လက်ရှိအစိုးရလက်ထက် စီးပွားရေးနှင့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ ယခင်အစိုးရလက်ထက်ကထက် အကောင်းဘက်တွင်ရှိနေမှု ကျဆင်းဟု IRI ၏ မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းတွင် ဖော်ပြ

လက်ရှိအစိုးရလက်ထက် စီးပွားရေးနှင့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ ယခင်အစိုးရလက်ထက်ကထက် အကောင်းဘက်တွင်ရှိနေမှု ကျဆင်းဟု IRI ၏ မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းတွင် ဖော်ပြ
Published 23 August 2017

မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းနှင့် ပတ်သက်၍ IRI တွင် သြဂုတ် ၂၂ ရက်က ရှင်းလင်းနေသည်ကို တွေ့ရစဉ်

လက်ရှိအစိုးရလက်ထက် စီးပွားရေးနှင့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ ယခင်အစိုးရလက်ထက်ကထက် အကောင်းဘက်တွင်ရှိနေမှု ကျဆင်းနေကြောင်း အမေရိကန်အခြေစိုက် International Republican Institute (IRI) က သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းတွင် ယခင်အစိုးရလက်ထက် ကောက်ခံခဲ့သည့် စစ်တမ်းနှင့်နှိုင်းယှဉ်ဖော်ပြမှုအရ သိရသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် ပထမအကြိမ် စစ်တမ်းကောက်ခံခဲ့ပြီးနောက် ယခုကောက်ခံခဲ့သည့် စစ်တမ်းသည် အစိုးရသစ်၏ အုပ်ချုပ်မှုအပေါ် ပြည်သူများတစ်နှစ်ခန့် ကြုံတွေ့ခဲ့ပြီးဖြစ်သည့် အခြေအနေအတွက် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါစစ်တမ်းအတွက် မြန်မာနိုင်ငံရှိ မြို့ပြများနှင့် ကျေးလက်အနှံ့အပြားသို့ သွားရောက်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းရှိ မြန်မာ့လူဦးရေအပေါ်အခြေခံ၍ လူဦးရေ ၃၀၀၀ အပေါ် စစ်တမ်းကောက်ခံခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သည့် အခြေအနေဖြစ်အောင် ကောက်ခံခဲ့ကြောင်း အဆိုပါစစ်တမ်းကောက်ခံခဲ့သည့် အဖွဲ့အစည်းတစ်ခုတွင် ပါဝင်သော Global Strategic Partners မှ Rob Varsalone ကပြောကြားသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီတွင် ကောက်ခံခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ အကောင်းဘက်တွင် ရှိနေသည်ဟု ဖြေဆိုသူမှာ ၈၈ ရာခိုင်နှုန်းအထိရှိနေပြီး လက်ရှိအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ အကောင်းဘက်တွင်ရှိနေသည်ဟု ယူဆသူမှာ ၇၅ ရာခိုင်နှုန်းသာရှိနေသည်ဟု ဖြေဆိုခဲ့သဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် အကောင်းမြင်မှု ကျဆင်းသွားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အဆိုးဘက်သို့ ရောက်ရှိနေသည်ဟု ထင်မြင်ယူဆသူမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ခြောက်ရာခိုင်နှုန်းသာရှိခဲ့ရာမှ လက်ရှိအစိုးရလက်ထက်တွင် ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

