ကိုရီးယားသို့ ရာသီချိန်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခွင့်ရမည်ဟုဆိုကာ ငွေကြေးသိန်းထောင်ချီ လိမ်လည်မှုဖြစ်ပွား

ကိုရီးယားသို့ ရာသီချိန်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခွင့်ရမည်ဟုဆိုကာ ငွေကြေးသိန်းထောင်ချီ လိမ်လည်မှုဖြစ်ပွား
Published 17 May 2024

ကိုရီးယားသို့ ရာသီချိန်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခွင့်ရမည်ဟုဆိုကာ ငွေကြေးသိန်းထောင်ချီ လိမ်လည်မှုဖြစ်ပွားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းမှ သိရသည်။

ကိုရီးယားသို့ ရာသီချိန်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ရမည်ဟုဆိုကာ ဝန်ဆောင်ခများယူဆောင်ကာ ငွေကြေးလိမ်လည်မှုများဖြစ်ပွားနေခြင်းဖြစ်သည်။

“အခုအဲ့ဒီကိစ္စတွေ တော်တော်ဖြစ်နေတယ်။ ကျွန်တော်တို့ တရားဝင်အေဂျင်စီတွေတောင်မှ ရာသီချိန်လုပ်သားပို့နိုင်ဖို့ ကြိုးစားနေရတုန်းပဲ ရှိသေးတယ်။ ဘယ်သူမှ ရာသီချိန်လုပ်သားဆိုပြီး ပို့လို့မရသေးပါဘူး။ အခုငွေလိမ်ခံရတဲ့ သတင်းတွေလည်း တော်တော်ကြားနေရတယ်” ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအသင်းမှ အတွင်းရေးမှူး ဦးမြတ်သူက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံပိုင်သတင်းစာများတွင် ဒေါ်ချောစုလှိုင်ဆိုသူက ကိုရီးယားရာသီချိန်လုပ်သားပို့ဆောင်ပေးမည်၊ ခုနစ်ရက်အတွင်း အမြန်ပို့ဆောင်ပေးမည်ဟုဆိုကာ သင်တန်းကျောင်းများရှိ သင်တန်းသားများထံမှ ငွေကြေးများရယူခဲ့သည်ဟု Myint Mo Academy Group ၏ ကြေညာချက်အရ သိရသည်။

ဒေါ်ချောစုလှိုင်က သင်တန်းသားများထံမှ တစ်ဦးလျှင် ကျပ် ၃၂ သိန်းဖြင့်လည်းကောင်း၊ တစ်ဦးလျှင် ၂၇ သိန်းငါးသောင်းဖြင့်လည်းကောင်း ငွေကြေးများကို စာချုပ်ချုပ်ဆို ရယူခဲ့ကြောင်း၊ စုစုပေါင်းသင်တန်းသား ၁၂၆ ဦးထံမှ ငွေကြေးများရယူခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဒေါ်ချောစုလှိုင်မှာ စာချုပ်ချုပ်ဆိုထားသည့်အတိုင်း သင်တန်းသား ၁၂၆ ဦးကို ပြည်ပသို့ ပို့ဆောင်ပေးနိုင်ခြင်းမရှိသဖြင့် ရယူထားသည့်ငွေကြေးများကို ကြော်ငြာပါသည့်နေ့မှစပြီး ခုနစ်ရက်အတွင်း ငွေကြေးများ ပြန်လည်ရှင်းပေးရန်နှင့် ရှင်းလင်းပေးခြင်းမရှိပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း Myint Mo Academy Group ၏ ကြေညာချက်အရ သိရသည်။

ကိုရီးယားသို့ ရာသီချိန်လုပ်သားပို့ဆောင်ပေးမည်ဟုဆိုကာ လိမ်လည်ခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း၊ နှစ်နိုင်ငံအစိုးရအနေဖြင့် အလုပ်သမားများ ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နေဆဲသာရှိကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအသင်းမှ အတွင်းရေးမှူးဦးမြတ်သူက ပြောကြားသည်။

“အခုက ပို့ခွင့်ရအောင်လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ဘယ်သူမှ သွားလို့မရသေးပါဘူး။ ဒီအချိန်မှာ ရာသီချိန်လုပ်သားအနေနဲ့ သွားရမယ်ဆိုရင် ယုံကြည်လို့မရပါဘူး” ဟု ဦးမြတ်သူက ပြောကြားသည်။

၂၀၂၄ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူမည် ့နိုင်ငံများမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ၊ ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံ ပါဝင်သေးခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုရီးယားနှင့် မြန်မာအစိုးရ နှစ်နိုင်ငံသဘောတူညီမှုဖြင့် EPS စနစ်ဖြင့် လုပ်သားများ ပို့ဆောင်ပေးနေခြင်းသာရှိသေးပြီး အဆိုပါ EPS စနစ်ဖြင့်သွားရောက်လုပ်ကိုင်နိုင်ရန် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရကြောင်း သိရသည်။

ယခုနှစ်တွင် ပြုလုပ်မည့် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) အတွက် စာမေးပွဲဖောင်တင်သူ စုစုပေါင်း ၇၄၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆကျော် များပြားကြောင်း သိရသည်။

ကိုရီးယားသို့ အလုပ်သွားရောက်လုပ်ကိုင်ရာတွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုတည်းကသာ EPS စနစ်ဖြင့် အလုပ်သမားများကို ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent