ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်ပေါင်း ၆၄ မြို့နယ်နှင့် ရပ်/ကျေး ၄၆၂ ခုတွင် စက်တင်ဘာ ၁၃ ရက်အထိ စာရင်းများအရ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦး ရှိဟုဆို

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်ပေါင်း ၆၄ မြို့နယ်နှင့် ရပ်/ကျေး ၄၆၂ ခုတွင် စက်တင်ဘာ ၁၃ ရက်အထိ စာရင်းများအရ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦး ရှိဟုဆို
Published 14 September 2024

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်ပေါင်း ၆၄ မြို့နယ်နှင့် ရပ်/ကျေး ၄၆၂ ခုတွင် စက်တင်ဘာ ၁၃ ရက်အထိ စာရင်းများအရ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦး ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၆၄ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၄၆၂ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက် ညပိုင်း အထိရရှိသောစာရင်းများအရ ပြည်သူ ၇၄ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့ပြင် အထက်ပါ ရပ်ကွက်၊ ကျေးရွာများ အတွင်း ရေကြီးရေလျှံခဲ့မှုကြောင့် လမ်းအရှည် ၃၂၆၄၅ ပေ၊ တံတား ၂၄ စင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဆည်/တမံ ၅ ခု၊ ဘုရားစေတီ ၄ ဆူ၊ ထရန်စဖော်မာ ၁၄ လုံး၊ ဓာတ်မီးတိုင် ၄၅၆ တိုင်နှင့် လူနေအိမ် ၆၅၇၅၉ လုံး ရေဝင်နစ်မြုပ်၍ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက်လာမှုနှင့်အတူ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကာ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်းစသည်တို့ ဖြစ်ပွားခဲ့သည်။

ထိုသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိရာ ယနေ့(စက်တင်ဘာ ၁၄ ရက်)တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအသင်း/အဖွဲ့များက လိုအပ်သည့်ညကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံဝေငှပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



ထို့အပြင် ရေများပြန်လည်ကျဆင်းသွားသည့် နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာ များအတွင်း၌ တင်ကျန်ခဲ့သည့် နှုန်းများ၊ သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားပေးခြင်း အပါအဝင် ကူညီကယ်ဆယ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့(စက်တင်ဘာ ၁၄ ရက်)တွင် နေပြည်တော်ကောင်စီနယ်မြေရှိ သိုက်ချောင်းတံတားနှင့် နဝင်းချောင်းတံတားတို့ကို သံဘောင်ဘေလီ အစားထိုးပြုပြင် ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ချဉ်းကပ်လမ်းပျက်စီးသွားသောနေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုပ္ပါးကုန်းတံတား(ဆင်သေချောင်းကူး)အား ယာယီဘေလီတံတား အစားထိုးခြင်းကို ဆောင်ရွက်ခဲ့ရာ ယနေ့(စက်တင်ဘာ ၁၄ ရက်)နေ့လယ်ပိုင်းတွင် ပြီးစီးပြီဖြစ်၍ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။



ထို့ပြင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent