စတုတ္ထအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး၌ ဘေးဆွယ် ဆွေးနွေးမှုအဖြစ် အိန္ဒိယဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံ

စတုတ္ထအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး၌ ဘေးဆွယ် ဆွေးနွေးမှုအဖြစ် အိန္ဒိယဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံ
Published 1 September 2018

(ဝဲမှယာ) မြန်မာသမ္မတကတော် ဒေါ်ချိုချို၊ နီပေါဝန်ကြီးချုပ်ကတော်၊ ထိုင်းဝန်ကြီးချုပ်၊ သီရိလင်္ကာ သမ္မတ၊ နီပေါဝန်ကြီးချုပ်၊ မြန်မာသမ္မတ ဦးဝင်းမြင့်၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၊ ဘူတန်အစိုးရ တရားရေးနှင့် အကြံပေးအကြီးအကဲနှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ သြဂုတ် ၃၁ ရက်က ခတ္တမန္ဒူမြို့၌ပြုလုပ်သည့် BIMSTEC ထိပ်သီးအစည်းအဝေး၌ ဓာတ်ပုံရိုက်ကူးခံနေစဉ် (Photo – AFP)

စတုတ္ထအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို သြဂုတ် ၃၁ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး အဆိုပါ အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးမှုအဖြစ် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် နီပေါဝန်ကြီးချုပ် ကေပီရှာမားအိုလီက အဖွဲ့၏ ဥက္ကဋ္ဌနေရာကို သီရိလင်္ကာသမ္မတ မေသရီပါလာ ဆီရီဆီနာထံသို့ လွှဲပြောင်းပေးအပ်မှုလည်း ပြုလုပ်ခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် အခြား BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများနှင့်အတူ ခတ္တမန္ဒူမြို့၌ပြုလုပ်သည့် နှစ်ရက်ကြာကျင်းပသော အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ အခြားခေါင်းဆောင်တွေ BIMSTEC လုပ်ငန်းစဉ်ကို ပြန်လည်အသက်ဝင်အောင်ပြုလုပ်ဖို့  ကတိပြုမှုနဲ့အတူ ခတ္တမန္ဒူက BIMSTEC ထိပ်သီးအစည်းအဝေးဟာ အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ပါတယ်” ဟု ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရာဗီရှကူးမားက Twitter ၌ ရေးသားခဲ့သည်။

လက်ရှိ BIMSTEC ၏ ဥက္ကဋ္ဌတာဝန်ယူထားသော နီပေါဝန်ကြီးချုပ် အိုလီကခတ္တ မန္ဒူကြေညာချက်မူကြမ်းကို တင်သွင်းပြီး အဖွဲ့ဝင်နိုင်ငံများက တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း သိရသည်။

အစည်းအဝေး အပိတ်မိန့်ခွန်းပြောကြားရာတွင် အိုလီက “ဘင်္ဂလားပင်လယ်အော်ဒေသ ငြိမ်းချမ်းရေး၊ ကြွယ်ဝရေးနဲ့ ရေရှည်တည်တံ့ရေးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီး စုပေါင်းဉာဏ်ပညာ၊ စိတ်ကူးနှင့် အမြင်တွေ ခတ္တမန္ဒူကြေညာချက်မှာ အဓိပ္ပာယ်ရှိရှိ အမိအရ ထည့်သွင်းထားပါတယ်” ဟု ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ကိစ္စဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးအတွက် BIMSTEC Grid Interconnection ထူထောင်ရန် နားလည်မှုစာချွန်လွှာတစ်ရပ်ကိုလည်း အဆိုပါအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

BIMSTEC အဖွဲ့အတွက် အိမ်ရှင်နိုင်ငံ အသစ်တာဝန်ကို ယူခဲ့သည့် သီရိလင်္ကာနိုင်ငံအား အိုလီက ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အကြီးအကဲများကိုလည်း ထိပ်သီးအစည်းအဝေး အောင်မြင်အောင် အကောင်အထည်ဖော်ရာ၌ ၎င်းတို့၏ ထောက်ပံ့ကူညီမှုအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

BIMSTEC သည် အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နှင့် နီပေါနိုင်ငံတို့ပါဝင်သော ဒေသတွင်းအဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ အဆိုပါ အဖွဲ့ဝင်နိုင်ငံများတွင် ကမ္ဘာ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်း နေထိုင်ပြီး စုစုပေါင်း GDP တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလျံရှိ သည်။

အစောပိုင်း၌ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် တွေ့ဆုံခဲ့ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင်ပြုလုပ်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့မှ ခေါင်းဆောင်တို့သည် နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူတွင်ပြုလုပ်သည့် BIMSTEC ထိပ်သီးအစည်းအဝေး ဘေးဆွယ်ဆွေးနွေးမှုအဖြစ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“ဆွေးနွေးမှုဟာ စွမ်းအင်ကဏ္ဍနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်တဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးလာရေးအပေါ် အဓိကထားပါတယ်” ဟု ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရာဗီရှကူးမားက Twitter ၌ ရေးသားခဲ့သည်။

Ref ; The Hindu

Most Read

Most Recent