“ယေဘုယျကြည့်မယ်ဆိုရင် ဖြေဆိုသူတော်တော်များများက မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ဟာ အကောင်းဘက်ကို ဦးတည်နေတယ်လို့ ပြောကြတာများပါတယ်။ ဒါပေမဲ့ ၂၀၁၄ တုန်းကကောက်ခံခဲ့တဲ့ လူထုစစ်တမ်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အကောင်းမြင်မှု ကျဆင်းသွားတာ တွေ့ရပါတယ်။ ဒီလိုဘာ့ကြောင့် ကျဆင်းတာလဲဆိုရင် ကျွန်တော်တို့၏စစ်တမ်းအရ စီးပွားရေးအခြေအနေနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ကျဆင်းသွားတယ်ဆိုတာ တွေ့ရပါတယ်” ဟု Rob Varsalone ကဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ အကောင်းမြင်သည့်ဘက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေဆိုသူ ၂၂၄၉ ဦးရှိပြီး အဆိုပါဖြေဆိုမှုများတွင် လမ်းများတံတားများ ဖောက်လုပ်ပေးခြင်းအတွက် ရာခိုင်နှုန်း ၄၀ က အကောင်းမြင်ခဲ့ပြီး စီးပွားရေးတိုးတက်ကာ အလုပ်အကိုင်များ ရရှိလာသည်ဟု ယူဆသူ ၁၈ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးအခြေအနေ တိုးတက်လာပြီး လူမျိုးရေးပဋိပက္ခ နည်းပါးလာသည်ဟု ထင်မြင်သူ ၁၀ ရာခိုင်နှုန်း၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုစံနှုန်းအပေါ် အကောင်းမြင်ခဲ့သူ ခြောက်ရာခိုင်နှုန်း၊ လူမှုရေးဝန်ဆောင်မှုများအပေါ် ခြောက်ရာခိုင်နှုန်းနှင့် အစိုးရသစ်ကြောင့်ဟု ထင်မြင်ယူဆသူ ငါးရာခိုင်နှုန်းအထိရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်အပေါ် မဖြေသူမသိသူမှာ ကိုးရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အဆိုးဘက်သို့ ဦးတည်နေသည်ဟု ထင်မြင်သူ ၄၉၃ ဦးအထိမဲပေးခဲ့ပြီး စီးပွားရေးကဏ္ဍများဖြစ်သည့် စီးပွားရေးအခြေအနေ မကောင်းမွန်မှု၊ ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ သီးနှံဈေးများ ကျဆင်းလာမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာမှုနှင့် အခြားအချက်အလက်များကြောင့် အဆိုးဘက်သို့ ဦးတည်နေသည်ဟု ယူဆသူ ၅၃ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကြောင့် အဆိုးဘက်သို့ ဦးတည်နေသည်ဟု ရာခိုင်နှုန်း ၂၀ ကထင်မြင်ခဲ့ပြီး ပြစ်မှုများပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လုံခြုံရေးအားနည်းလာခြင်းစသည့် တရားဥပဒေစိုးမိုးရေး ကျဆင်းနေသည်ဟု ထင်မြင်ကာ အဆိုးဘက်သို့ ဦးတည်နေသည်ဟု ယူဆသူ ၁၄ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရသည်။

“အကောင်းဘက်ကို ရောက်နေတယ်လို့ ပြောတဲ့သူတွေက အခြေခံအဆောက်အအုံကြောင့် ပြောတဲ့သူတွေများပြီးတော့ အဆိုးဘက်ကိုသွားတယ်လို့ ပြောတဲ့သူတွေကို ဘာကြောင့်ဆိုးတယ်ပြောလဲလို့ ကျွန်တော်တို့က ထပ်ဆင့်မေးတဲ့အခါကျတော့ ၅၃ ရာခိုင်နှုန်းက စီးပွားရေးအခြေအနေ အဆိုးရွားဆုံးလို့ ပြောခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဆိုးဘက်ကို ဦးတည်နေတယ်လို့ မြင်တဲ့သူတွေရဲ့ အဓိကအချက်က စီးပွားရေးနဲ့ ပဋိပက္ခအပေါ် စိုးရိမ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ လက်ရှိအခြေအနေဟာ အကောင်းဘက်ကို သွားနေသလား၊ အဆိုးဘက်ကို ဦးတည်နေသလားဆိုတာကို မေးတဲ့အချိန်မှာ လူတွေရဲ့ယေဘုယျအခြေအနေကို မှန်းလို့ရပါတယ်” ဟု Rob Varsalone ကပြောကြားသည်။

ထို့ပြင် လက်ရှိမြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ လွန်စွာကောင်းသည်ဟု ထင်မြင်သူ ၁၉ ရာခိုင်နှုန်း၊ သာမန်လောက်ကောင်းသည်ဟု ယူဆသူ ရာခိုင်နှုန်း ၅၀၊ ဆိုးရွားနေသည်ဟု ယူဆသူ ၁၉ ရာခိုင်နှုန်း၊ လွန်စွာဆိုးရွားနေသည်ဟု ထင်မြင်သူ ခုနစ်ရာခိုင်နှုန်းနှင့် မဖြေလိုသူနှင့် မသိပါဟုဖြေဆိုခဲ့သူ ငါးရာခိုင်နှုန်းအထိရှိနေကြောင်း စစ်တမ်းတွင်ဖော်ပြမှုအရ သိရသည်။

“မြန်မာ့လုံခြုံရေး အခြေအနေကို ဖြေဆိုတဲ့အခါမှာ အများစုက ကောင်းတယ်လို့ ဖြေဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ကောင်းတယ်လို့ဖြေတဲ့ ရာခိုင်နှုန်း ၅၀ က အရမ်းကြီးကောင်းတယ်လို့ ဖြေဆိုတာမျိုးမဟုတ်ဘဲ သာမန်လေးပဲ ကောင်းတယ်လို့ဆိုလိုတဲ့ သဘောဖြစ်ပါတယ်။ သိပ်မသေချာတဲ့ သဘောလည်းဆန်ပါတယ်” ဟု Rob Varsalone က ဆက်လက်ပြောကြားသည်။

Most Read

Most Recent