ထိုင်ဝမ်ရေလက်ကြားမှ ဂျာမနီရေတပ်သင်္ဘောများ ဖြတ်သန်းမှုကို တရုတ် ပြစ်တင်ရှုတ်ချ

ထိုင်ဝမ်ရေလက်ကြားမှ ဂျာမနီရေတပ်သင်္ဘောများ ဖြတ်သန်းမှုကို တရုတ် ပြစ်တင်ရှုတ်ချ
Published 14 September 2024

ထိုင်ဝမ်ရေလက်ကြားမှ ဂျာမနီရေတပ်သင်္ဘောနှစ်စင်း ဖြတ်သန်းခဲ့ခြင်းကို တရုတ်စစ်တပ်က စက်တင်ဘာ ၁၄ ရက်တွင် ရှုတ်ချခဲ့ပြီး ယင်းသည် လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို မြင့်တက်စေကာ လွဲမှားသောအချက်ပြမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်များက ထိုသင်္ဘောများကို အသေအချာစောင့်ကြည့်ကာ သတိပေးခဲ့သည်ဟုလည်း တရုတ်စစ်တပ်က ဆိုသည်။

ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းအား ပိုင်ဆိုင်သည်ဟု တရုတ်က ပြောဆိုထားကာ ထိုရေလက်ကြား၏ အချုပ်အခြာအာဏာနှင့် စီရင်ပိုင်ခွင့်ကို မိမိတို့တစ်ဦးတည်းက ကျင့်သုံးလျက်ရှိကြောင်း ပြောကြားထားသည်။ ထိုင်ဝမ်ရေလက်ကြားသည် အဓိကကျသော ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ကာ ကမ္ဘာ့ကုန်သေတ္တာတင်သင်္ဘောများ၏ ထက်ဝက်ခန့် ဖြတ်သန်းလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဒေသကြီး ကွပ်ကဲမှုဌာနချုပ်က ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းနှင့် ထောက်ပို့သင်္ဘောတစ်စင်း အပါအဝင် အဆိုပါ သင်္ဘောနှစ်စင်း၏ ဖြတ်သန်းမှုသည် အများ၏ အာရုံစိုက်ခံရအောင် လုပ်ဆောင်ခြင်းဖြစ်ကာ မိမိတို့၏ ရေတပ်နှင့် လေတပ်က ထိုသင်္ဘောများကို အသေအချာစောင့်ကြည့်၍ သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

"ဂျာမနီရဲ့ အပြုအမူဟာ လုံခြုံရေးဆိုင်ရာ အန္တရာယ်ကို မြင့်တက်စေပြီး လွဲမှားစွာ အချက်ပေးခြင်းဖြစ်ပါတယ်။ တောင်ပိုင်းစစ်ဒေသကြီးက တပ်ဖွဲ့ဝင်တွေဟာ အမြဲတမ်း သတိကြီးကြီးထားပြီး ခြိမ်းခြောက်မှုနဲ့ ရန်စမှုမှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာဖြစ်တယ်" ဟု ၎င်းကွပ်ကဲမှုဌာနချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း သီးခြားကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ဂျာမနီအစိုးရအား ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်အား တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ 

Ref: Reuters 



 

Most Read

Most Recent