နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုသည့်စာသားများ၊ အသက်အန္တရာယ် ခြိမ်းခြောက်သည့်စာများ တင်သည်ဟုဆိုသည့် Aungpyae Phyo အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုသည့်စာသားများ၊ အသက်အန္တရာယ် ခြိမ်းခြောက်သည့်စာများ တင်သည်ဟုဆိုသည့် Aungpyae Phyo အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
Published 18 August 2018

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုသည့်စာသားများ၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့် စကားရပ်များကို အွန်လိုင်းပေါ်တင်ခဲ့သည့်ဆိုသည့် Aungpyae Phyo အကောင့်ပိုင်ရှင်အား လှည်းကူးမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ် မ ၆၆(ဃ) ဖြင့်အမှုဖွင့်ထားကြောင်း သြဂုတ် ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

လှည်းကူးမြို့နယ် သာသနရိပ်သာရပ်ကွက်တွင်နေထိုင်သော ယာဉ်မောင်းအလုပ်ကိုလုပ်ကိုင်သည့် ကိုကျော်စွာမြင့် (၄၆ နှစ်)က တရားလိုအဖြစ် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ရဲရဲတောက်ငမိုက်သား အကောင့်ဖြင့် Facebook သုံးစွဲသူတစ်ဦးဖြစ်ကြောင်း၊ သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီခန့်က ၎င်းအသုံးပြုသည့် Facebook စာမျက်နှာအား ဖွင့်ကြည့်ခဲ့ရာ စာမျက်နှာပေါ်၌ Aungpyae Phyo အကောင့်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် စကားရပ်များ၊ ဆဲဆိုထားသည့် ပို့စ်များတင်ထားသည်ကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။

ထိုသို့မြင်တွေ့ခဲ့ရသဖြင့် အဆိုပါပို့စ်များတင်နေသည့် Aungpyae Phyo အကောင့်ပိုင်ရှင်အား အမှုဖွင့်မည့်သူကို စောင့်ဆိုင်းခဲ့ကြောင်း၊ ထိုသို့ စောင့်ဆိုင်းခဲ့သော်လည်း မည်သူမျှအမှုဖွင့်တိုင်တန်းခြင်း မရှိသဖြင့် ကိုကျော်စွာမြင့်က ၎င်းနှင့်ခင်မင်သူများဖြစ်သည့် လှည်းကူးမြို့နယ်နေ အမျိုးသားတစ်ဦး၊ တောင်ဥက္ကလာပမြို့နယ်နေ အမျိုးသားတစ်ဦး၊ မရမ်းကုန်းမြို့နယ်နေ အမျိုးသားတစ်ဦးတို့နှင့် တိုင်ပင်ပြီး Aungpyae Phyo အကောင့်ပိုင်ရှင်အား အမှုဖွင့်ခဲ့ခြင်းကြောင်း သိရသည်။

“အကောင့်ပိုင်ရှင်ကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ လိုက်လံချိတ်ဆက်ဖမ်းဆီးတုန်းပါ” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သြဂုတ် ၁၇ ရက်တွင် ပြောကြားသည်။

ထို့နောက် Aungpyae Phyo အကောင့်ပိုင်ရှင်အား စုံစမ်းရာ အဆိုပါအကောင့်ပိုင်ရှင်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် နေထိုင်သည့် အောင်ပြည့်ဖြိုး (၃၀ နှစ်) ဆိုသူဖြစ်ကြောင်း သိရှိခဲ့ရပြီး ၎င်းကို လှည်းကူးမြို့မရဲစခန်းမှ (ပ)၉၁၁ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အများပြည်သူက တောင်းဆိုမှုကြောင့် ပုဒ်မ ၆၆ (ဃ) အား ပြန်လည်ပြင်ဆင်ခဲ့ပြီး အဆိုပါ ပုဒ်မဖြင့် အမှုဖွင့်မည်ဆိုပါက ဆဲဆိုခံရသူ ကိုယ်တိုင်( သို့မဟုတ်) ၎င်း၏ကိုယ်စားလှယ်လွှဲစာပါရှိမှသာ အမှုဖွင့်မှသာ တရားစွဲဆိုအရေးယူနိုင်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူပြီးနောက်ပိုင်းတွင် ၎င်းအား ဝေဖန်သည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားမှု အနည်းဆုံး ၁၀ မှုအထိ ရှိခဲ့ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့) ၏ စာရင်းများအရ သိရသည်။

ထို့ပြင် ယခင်အစိုးရလက်ထက်ကဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှု ၁၁ မှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ဥပဒေမပြင်ဆင်ရသေးမီ တရားစွဲဆိုခံရသည့် အမှုအရေ အတွက် ၉၀ နှင့် ဥပဒေ ပြင်ဆင်ပြီးနောက်ပိုင်း တရားစွဲဆိုမှု ၄၃ မှု အထိရှိကြောင်း အသံအဖွဲ့၏ ထုတ်ပြန်တွင် ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။

 

Most Read

Most Recent