ဂက်စ်အိုး ၃၇၀ ကျော် တင်ဆောင်လာသော ၂၂ ဘီး တွဲကားယာဉ်တစ်စီး ရေတာရှည် မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တိမ်းမှောက်မှု ဖြစ်ပွား

ဂက်စ်အိုး ၃၇၀ ကျော် တင်ဆောင်လာသော ၂၂ ဘီး တွဲကားယာဉ်တစ်စီး ရေတာရှည် မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တိမ်းမှောက်မှု ဖြစ်ပွား
Published 29 June 2018

ပုံအညွှန်း - ဂက်စ်အိုးများတင်ဆောင်လာသော ၂၂ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွားနေသည်ကို ဇွန် ၂၉ ရက် နံနက်ပိုင်းက တွေ့ရစဉ်။

ဇွန်လ ၂၉ ရက် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တောင်ဘက်အထွက် ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်တွင် ဂက်စ်အိုး ၃၇၀ ကျော်ခန့် တင်ဆောင်လာသော ၂၂ ဘီး တွဲကားယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး၊ ဂက်စ်အိုးများ မီးလောင် ပေါက်ကွဲမှု မဖြစ်ပွားစေရန် သက်ဆိုင်ရာ နယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

ဂက်စ်အိုးများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ရာတွင် ကူညီဆောင်ရွက်ရသည့် အခြေအနေနှင့်ပတ်သက်ပြီး ရေတာရှည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး အောင်သူက “ကျွန်တော်တို့ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနရော၊ မြို့သစ်နယ်မြေခံမီးသတ်ရောပေါ့နော်၊ ပူးပေါင်းဆောင်ရွက်ပီးတော့မှ ဂက်စ်အိုးတင်လာတဲ့ကားပေါ့ ဖြစ်တဲ့အတိုင်းအတာကို ရပ်မိရပ်ဖတွေရယ် ပေါင်းစပ်ပြီးတော့မှ ကားပေါ်က ဂက်စ်အိုးတွေကို အောက်ကိုချတယ်၊ ပွင့်နေတဲ့ ဂက်စ်အိုးတွေ အကုန်လုံးကိုလည်း Save ဖြစ်အောင်အပြင်ကိုပဲ ဆွဲထုတ်ထားလိုက်တယ်၊ အခု ဂက်စ်အိုးတွေဆွဲထုတ်ပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီမှောက်တဲ့ကားကို မူရင်း အနေအထားအတိုင်း ပြန်ဖြစ်အောင် ကရိန်းရဲ့အကူအညီနဲ့ဆောင်ရွက်နေတယ်၊ အခုလက်ရှိလည်း ကျွန်တော်တို့ အိမ်လည်း မပြန်ရသေးပါဘူး၊ အဲ့ဒီနေရာမှာပဲ ရှိပါသေးတယ်ခင်ဗျ၊ ကျွန်တော်တို့ မီးသတ်ဦးစီးဌာနကတော့ ဒီဂက်စ်အိုးတွေ မပေါက်ကွဲအောင်လို့၁၀ မိနစ်တစ်ကြိမ်ကို မီးသတ်ကားတွေနဲ့ ဒီဂက်စ်အိုးတွေကို ရေနဲ့ဖြန်းပေးနေတယ်ခင်ဗျ” ဟု ဇွန် ၂၉ ရက် နေ့လယ် ၂ နာရီခွဲခန့်ကပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စု၊ တောင်နန်ချွန် ကျေးရွာအနီး၊ ရန်ကုန်-မန္တလေး လမ်းမဟောင်း မိုင်တိုင်အမှတ် ၁၈၈ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြားတွင် လမ်းမတိုင်းတောင်မှ မြောက်သို့ ဂက်စ်ရည်များပါသော ဂက်စ်အိုး ၃၇၀ ကျော်ခန့် တင်ဆောင်လာပြီး၊ ယာဉ်မောင်းမိုးကျော်ဟိန်း မောင်းနှင်လာသော ယာဉ်အမှတ် 2P/--- ၂၂ ဘီးတွဲကား အပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ပဲ လမ်းမပေါ်သို့ လဲကျ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယာဉ်ပေါ်ပါရှိသော ဂက်စ်အိုးများမှာ လမ်းမပေါ်သို့ ပြုတ်ကျမှုဖြစ်ပွား၍ အချို့ဂက်စ်အိုးများမှာ အနည်းငယ် ပွင့်ထွက်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ ရေတာရှည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး အောင်သူ ဦးစီးသောမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ ကေတုမတီမြို့သစ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန် သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ တိမ်းမှောက်နေသော ၂၂ ဘီးယာဉ်အား နေ့လယ်ပိုင်းခန့်တွင် ပြန်လည်ဆွဲတင်နိုင်ခဲ့ပြီး၊ ယာဉ်ပေါ်မှထွက်ကျသော ဂက်စ်အိုးများနှင့် ပွင့်နေသော ဂက်စ်အိုးများအား တာဝန်ရှိသူများက ရွှေ့ပြောင်းနေရာချပြီးနောက် မီးသတ်ယာဉ်သုံးစီးဖြင့် အသင့်စောင့်ဆိုင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ဂက်စ်အိုးများ သယ်ဆောင်ရာတွင်ကူညီဆောင်ရွက်ပေးခဲ့သည့် ရေတာရြှည်မို့နယ်မီးဘေးလုံခြုံရေး ဥက္ကဋ္ဌ ဖြစ်သူ တစ်ဦးမှာ လက်တွင် ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့်နေပြည်တော်ဆေးရုံသို့တင်ပို့ကုသပေးခဲ့ရကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစေရန် ယာဉ်အား မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းမိုးကျော်ဟိန်းအား ရေတာရှည်မြို့မရဲစခန်းမှ ယာဉ်(ပ)၁၉/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent