ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပြီး အခြားအဆင့်မြင့်ရဲအရာရှိအချို့ နေရာအပြောင်းအလဲဖြစ်ပေါ်

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပြီး အခြားအဆင့်မြင့်ရဲအရာရှိအချို့ နေရာအပြောင်းအလဲဖြစ်ပေါ်
Published 1 August 2018

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲ တပ်ဖွဲ့မှူးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပြီး အခြားအဆင့်မြင့်ရဲအရာရှိအချို့လည်း နေရာအပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဇူလိုင် ၃၁ ရက်တွင် စုံစမ်းသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် ရဲမှူးချုပ်ဝင်းနိုင်နေရာကို ယာယီရဲမှူး ချုပ် မျိုးမင်းထိုက်က လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးက မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှာ ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ အရင်ကမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးက သက်ပြည့်ပင်စင်ယူသွားတဲ့အတွက်။ ပင်စင်ယူသွားတော့ နေရာလစ်လပ်သွားတဲ့အတွက် ပြောင်းလဲတာဝန်ပေးတာပါ ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရဲမှူးချုပ်ဝင်းနိုင်မှာ ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်ပြောင်းရွှေ့လာကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနေရာကို ရဲအရာရှိလေ့ကျင့်ရေး ကျောင်းအုပ်ယာယီရဲမှူးချုပ် မျိုးမင်းထိုက်ကို ပြောင်းလဲတာဝန်ပေးအပ်ခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေး ကျောင်းအုပ်နေရာအားရဲအရာရှိ အတတ်သင်ကျောင်းအုပ်ကြီး ရဲမှူးကြီးလူလူသန်းကို ရဲမှူးချုပ်အဖြစ် ရာထူးတိုးကာ ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း သိရသည်။

ရဲအရာရှိ အတတ်သင်ကျောင်းအုပ်ကြီး နေရာကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့်ကိုပြောင်းလဲတာဝန်ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး နေရာအား ရဲဦးစီးဌာနကြီး မှုခင်းဌာနညွှန်ကြားရေးမှူး ရဲမှူးကြီးရွှေသောင်းက ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

“အပြောင်းအရွှေ့အမိန့်ကတော့ ဒီနေ့ (ဇူလိုင် ၃၁ ရက်)မှာ ထွက်တာ ဖြစ်ပါတယ်။ တခြားအပြောင်းအရွှေ့တော့ မရှိပါဘူး” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဆက်လက်ပြောကြားသည်။

ဇူလိုင်လ ဒုတိယအပတ်အတွင်းကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲချုပ် အောင်ဝင်းဦးအား ရဲဒုတိယဗိုလ်ချုပ်ကြီး ရာထူးကိုလည်းကောင်း၊ ဒုတိယရဲချုပ်နှစ်ဦးဖြစ်သည့် ရဲမှူးချုပ်မျိုးဆွေဝင်းနှင့် ရဲမှူးချုပ် အောင်နိုင်သူတို့အား ရဲဗိုလ်ချုပ်အဖြစ်လည်းကောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရာထူးတိုးပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent