တောင်ဥက္ကလာပမြို့နယ် မြင်သာမီးပွိုင့်အနီးတွင် အသက် ၈၀ အရွယ် အဘွားအိုအား YBS အမှတ်-၂၉ ယာဉ်တစ်စီးက ဝင်တိုက်မိပြီး တစ်မှတ်တိုင်ခန့် ယာဉ်နှင့်ချိတ်ပါသွားကာ သေဆုံးမှုဖြစ်ပွား

တောင်ဥက္ကလာပမြို့နယ် မြင်သာမီးပွိုင့်အနီးတွင် အသက် ၈၀ အရွယ် အဘွားအိုအား YBS အမှတ်-၂၉ ယာဉ်တစ်စီးက ဝင်တိုက်မိပြီး တစ်မှတ်တိုင်ခန့် ယာဉ်နှင့်ချိတ်ပါသွားကာ သေဆုံးမှုဖြစ်ပွား
Published 29 August 2018

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာမီးပွိုင့်အနီးတွင် အသက် ၈၀ အရွယ် အဖွားအိုတစ်ဦးအား YBS အမှတ်-၂၉ ယာဉ်လိုင်းမှ ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိပြီး တစ်မှတ်တိုင်ခန့် ယာဉ်နှင့် ချိတ်ပါသွားကာ အဘွားအိုတစ်ဦး သေဆုံးမှု ယနေ့ (သြဂုတ် ၂၉ ရက်) နံနက် ၉ နာ ရီခန့် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း ဘေလီတံတားဘက်မှ စံပြေးဈေးဘက်သို့ မောင်းနှင်လာသည့် အမှတ် (၂၉) ယာဉ်လိုင်းမှ YBS ယာဉ်တစ်စီးသည် မြင်သာလမ်းဆုံ မီးပွိုင့်အရောက် လမ်းဖြတ်ကူးသူ မြောက်ဒဂုံမြို့နယ်နေ အသက် ၈၀ အရွယ် အဖွားအိုတစ်ဦးအား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

“ ဘေးနားက လူတွေက အော်လိုက်တဲ့ အသံကြားလို့ သွားကြည့်တာမှာ လမ်းလယ်မှာ ပုံးတွေ ခြင်းတွေပဲ တွေ့ရတယ်။ အဲဒါနဲ့ မေးကြည့်တော့ အမျိုးသမီးတစ်ဦး YBS ယာဉ်နဲ့ ပွတ်တိုက်မိသွားတယ်လို့ ပြောတယ်။ ပွတ်တိုက်မိတဲ့လူက ဒီအနားဝန်းကျင်မှာ အဝတ်လျှော်တဲ့အလုပ်ကို လုပ်တဲ့အမျိုးသမီးလို့ သိရတယ်” ဟု အခင်းဖြစ်ချိန်တွင် မြင်သာလမ်းဆုံ မီးပွိုင့်အနီး၌ ရှိနေသည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ထိုသို့ ပွတ်တိုက်မိပြီးနောက် ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ကိုဆက်လက် မောင်းနှင်သွားခဲ့ကာ အတိုက်ခံခဲ့ရသည့် အဖွားအိုမှာ ယာဉ်အောက်တွင် တစ်မှတ်တိုင် အကွာခန့်ထိ ချိတ်ပါသွားခဲ့ပြီး ဥက္ကလာပစေတီအနီးရောက်မှ အဆိုပါယာဉ်မှာ ရပ်တန့်သွားခဲ့ကြောင်း အနီးပတ်ဝန်းကျင်နေ ပြည်သူများထံမှ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် လမ်းအား တွေ့ရစဉ်

“အတိုက်ခံရတဲ့ အဖွားအိုက ကားအောက်မှာ ချိတ်ပါသွားတာ။ အဲ့ဒါကို ယာဉ်မောင်းက မသိဘဲ ကားကို ဆက်မောင်းသွားတာ၊ အဲ့ဒီမှာ အနားက မောင်းလာတဲ့ တက္ကစီတစ်စီးက တွေ့ပြီး ယာဉ်မောင်းကို အော်ပြောတာ၊ ကားမှန်တွေကလည်း ပိတ်ထားတော့ ယာဉ်မောင်းက မကြားဘူး ထင်တယ်။ နောက်တော့မှ အဲ့ဒီတက္ကစီက ရှေ့ကျော်တက်ပြီး ပြောတော့မှ YBS ယာဉ်မောင်းက ကားကိုရပ်ပြီး ဆင်းကြည့်တာ၊ အဲ့ဒီမှ သိကြတာ၊ ကားပေါ်ပါတဲ့ လူတွေလည်း အဲ့ဒီကျမှ သိကြတာလို့ ပြောကြတယ်” ဟု အခင်းဖြစ်ချိန်တွင် ဥက္ကလာပစေတီအနီး၌ ရှိနေသည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ထိုသို့ အတိုက်ခံရသဖြင့် အဖွားအိုမှာ ဦးခေါင်းစုတ်ပြဲ၊ ခန္ဓာကိုယ်အနှံ ပွန်းစုတ်ဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ YBS ယာဉ်မောင်းဖြစ်သူ ဒဂုံအရှေ့မြို့နယ်နေ ဦး .... (၄၇) နှစ်အား တောင်ဥက္ကလာပမြို့မရဲစခန်းမှ ယာဉ်(ပ)၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄- က ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent