စက်သုံးဆီဈေး မြင့်တက်လာသောကြောင့် အဝေးပြေး ယာဉ်လိုင်းများ အရှုှုံးပေါ်လျက်ရှိပြီး ယာဉ်လိုင်းအချို့ ယာဉ်စီးခ အနည်းငယ်တိုးကောက်

စက်သုံးဆီဈေး မြင့်တက်လာသောကြောင့် အဝေးပြေး ယာဉ်လိုင်းများ အရှုှုံးပေါ်လျက်ရှိပြီး ယာဉ်လိုင်းအချို့ ယာဉ်စီးခ အနည်းငယ်တိုးကောက်
Published 16 September 2018

စက်သုံးဆီဈေး မြင့်တက်လာသောကြောင့် အဝေးပြေးကားလိုင်းများ အရှုံးပေါ်လျက်ရှိပြီး အချို့ကားလိုင်းများမှာ ကားလက်မှတ်ခများ အနည်းငယ် တိုးကောက်လျက်ရှိကြောင်း အဝေးပြေးယာဉ်လိုင်း အချို့မှ တာဝန်ရှိသူများက ပြောကြားသည်။

“အခက်အခဲက နည်းနည်းလေး မဟုတ်ဘူး။ အများကြီးရှိတယ်။ ဆီဈေးတက်တော့ ကုန်ကျစရိတ်တွေ များသွားတယ်။ ကုန်ကျစရိတ်က ပိုကုန်သွားတယ်။ ဥပမာ မုံရွာဆို သုံးသိန်းပိုကုန်သွားတယ်။ ထားဝယ်ဆို လေးသိန်းလောက် ပိုကုန်သွားတယ်။ ဒီရာသီက ခရီးသည်ပါးတဲ့ ရာသီလည်းဖြစ်တော့ နှစ်ခါနာသွားတာပေါ့။ အခုက အသွားရော အပြန်ရော လူပြည့်လည်း ရှုံးတာပဲ။ ကားခတော့ နည်းနည်းတိုးကောက်ရတယ်။ နေပြည်တော်ဆို ငါးရာလောက် တိုးကောက်တာတို့၊ မုံရွာကို တစ်ထောင်လောက် တိုးကောက်တာတို့ အဲဒီလိုလေးတွေ တိုးကောက်ရတယ်” ဟု မိုးကောင်းကင် ယာဉ်လိုင်းမှ မန်နေဂျာ ဦးတင်ဦးက ပြောသည်။

ယမန်နှစ် မိုးရာသီ၌ ခရီးသည်ပါး၍ အရှုံးရှိသော်လည်း အရင်းကျေ၍ ယခုမိုးရာသီ၌ ခရီးသည် ရှားပါးသည့်အပြင် စက်သုံးဆီဈေး မြင့်တက်လာသောကြောင့် တစ်နေ့လျှင် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ဝန်းကျင် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

မော်ကွန်းသစ် ယာဉ်လိုင်းပိုင်ရှင် ဦးမျိုးဝင်းက “ကားတွေရပ်ထားလို့လည်း မဖြစ်ဘူးလေ။ အဲဒီတော့ မကိုက်လည်း ထွက်နေရတာပဲ။ အရင်က ကားသုံးစီးလောက် ထွက်ရင်တော့ အခုနှစ်စီးလောက်ပဲ ထွက်နိုင်တော့တယ်” ဟု ပြောကြားသည်။

အချို့ခရီးသည်များသည် ယင်းသို့ တိုးကောက်သည့်အပေါ် နားလည်ပေးပြီး အချို့မှာ အခြားယာဉ်လိုင်းများသို့ ပြောင်းဝယ်ခြင်းရှိကြောင်း သိရသည်။

“တချို့ခရီးသည်တွေကတော့ ဒီလိုတိုးကောက်တဲ့အပေါ် နားလည်ပေးတာတော့ရှိတယ်။ တချို့ခရီးသည်တွေ ကျတော့လည်း ဈေးမတက်တဲ့ဆီမှာပဲ သွားဝယ်တာတွေရှိတယ်။ တချို့ခရီးသည်တွေကျတော့ ကျွန်တော်တို့ ရှင်းပြလိုက်ရင် နားလည်ပေးတာတွေရှိတယ်” ဟု မိုးကောင်းကင်ယာဉ်လိုင်းမှ မန်နေဂျာ ဦးတင်ဦးက ပြောကြားသည်။

ထိုသို့ ဖြစ်ပေါ်နေလျက် ရှိသောကြောင့် ခရီးစဉ်အချို့ကို လျှော့ချထားလျက်ရှိကြောင်း သိရသည်။

စက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများ သာမက အငှားယာဉ်မောင်း အချို့လည်း အကျပ်အတည်းများဖြစ်ကာ ယာဉ်ပိုင်ရှင်ထံ ပြန်အပ်မှုများ ရှိနေကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းသည် သုံးလကျော်အတွင်း ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်း၌ အောက်တိန်း ၉၂ တစ် လီတာ ၉၈၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၁၀၂၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၀၀၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၀၁၅ ကျပ်အထိ ရှိနေကြောင်း စက်သုံးဆီ ရောင်းချသူများထံမှ သိရသည်။

အမေရိကန် ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုနှင့် ကမ္ဘာ့ရေနံဈေး မြင့်တက်လာမှုကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent