မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် မန္တလေးဘက်သို့ဆင်းသည့် ကားစီးရေ အဆမတန် များပြားခဲ့ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့

မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် မန္တလေးဘက်သို့ဆင်းသည့် ကားစီးရေ အဆမတန် များပြားခဲ့ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့
Published 8 August 2024

ပြင်ဦးလွင်- မန္တလေး အဆင်းလမ်းတွင် သြဂုတ် ၈ ရက်က  မန္တလေးဘက်သို့ ဆင်းသည့်ကားစီရေ အဆမတန် များပြားခဲ့ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့သည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေး-ပြင်ဦးလွင် ကားလမ်း ၁၆ မိုင်စစ်ဆေးရေးဂိတ်ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့သည်အထိ အဆင်းယာဉ်များပြားခဲ့ခြင်းမှာ ပြင်ဦးလွင်မြို့တွင် လတ်တလောထွက်ပေါ်ပျံ့နှံ့နေသည့် သတင်းများနှင့် အခြေအနေများအရ တိမ်းရှောင်ထွက်ခွာကြခြင်းကြောင့်ဖြစ်ပြီး ကားစီရေ ရာနှင့်ချီ ရှိသည်ဟု ယင်းလမ်းပိုင်းအနီး နေထိုင်သူများထံမှ စုံစမ်းသိရှိရသည် ။

"အိမ်စီးကားလေးတွေက  သုံးစီးတန်း၊  လေးစီးတန်းနဲ့ အဆင်းလမ်းတစ်လျှောက်လုံး ပြည့်နေတာ။ ၁၆ မိုင်ဂိတ်မှာ ဘာလို့ ယာဉ်ကြောတွေ ပိတ်တာလဲဆိုတော့ အဲဒီလို ရာနဲ့ချီနေတဲ့  အဆင်းကားတွေကို စစ်တဲ့အဖွဲ့က ၅ ဖွဲ့လောက် ရှိတယ်တဲ့။ ကားတွေကို ဘယ်ကလာတာလဲ၊ ဘယ်သွားမှာလဲ မေးမြန်းပြီး မှတ်ပုံတင် စစ်တယ်။ တစ်စီး တစ်စီးကို ငါးမိနစ်လောက်ကြာတယ်။ ဒါကြောင့် ကားတွေ ပိတ်ကုန်တာ " ဟု သွားလာခဲ့သူတစ်ဦးက ပြောကြားသည်။

တပ်မတော် သင်တန်းကျောင်းများ တည်ရှိသည့် ပြင်ဦးလွင်မြို့နှင့်ပတ်သက်သည့် ကောလဟလ သတင်းများအပေါ် မြို့ခံများအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိသော်လည်း ယခုရက်ပိုင်း မြို့ပေါ်အခြေအနေမှာ ည ၈ နာရီခန့်အထိ အသွားအလာမပျက် ရှိနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။

" သတင်းတွေကတော့ မျိုးစုံကြားနေရတာ။ ဘယ်သူမှ အတိအကျ မပြောနိုင်တော့ တချို့က စိုးရိမ်ပြီး မန္တလေးဘက်ဆင်းကုန်ကြတာ။ အဲဒီလို ဆင်းကြတဲ့သူ အများစုက ဒီမှာ အစဉ်အဆက်နေလာတဲ့ မြို့ခံတွေ မဟုတ်ဘူး။ ဒီမှာက ခုနောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ ရှမ်းမြောက်ထဲက ဒေသတွေကနေ နေရပ်စွန့်ခွာလာကြတဲ့ စစ်ရှောင်တွေ အများကြီးရှိတာလေ။မြို့ခံတွေကတော့  ဆီထုတ်ရဖို့ တန်းစီနေကြတာ နည်းတဲ့လူတွေ မဟုတ်ဘူး။ စိုးရိမ်မှုတော့ ရှိတာပေါ့။ ဒါပေမယ့် မလုပ်မဖြစ် ထိုင်နေလို့ မရတော့  အသွားအလာမပျက် သွားလာလုပ်ကိုင်နေကြတာပဲ " ဟု ပြင်ဦးလွင် မြို့ခံတစ်ဦးက ပြောကြားသည် ။

"ခုရက်ပိုင်း ကလေးတွေကို ကျောင်းမပို့တော့တဲ့ မိဘတွေ ရှိတယ် ။ ကျောင်းတွေကတော့ ဘာထုတ်ပြန်ချက်မှ မရှိသေးဘူး။ အခု ဆယ်ရက်နေ့ဆိုပြီး အသံဗလန်တွေတော့ ကြားနေရတာပေါ့ ။ ဘာမှ အတပ်မသိနိုင်ပေမယ့် အခြေအနေက နီးကပ်လာတဲ့ သဘောပဲ။ ရှောင်ဖို့ တိမ်းဖို့ကတော့ မပြောတတ်သေးပါဘူး "  ဟု ပြင်ဦးလွင် ပဒေသာမြို့သစ်ရပ် နေထိုင်သူတစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြင်ဦးလွင်မြို့တွင် လူဦးရေ ၂၅၅,၀၀၀ နေထိုင်ပြီး ယခင်က ဓနုလူမျိုး အများစုနေထိုင်သော်လည်း နောက်ပိုင်းတွင် ဗမာ၊ ရှမ်း၊ တရုတ်အစ ရှိသူများလည်း နေထိုင်သည်။ 

၁၈၈၆ ခုနှစ် တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေ အား အစွဲပြုပြီး မေမြို့ဟု ခေါ်ဆိုခဲ့ရာမှ တပ်မတော်အစိုးရလက်ထက်တွင် ပြင်ဦးလွင်ဟု ခေါ်ဆိုစေခဲ့သည်။

 

Most Read

Most Recent