ဆက်လက်ရပ်တည်နိုင်စွမ်း မရှိသဖြင့် လှိုင်သာယာမြို့နယ် အတွင်းရှိ အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံ ၁၄ ရုံ သုံးလအတွင်း ပိတ်သိမ်းခဲ့ဟု သတင်းများထွက်ပေါ်

ဆက်လက်ရပ်တည်နိုင်စွမ်း မရှိသဖြင့် လှိုင်သာယာမြို့နယ် အတွင်းရှိ အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံ ၁၄ ရုံ သုံးလအတွင်း ပိတ်သိမ်းခဲ့ဟု သတင်းများထွက်ပေါ်
Published 22 July 2018

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အတွင်းရှိ စက်မှုဇုန်ကို ဝေဟင်မှ တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ဆက်လက်ရပ်တည်နိုင်စွမ်း မရှိသဖြင့် လှိုင်သာယာမြို့နယ် အတွင်းရှိ အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံ ၁၄ ရုံ သုံးလအတွင်း ပိတ်သိမ်းခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ဆီကို စက်မှုဇုန်ဥက္ကဋ္ဌက ပို့ ထားတာပါ။ စက်ရုံပိတ်သိမ်းတာ ဘာကြောင့် ပိတ်သိမ်းတာလဲဆိုတာ ရှိပါတယ်။ တချို့ဟာတွေက ခေတ်နဲ့မလျော်ညီတော့လို့ ပိတ်သိမ်းရတာမျိုးတွေလည်း ရှိပါတယ်။ ခေတ်နဲ့မလျော်ညီတော့ဘူး။ ပြိုင်ဘက်တွေ ရောက်လာတယ်။ ရပ်တည်နိုင်စွမ်းမရှိလို့ ပိတ်သိမ်းတာတွေ ရှိပါတယ်။ ဘာကြောင့် ပိတ်သိမ်းသလဲ ဆိုတာကို သူတို့က အကြောင်းပြချက် ရှိပါလိမ့်မယ်။ ဒီလိုမျိုး စက်ရုံတွေ ပိတ်သိမ်းတာ ဖြစ်တဲ့အတွက် ရပ်တည်နိုင်စွမ်း မရှိဘူးဆိုတာ အကြောင်းအမျိုးမျိုး ရှိပါတယ်။ အလုပ်သမားတွေက လုပ်ခလစာနည်းလို့ အခြားလုပ်ငန်းခွင်ကို ပြောင်းသွားတာလား။ သူ့အနေနဲ့ ခေတ်မမီတော့တဲ့ အတွက် ပြိုင်ဘက်တွေကို မယှဉ်ပြိုင်နိုင်တော့လို့ လုပ်ငန်းတွေ ပိတ်သိမ်းတာလား။ သူတို့ရဲ့ ထုတ်လုပ်မှုစွမ်းအားကျလို့ လုပ်ငန်းပိတ်သိမ်းတာလားဆိုတဲ့ အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် စက်ရုံပိတ်သိမ်းတဲ့အတွက် ကျွန်မ စိတ်ပူမိတာက အလုပ်သမား ၃၇၀၀ ကျော်လောက် အလုပ်အကိုင် အခွင့်အလမ်းက လျော့နည်းသွားတယ် ဆိုတာက စိုးရိမ်စရာ ဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် အစိုးရအနေဖြင့် သတိပြုမိပါက ဆက်လက် ဆောင်ရွက်ရမည်များကို ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက စောင့်ကြည့်နေကြောင်း၊ နောက်ထပ် တင်ပြလာမည့် ကိစ္စများကိုလည်း စောင့်ကြည့်နေကြောင်း၊ ယခုကိစ္စသည် လွှတ်တော်အတွင်း ဆွေးနွေးရမည့် ကိစ္စတစ်ခုအဖြစ် မြင်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

