ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံများ ပထမဆုံးအကြိမ် တွေ့ဆုံပြီး မြစ်ဆုံဆည်စီမံကိန်း အပါအဝင် တရုတ်တစ်ရှူးငှက်ပျောနှင့် မူးယစ်ဆေးဝါး ကိစ္စများကို ဒေသခံများက တင်ပြ

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံများ ပထမဆုံးအကြိမ် တွေ့ဆုံပြီး မြစ်ဆုံဆည်စီမံကိန်း အပါအဝင် တရုတ်တစ်ရှူးငှက်ပျောနှင့် မူးယစ်ဆေးဝါး ကိစ္စများကို ဒေသခံများက တင်ပြ
Published 26 August 2018

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းရှိ တရုတ်တစ်ရှူး ငှက်ပျောခင်းများနှင့် စိုက်ပျိုးမည့်မြေနေရာ ပြင်ဆင်နေသည်ကို တွေ့ရစဉ်

ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဒေသခံများ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို သြဂုတ် ၂၅ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များ လူဦးရေ တစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်က အစိုးရ၏ ငါးနှစ်တာမူဝါဒများ၊ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ လုပ်ဆောင်နေသည့် အခြေအနေများကို ပြည်သူထံ ချပြခဲ့သည်။

ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တောင်တန်းမြေပြန့် တစ်ပြေးညီဖွံ့ဖြိုးရေး၊ မြစ်ကြီးနား စီးပွားရေးဇုန်ကိစ္စ၊ တရုတ်တစ်ရှူးငှက်ပျောကိစ္စ၊ လယ်ယာမြေပြဿနာများ ဖြေရှင်းရေးကိစ္စ၊ နယ်စပ်ရေးရာ ကုန်သွယ်ရေးကိစ္စများ၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို တင်ပြခဲ့ပြီး ပြည်သူအားလုံး တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တက်ရောက်လာသူများက စည်ပင်သာယာကိစ္စ၊ လမ်းတံတားကိစ္စရပ်များ၊ ဘာသာရေးကျောင်း အငြင်းပွားမှုကိစ္စ၊ တရုတ်တစ်ရှူးငှက်ပျောကိစ္စ၊ မြေယာကိစ္စရပ်များ၊ မြစ်ဆုံဆည်စီမံကိန်းကိစ္စ၊ မူးယစ်ဆေးဝါး ကိစ္စရပ်များ၊ ဌာနအချို့တွင် ပြည်သူလူထုနှင့် အဆင်မပြေဖြစ်နေသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “ကျွန်တော်က လူထုနဲ့တွေ့ဖို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၃၀ မှာ တွေ့ဖို့စီစဉ်ပါတယ်။ အနီးကပ်ပြီး နေပြည်တော်သွားဖို့ရှိလို့ အစီအစဉ် ပျက်သွားတယ်။ လွန်ခဲ့တဲ့ ဧပြီလက သြင်္ကန်ကာလနောက်ပိုင်း တွေ့ဖို့လုပ်ပြန်တော့ တိုက်ပွဲတွေ ဖြစ်ပြန်တယ်။ အခုမှ တွေ့ရတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်တာ နှစ်နှစ်နဲ့ ငါးလရှိပါတယ်။ ငါးနှစ်တာကာလမှာ အစိုးရဘက်က အကောင်အထည်ဖော်ဖို့ အစီအစဉ်ဆွဲထားတာ ရှိပါတယ်။ ကျွန်တော်တို့ မျှော်မှန်းချက်က အားလုံး ငြိမ်းချမ်းသာယာတဲ့၊ မူးယစ်ကင်းစင်တဲ့ ပြည်နယ်ကြီးကို ထူထောင်ဖို့ပါ။ ရည်မှန်းချက်အနေနဲ့က လမ်းပန်းဆက်သွယ်ရေး ပိုကောင်းမွန်ရေး၊ မြို့၊ ကျေးရွာများ လျှပ်စစ်မီးရရှိရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး၊ တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပိုမိုခိုင်မြဲရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်နယ်သူ ပြည်နယ်သားများ စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် ပြည်သူကို အလုပ်အကျွေး ပြုရာတွင် အကောင်းဆုံး ဝန်ဆောင်မှုပေးရေး၊ အဂတိတရား ကင်းရှင်းစွာ ကူညီပေးရေးတွေက ရည်ရွယ်ချက် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တရုတ်တစ်ရှူးငှက်ပျောစိုက် ကုမ္ပဏီများသည် လက်ရှိတွင် မြန်မာနိုင်ငံသား အလုပ်သမားများကို အပင်လိုက် ထိန်းသိမ်းစောင့်ရှောက်ခိုင်းပြီး အရည်အသွေးမီသည့် ငှက်ပျောသီးများကို တစ်ကျင် (၃၃ ကျပ်သားခန့်) ကို တရုတ်ယွမ်ငွေ သုံးယွမ်နှုန်းဖြင့် ဝယ်ယူဖြေရှင်းနေကြောင်း သိရသည်။ ကျင်စားလုပ်သားတစ်ဦးက “ကျင်စားဆိုတာကတော့ အပင် ငါးထောင်၊ တစ်သောင်း ကိုယ်နိုင်သလောက်ယူပေါ့။ ဧကနဲ့ ပြောရင် ငါးဧက အထက်ပေါ့။ ထွက်လာတဲ့ ငှက်ပျောက ကိုယ့်ငှက်ပျောပဲ။ အလုပ်သမားခ၊ ပိုးသတ်ဆေး၊ ငှက်ပျောနဲ့ ပတ်သက်တာတွေကို ကိုယ်ကခံရတယ်။ ငှက်ပျောထွက်လာရင် အပြင်မှာ ဘယ်ဈေးပေါက်ပေါက် ကျွန်တော်တို့က တစ်ကျင်သုံးယွမ်ပဲရတယ်။ မအောင်ရင် ကိုယ်က လုပ်အားရှုံး၊ အချိန်ရှုံး၊ အပင်တစ်သောင်းလောက် အောင်ရင် သိန်း ၇၀ လောက်အထိ ကျန်တတ်တယ်။ ငှက်ပျောက ဂရုအရမ်း စိုက်ရတယ်။ လက်သည်း ခြစ်ရာတောင်ရှိရင် မယူဘူး။ ကြီးလွန်းရင်၊ ငယ်လွန်းရင်၊ ပုရင် ပယ်ပစ်လိုက်တာ။ ဈေးကွက်ပို့မယ့် ငှက်ပျောက ဘာမှထိခိုက်လို့ရတာမဟုတ်။ တရုတ်လုပ်ကွက်တွေမှာ မြန်မာနိုင်ငံသား အားလုံးက ဒီအတိုင်း လုပ်စားနေကြတာပေါ့။ တရုတ်က ရှုံးရင်နည်းတယ်။ မြတ်ရင်များတယ်။ ကျွန်တော်တို့က ရှုံးရင် လုပ်အားခ မရဘူး။ ရာသီမှန်ရင် ရှုံးခဲပါတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် မေလက ကောက်ယူထားသော စာရင်းများအရ ကချင်ပြည်နယ်တွင် တရုတ်တစ်ရှူးငှက်ပျော စိုက်ဧက လေးသောင်းကျော်ရှိကြောင်း သိရပြီး ကချင်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ ခွင့်ပြုချက်ရပြီးသော မြေလွတ်၊ မြေရိုင်းတွင် ဧက ၄၉၆၀၊ ခွင့်ပြုချက် မရသေးသော မြေလွတ်မြေရိုင်းတွင် ၆၁၆၇ ဧက၊ ပုံစံ (၇) ရပြီး မြေတွင် ၃၁၆၇ ဧက၊ ပုံစံ (၇) မရရှိသေးသည့်မြေတွင် ၉၃၄၈ ဧက၊ သစ်တောမြေတွင် ၄၂၀၅ ဧက ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent