တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်ရေ တစ်ရှိန်ထိုးမြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများနှင့် ကားလမ်းများပေါ် ရေကျော်လွန်ရောက်ရှိကာ ပိတ်မိနေသူများ နေရာအနှံ့ရှိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလိုအပ်လာ

တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်ရေ တစ်ရှိန်ထိုးမြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများနှင့် ကားလမ်းများပေါ် ရေကျော်လွန်ရောက်ရှိကာ ပိတ်မိနေသူများ နေရာအနှံ့ရှိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလိုအပ်လာ
Published 13 September 2024

တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်ရေ တစ်ရှိန်ထိုးမြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများနှင့် ကားလမ်းများပေါ် ရေကျော်လွန်ရောက်ရှိကာ ပိတ်မိနေသူများ နေရာအနှံ့ရှိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလိုအပ်လာကြောင်း သိရသည်။

တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ စက်တင်ဘာ ၁၃ ရက် နံနက် ၆ နာရီခွဲအချိန် မိုးဇလ၏ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအ ထက် ၇၀၁ စင်တီမီတာ (၃ ပေခန့်ကျော်လွန်)သို့ ရောက်ရှိနေပြီး ထုတ်ပြန်သောအချိန်၏ နောက်ပိုင်းတွင် စစ်တောင်းမြစ်ရေ တစ်ရှိန်ထိုးထပ်မံမြင့်တက်လျက်ရှိကြောင်း တောင်ငူမြို့ခံများထံမှ သိရသည်။

စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက်လာခြင်းကြောင့် နယ်မြေခံလူမှုရေး၊ ပရဟိတအသင်းအဖွဲ့များမှ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ရွှေ့ပြောင်းနေရာချထားရေးလုပ်ငန်းများကို အဖွဲ့များခွဲ၍ ကူညီဆောင်ရွက်ပေးလျက်ရှိနေသော်လည်း ကျေးရွာအတွင်း ပိတ်မိနေသူများ နေရာအနှံ့ရှိနေသောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။

ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တောင်ငူမြို့ခံ ပရဟိတတာဝန်ရှိသူတစ်ဦးက “ဒိုးအင်း၊ လေးအိမ်စု၊ အရှေ့ဆင်ရွာ၊ ကျေးအင်း၊ ထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင်၊ ချောင်းကမ်း၊ ရွာတန်းရှည်၊ ပိတောက်ကုန်း၊ လက်ပံတံခါး၊ သရက်တော၊ ရှမ်းဝတီး၊ ဆင်ရွာလေး၊ နောင်ဘို၊ ကမ်ဘားနီ၊ ပဒဲ၊ ကျွန်းသာယာ၊ အခြေအနေအရမ်းဆိုးနေပါတယ်။ နှစ်ထပ်အိမ်တောင် ရေထိပြီး တစ်ချို့ ခေါင်မိုးပေါ်တက်နေပါပြီ။ လူတစ်ချို့ သစ်ပင်ပေါ်တက်နေရပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေပိတ်မိနေပါတယ်။ တစ်ချို့ရွာတွေက တာတမံကျိုးသွားတာကြောင့် ပိတ်မိနေတာပါ အခြေအနေအရမ်းဆိုးနေပါပြီ ကူညီကယ်ဆယ်ဖို့ ကြိုးစားနေပါတယ်။ တစ်ချို့နေရာသွားကယ်ဖို့တောင် အန္တရာယ်ရှိပါတယ်” ဟု ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ စက်တင်ဘာ ၁၁ ရက်တွင် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက်သို့ စတင်ကျော်လွန်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်တွင် ၇၀၁ စင်တီမီတာအထိ အမြင့်ဆုံးရောက်ရှိလာခဲ့သည်။

လတ်တလောအခြေအနေများအရ မြစ်ရေမှာ တစ်ရှိန်ထိုးမြင့်တက်လျှက် မြို့ပေါ်ရပ်ကွက်၊ ကာလမ်းများပေါ်အထိ မြစ်ရေများကျော်လွန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ လက်ရှိမြစ်ရေအမှတ် ၇၀၁ စင်တီမီတာမှ နောက် ၁ ရက်အတွင်း ၂ ပေခန့်အထိ ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။ ထို့အပြင် စစ်တောင်းမြစ်၏ အောက်ဘက် မဒေါက်မြို့တွင်လည်း စစ်တောင်းမြစ်ရေမှာ ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ကြောင်း မိုးဇလမှခန့်မှန်းချက်ထုတ်ပြန်ထားသည်။

တောင်ငူမြို့ စစ်တောင်းမြစ်အထက်မြစ်ညှာမှ မြစ်ရေများလည်းထပ်မံဝင်ရောက်လာနိုင်သော အခြေအနေရှိသဖြင့် တောင်ငူမြို့၏စစ်တောင်းမြစ်ရေမှာ ထပ်မံမြင်တက်လာနိုင်ကြောင်း သိရသည်။

Most Read

Most Recent