လက်ရှိ ပိတ်သိမ်းသွားသည့် စက်ရုံများသည် ၂၀၁၈ ခုနှစ် မေ ၇ ရက်မှ ဇူလိုင် ၁၀ ရက်အထိ စက်ရုံ ၁၄ ရုံရှိသည်ဟု သိရပြီး ၎င်းစက်ရုံများသည် မိကျောင်းပီနံအိတ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံ၊ ဝါးဟားဟား ရေခဲမုန့် စက်ရုံ၊ မြတ်ပန်းမွှေး သနပ်ခါးစက်ရုံ၊ ရေခဲတောင် အအေးခန်းစက်ရုံ၊ Cham Zon အထည်ချုပ် စက်ရုံ၊ Success Time ဖိနပ်စက်ရုံ၊ Beauty Place လူသုံးကုန်စက်ရုံ၊ Kuwahara အထည်စစ်စက်ရုံံ၊ TMP ငါးဖမ်းပိုက် စက်ရုံ၊ မြို့မဆင်ဖြူတော် ပဲသန့်စင်စက်ရုံ၊ United Knitting Myanmar Co.,Ltd. ခြေအိတ်စက်ရုံ၊ Popular အထည်ချုပ်စက်ရုံနှင့် North Shore Group အထည်ချုပ်စက်ရုံ တို့ဖြစ်ကြောင်း ထွက်ပေါ်နေသော သတင်းများအရ သိရသည်။

အဆိုပါ မိကျောင်းပီနံအိတ် စက်ရုံတွင် အလုပ်သမား ၉၂ ဦး၊ ပုလဲအထည်ချုပ်စက်ရုံတွင် အလုပ်သမား ၉၆၃ ဦး၊ ဝါးဟားဟား ရေခဲမုန့် စက်ရုံတွင် အလုပ်သမား ၁၇ ဦး၊ မြတ်ပန်းမွှေး သနပ်ခါးစက်ရုံတွင် အလုပ်သမား ၄၉ ဦး၊ ရေခဲတောင် အအေးခန်းစက်ရုံတွင် အလုပ်သမားကိုးဦး၊ Cham Zon အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၃၈၀၊ Success Time ဖိနပ်စက်ရုံတွင် အလုပ်သမား ၃၆၀၊ Beauty Place လူသုံးကုန်စက်ရုံတွင် အလုပ်သမား ၁၈၅ ဦး၊ Kuwahara အထည်စစ်စက်ရုံတွင် အလုပ်သမား ၃၅ ဦး၊ TMP ငါးဖမ်းပိုက်စက်ရုံတွင် အလုပ်သမား ၅၆ ဦး၊ United Knitting Myanmar Co.,Ltd. ခြေအိတ် စက်ရုံတွင် အလုပ်သမား ၄၅၁ ဦး၊ Popular အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၄၅၁ ဦးနှင့် North Shore Group အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၆၈၆ ဦး စုစုပေါင်း ၃၇၃၉ ဦး အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု သိရသည်။

“စက်ရုံတွေ ပိတ်တယ်လို့ကြားတယ်။ ပိတ်ဖို့ရှိတယ်လို့ ကြားတယ်။ အဓိက,ကတော့ ထုတ်လုပ်မှုလုပ်ငန်း အလုပ်ပေါ့။ ထုတ်လုပ်မှုလုပ်တဲ့ အလုပ်ရုံတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံတာလည်း ရှိတယ်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံတာလည်း ရှိတယ်။ ထုတ်လုပ်မှု အပိုင်းမှာပဲ နိုင်ငံနဲ့ ပြည်တွင်း ပူးပေါင်းလို့ဖြစ်စေ၊ ပြင်ပပို့ ထုတ်လုပ်တာရှိတယ်။ ပိတ်သွားတဲ့ ရုံတွေထဲမှာ လေ့လာရသလောက် နိုင်ငံခြားပိုင်တဲ့ လူ ၈၀၀၊ ၉၀၀ လောက်ရှိတဲ့ရုံလည်း ပိတ်တယ်လို့ ကြားတယ်။ ပြည်တွင်းလုပ်ငန်းလေးတွေ ပိတ်တယ်လို့လည်း ကြားတယ်။ နောက်ဆုံး ရေခဲမုန့်ထုတ်တဲ့ ပြည်တွင်း အလုပ်ရုံ ပိတ်တာလည်း ကြားတယ်။ ထိခိုက်မှုက ဒီမှာပဲ ထိခိုက်တယ်လို့ ပြောလို့မရဘူး” ဟု ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

ထို့ပြင် စက်ရုံ၊ အလုပ်ရုံတစ်ခုအား ရင်းနှီးမြှုပ်နှံမှုသည် မလွယ်ကူကြောင်း၊ ရင်းနှီးမြှုပ်နှံရာတွင် ဥပဒေပိုင်းဆိုင်ရာများ၊ အလုပ်သမားရရှိမှုနှင့် အခြေခံအဆောက်အအုံ ပိုင်းများကို လေ့လာရကြောင်း၊ ရင်းနှီးမြှုပ်နှံရာတွင် တာဝန်ယူရသည့် အလုပ်သမားများ၊ ဆက်ဆံရသည့် ပတ်ဝန်းကျင်နှင့် ဈေးကွက် ရရှိလာသည့် အချိန်တွင် လုပ်ငန်းကို ရပ်ဆိုင်းရန် မလွယ်ကူကြောင်း၊ စက်ရုံများ ပိတ်လိုက်ခြင်းသည် ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“နိုင်ငံခြားနဲ့ မြန်မာ ဘာတွေကွာလဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ သူတွေက သူများနိုင်ငံကို လာလုပ်တဲ့အတွက် တွက်ချက်တဲ့အခါမှာ သူတို့ထုတ်တဲ့ ထုတ်ကုန်ရဲ့ဈေးကွက် မခိုင်မာရင် မလာဘူး။ အဲဒါကို သူတို့ အရမ်းတွက်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံသူတွေက တိုင်းပြည်ကလည်း အကူးအပြောင်း တစ်ခုဆိုတော့ အချိန်က တကယ်ယူရမှာ။ ဒီလိုယူတဲ့ကာလမှာ ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့က ဈေးကွက်တစ်ခု ခိုင်ခိုင်မာမာ ရှိတဲ့သူလည်း ရှိတယ်။ မရှိတဲ့သူ ပိုများတယ်။ အထူးသဖြင့် ထုတ်လုပ်မှု အပိုင်းမှာ။ အဲဒီမှာတင်ကို ဟိုဘက်က ခိုင်မာတဲ့ ဈေးကွက်ရှိတယ်။ ဒီဘက်က အခုမှ စ,စမ်းနေရတာရှိတယ်။ သူများကို မှီပြီးတော့ရတဲ့ ဈေးကွက်ရှိတယ်။ လွတ်လပ်မှုမရှိဘူး။ အဲဒါက ကိုယ့်မှာ အားနည်းချက်ဖြစ်တယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့် Public Private Partnership (PPP) ဖြင့် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အစိုးရဘက်မှလည်း ဥပဒေ အထောက်အပံ့များပေးရန် လိုအပ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့လုပ်ငန်း လုပ်ကိုင်ရန် ချေးယူထားသည့် Interest Rate သည် နည်းပါးကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံရန် အတွက် ဘဏ်များမှ ငွေချေးရာတွင် Interest Rate များနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အရင်ထက်စာရင် ချေးငွေတွေ တော်တော်ရနေတယ်လို့ ကြားတယ်။ ဒါပေမဲ့ Interest Rate ကိုကြည့်တဲ့အခါမှာ မနိုင်ဝန် ဖြစ်နေတယ်။ ကိုယ်တိုင်ကလည်း ထုတ်လုပ်မှုမှာ လုပ်နေတဲ့သူဖြစ်တယ်။ ဘဏ်အတိုးနှုန်းဖြစ်တဲ့ တစ်နှစ်မှာ ၁၃ ရာခိုင်နှုန်း ဆိုတဲ့ဟာက မြန်မာနိုင်ငံရဲ့ ကိုယ့်လုပ်ငန်း ကိုယ်ပြောရင်တောင် အမြတ်က တစ်နှစ်မှာ ၁၀ ရာခိုင်နှုန်း ရဖို့မလွယ်ပါဘူး။ နှစ်ရာခိုင်နှုန်းတောင် ရဖို့မလွယ်တာတွေရှိတယ်။ အနုတ်ပြသွားတဲ့ ဟာတွေတောင်ရှိတယ်။ အနုတ်ပြတဲ့ လုပ်ငန်းတွေ အများကြီး ကြားနေတယ်။ အနည်းဆုံးတော့ အလုပ်သမားတွေကို အလုပ်ပေးနိုင်သေးတယ်ဆိုတဲ့ စိတ်နဲ့ လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေ အများကြီး ရှိတယ်။ အဲဒီတော့ မြတ်ဖို့မလွယ်တဲ့ဟာကို Interest Rate ကို ၁၂ ရာခိုင်နှုန်း ၁၃ ရာခိုင်နှုန်း ပေးရတဲ့ အခါကျတော့ လုပ်ငန်းရှင်တွေမှာ ဒီဟာပေးဖို့ အတွက်ကို ဝန်ပိုပိတယ်။ အမှန်ပြောရရင် ဘယ်သူ့ကိုမှ အပြစ်တင်နေတာ မဟုတ်ဘူး။ အမှန်ကို ပြောပြတဲ့ အခြေအနေပဲရှိတယ်။ အစိုးရရဲ့ ထောက်ပံ့မှု အပိုင်းမှာတော့ လုပ်နေကြတာလည်း မြင်တယ်။ လိုအပ်မှုက နှစ်ရှည်လများ လိုအပ်တဲ့ လိုအပ်မှု ဖြစ်နေတာ။ အခုက စက်ရုံပိတ်တာက တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံမှု လာတာက ခက်တယ်။ ပြန်ထွက်ဖို့က ပိုခက်တယ်။ အမြတ်အစွန်း နည်းနည်းနဲ့။ တစ်ခါတလေ အမြတ်အစွန်းတောင်မရှိဘဲ အိတ်စိုက်လုပ်နေတဲ့ လုပ်ငန်းရှင်တွေ ရှိတယ်လို့ ယုံကြည်စွာ ပြောရဲတယ်။ မြတ်ပြီးတော့ အကျိုးအမြတ် မရှိဘဲနဲ့ စက်ရုံပိတ်ပြီးတော့ ပြန်သွားတဲ့ လုပ်ငန်းရှင် မရှိဘူး ဆိုတာကို ယုံကြည်စွာ ပြောရဲတယ်။ ကောင်းနေ မြတ်နေရင် စီးပွားလုပ်ဖို့ လာတဲ့သူက ဘာကြောင့် ပြန်မှာလဲ။ အကြောင်းတစ်ခုခုကြောင့်သာ ပြန်တာဖြစ်တယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ယခုကဲ့သို့ စက်ရုံများ ပိတ်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ပိတ်သိမ်းမည်ဟု သတင်းထွက်ပေါ်နေသည့် စက်ရုံ ၁၄ ရုံအနက် အလုပ်သမား ၃၂၉၁ ဦးကို အလုပ်ခန့်ထားပေးသည့် စက်ရုံခြောက်ရုံကို စုံစမ်းလေ့လာခဲ့ကြောင်း အလုပ်သမားသမဂ္ဂ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်တွင် United Knitting Myanmar Co., ခြေအိတ်စက်ရုံသည် မပိတ်သိမ်းဘဲ လက်ရှိ လည်ပတ်နေဆဲ ဖြစ်ကြောင်း၊ ပိတ်ဖို့အစီအစဉ် ရှိသည်ကိုလည်း မကြားရကြောင်း၊ Popular အထည်ချုပ် စက်ရုံသည် လက်ရှိလည်ပတ်လျက်ရှိကြောင်း၊ Success Time ဖိနပ်စက်ရုံသည် လုပ်ငန်းအပြီး ပိတ်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းခြင်း မဟုတ်ဘဲ စက်ရုံမြေနေရာ ငှားရမ်းမှု စာချုပ်ပြည့်ပြီး ရွှေလင်ဗန်း စက်မှုဇုန် (၅)သို့ ပြောင်းရွှေ့ခြင်းဖြစ်ကာ အလုပ်သမားများကိုလည်း စက်ရုံနေရာသစ်သို့ လိုက်ပါရန် ခွင့်ပြုခဲ့ကြောင်း၊ North Shore  အထည်ချုပ်စက်ရုံသည် လုပ်ငန်းအပြီးပိတ်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းခြင်း မဟုတ်ဘဲ မင်္ဂလာဒုံသို့ စက်ရုံပြောင်းရွှေ့ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ပုလဲ အထည်ချုပ် စက်ရုံသည် စက်ရုံမြေနေရာ ငှားရမ်းမှု အခက်အခဲ ရှိသည့်အတွက် ပိုင်ရှင်တူ စက်ရုံဖြစ်သည့် လှိုင်သာယာ စက်မှုဇုန် (၄) ထဲမှ မြန်မာ အပရယ် အထည်ချုပ်စက်ရုံသို့ ပြောင်းရွှေ့ပြီး အလုပ်သမားများပေါင်းကာ လုပ်ကိုင်လျက်ရှိကြောင်း၊ Cham Zon အထည်ချုပ် စက်ရုံသည် အော်ဒါအရ နည်းသည့်အတွက် လွန်ခဲ့သည့် ခြောက်လခန့်မှစ၍ ပိတ်သွားခြင်း ဖြစ်ကြောင်း ပါရှိသည်။

 

Most Read

Most Recent