်တို့ ကမကထပြုပြီးတော့ နှစ်ဖက်ပေါ့။ နှစ်ဖက်ဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းပေါ့။ အစိုးရနဲ့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း။ ဥပမာ KNU နဲ့ပတ်သက်တဲ့ ကိစ္စဆိုရင် KNU နဲ့ အစိုးရနှစ်ဖက်ပေါ့လေ။ အဲဒီလိုမျိုးဟာတွေ ဆွေးနွေးဖို့ပေါ့လေ။ JMC ကတော့ နှစ်ဖက် သဘောတူထားတဲ့ ကိစ္စတွေကို NCA စာချုပ်မှာ ပါတဲ့အတိုင်း သဘောတူထားတဲ့ ကိစ္စတွေ၊ နောက်တစ်ခါ Bilateral Agreement တွေ ရှိတယ်။ အဲဒီ သဘောတူတဲ့ ကိစ္စတွေမှာ ပြဿနာဘာရှိမလဲ။ ချိုးဖောက်မှုတွေ ဘာရှိမလဲ။ အဲဒီဟာတွေ ကျွန်တော်တို့က အဓိကလုပ်ရမှာပေါ့။ တချို့ဟာတွေဆိုရင် ဥပမာ IDPs ကိစ္စတွေဆိုရင် JMC နဲ့ တိုက်ရိုက် ပတ်သက်တာ မဟုတ်ဘူး။ JMC နဲ့ ပတ်သက်တာမဟုတ်ရင် ကျွန်တော်တို့ IDPs ကိစ္စကို ရှေ့ဆက် ဘယ်လိုလုပ်မလဲ။ ဥပမာ သက်ဆိုင်ရာ နှစ်ဖက် အဖွဲ့အစည်းကြားမှာ ညှိနှိုင်းမယ်။ ဒါမှမဟုတ်ရင် ကြားကာလ အစီအစဉ်မှာ ကော်မတီ ဖွဲ့စည်းမယ်။ အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း နှစ်ဖက်ကြား ဘယ်လိုလုပ်ကြမလဲပေါ့”ဟု ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ KNU ၊ RCSS/SSA ၊ PNLO ၊ CNF ၊ ABSDF ၊ KNU/KNLA-PC ၊ DKBA နှင့် ALP တို့ ဖြစ်သည်။

Most Read

Most Recent