၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ CMP လက်ခစားစနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅၈ ဘီလျံရရှိခဲ့ပြီး အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ CMP လက်ခစားစနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅၈ ဘီလျံရရှိခဲ့ပြီး အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်
Published 22 April 2018

ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ CMP လက်ခစား စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅၈ ဘီလျံအထိ ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်များတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ အထည်ချုပ် အော်ဒါများ မှာယူမှုတွင် ယခင်က ဂျပန်နိုင်ငံမှ အော်ဒါမှာယူမှု အများဆုံးဖြစ်သော်လည်း နောက်ပိုင်းတွင် အီးယူမှလည်း အော်ဒါမှာယူမှု မြင့်တက်လာကာ ဂျပန်နှင့် အီးယူမှာ အော်ဒါမှာယူမှု အများဆုံးဖြစ်သည်။

“အထည်ချုပ်အော်ဒါနဲ့ ပတ်သက်ရင် အီးယူနဲ့ ဂျပန်က တက်နေတယ်။ အီးယူကို အမှာတက်လာတယ်။ ဂျပန်ကတော့ နဂိုကတည်းက အမှာများတာပါ” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းအထိ CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈၄ သန်းနှင့် ဒုတိယနေရာတွင် ရှိနေပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၅၂၅ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်ခန့်ကမူ မြန်မာနိုင်ငံ၏ CMP အထည်ချုပ်လုပ်ငန်းများမှ ပြည်ပတင်ပို့မှု အခြေအနေမှာ ဂျပန်နိုင်ငံဈေးကွက်သို့ ၃၃ ရာခိုင်နှုန်း၊ အီးယူဈေးကွက် အထူးသဖြင့် ဂျာမနီနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ အမေရိကဈေးကွက်သို့ ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် တရုတ်ဈေးကွက်သို့လည်း ၂ ဒသမ ၄ ရာခိုင်နှုန်းခန့် တင်ပို့နေခြင်း ဖြစ်ခဲ့သည်။

ယခုနှစ်အတွင်း ပို့ကုန်အများဆုံး တင်ပို့နိုင်သည့်ပို့ကုန်မှာ သဘာဝဓာတ်ငွေ့ဖြစ်ကြောင်း၊ သို့သော် ပို့ကုန်ကဏ္ဍတွင် သစ်တောထွက်ပစ္စည်း တင်ပို့မှုမှလွဲ၍ ကျန်ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

“အဲဒီမှာ အဓိက လယ်ယာထွက်ကုန်မှာ ပို့ကုန်က မနှစ်ကထက် ပိုများတယ်။ တိရစ္ဆာန်ထွက်ပစ္စည်း မနှစ်ကထက် ပိုများတယ်။ ရေထွက်ပစ္စည်း မနှစ်ကထက် ပိုများတယ်။ သတ္တုတွင်းထွက်ပစ္စည်း မနှစ်ကထက်ပိုများတယ်။ သစ်တောထွက်ပစ္စည်းက မနှစ်ကထက် ၃၅ သန်း လောက် နည်းသွားတယ်။ သစ်တောထွက်ပစ္စည်းကတော့ မူလကတည်းက တမင်ကို လျှော့နေတာပေါ့နော်။ စက်မှုကုန်ချောပစ္စည်း ပိုများလာတယ်။ တခြားပစ္စည်းတွေလည်း ရှိတယ်။ စုစုပေါင်း ၁၄ ဒသမ ၆၇၅ ဆိုတာ ပို့ကုန်ရဲ့သမိုင်းတစ်လျှောက်မှာရော ကုန်သွယ်မှု သမိုင်းတစ်လျှောက်မှာရော အများဆုံးပဲ။ ကုန်သွယ်မှု သမိုင်းတစ်လျှောက်လုံးမှာ ၃၃ ဒသမ ၃၂၃ ဘီလျံရတယ်ပေါ့။ မနှစ်ကထက် လေးဘီလျံလောက် ပိုများတယ်။ မနှစ်ကရတာက ၂၉ ဒသမ ၂၀၉ ဘီလျံ။ အဲဒီတော့ မနှစ်က ရတာကလည်း ပြီးခဲ့တဲ့နှစ်အထိ သမိုင်းတစ်လျှောက်မှာ အများဆုံးပဲ။ ဒီနှစ်မှာ ပို့ကုန်ရော သွင်းကုန်ရောမှာ သမိုင်းတစ်လျှောက် အများဆုံးပါပဲ” ဟု ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိက တင်ပို့နေသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင် ရာသီဥတု၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ သွင်းအားစု ကုန်ကျစရိတ်မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့် ရရှိရန် လိုအပ်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်မားခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်မှု နည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအားအပေါ် တည်မှီနေရခြင်း၊ ခေတ်မီစိုက်ပျိုးရေး နည်းစနစ် များ၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှုစနစ်များ လိုအပ်နေခြင်း စသည့် အချက်များမှာ လက်ရှိလယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချရာတွင် ရင်ဆိုင်နေရသည့် အခက်အခဲများဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent