ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် ဆက်လက် နေထိုင်နေသည့် ဘင်္ဂါလီမိသားစု၏ ဒုက္ခကိုလည်း အလေးထားသင့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ဒုတိယအကြီးအကဲ မစ္စအာရ်ဆူလာမြူလာ ပြောကြား

ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် ဆက်လက် နေထိုင်နေသည့် ဘင်္ဂါလီမိသားစု၏ ဒုက္ခကိုလည်း အလေးထားသင့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ဒုတိယအကြီးအကဲ မစ္စအာရ်ဆူလာမြူလာ ပြောကြား
Published 19 April 2018

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအတွင်း ဆက်လက်နေထိုင်နေသည့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်း) မိသားစုများ၏ ဒုက္ခကိုလည်း အလေးထားသင့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ဒုတိယအကြီးအကဲ မစ္စ အာရ်ဆူလာမြူလာ ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂ website တွင် ဧပြီ ၁၇ ရက်တွင် ဖော်ပြချက်အရ သိရှိရသည်။

အာရ်ဆူလာမြူလာသည် ဧပြီ ၂ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်၍ ရခိုင်ပြည်နယ် အပါအဝင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ဒေသများမှ ဒုက္ခသည်များအား သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ အာရုံစူးစိုက်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့မှ ဒုက္ခသည်စခန်းများကဲ့သို့ နေရာများကိုသာ ရောက်ရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်နေဆဲဖြစ်သော ဘင်္ဂါလီ (မွတ်စလင်များဟု သုံးနှုန်း) ဦးရေ လေးသိန်းနီးပါး၏ အခက်အခဲများလည်း မမေ့သင့်ကြောင်း အာရ်ဆူလာမြူလာက မြန်မာနိုင်ငံ ခရီးစဉ်အပြီး နယူးယောက်မြို့တွင် ခရီးစဉ်၏ ရလဒ်များနှင့် တွေ့ရှိချက်များအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားသည်။

မစ္စအာရ် ဆူလာမြူလာက ဘင်္ဂါလီများသည် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့် မရှိသောကြောင့် လုပ်ကိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြား အခြေခံလိုအပ်ချက်များ ရရှိရန် အခက်အခဲများ တွေ့ရှိနေကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နေပြည်တော်တွင် တွေ့ဆုံချိန်တွင် လူသားချင်းစာနာမှု အရေးကိစ္စများအား အခြေခံပြီး အကြမ်းဖက်မှုပပျောက်ရေး၊ ငြိမ်းချမ်းသာယာမှု တည်ဆောက်ရေးနှင့် ပြန်လည် သင့်မြတ်ရေးရရှိရေး လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂမှ ထောက်ပံ့ရေး အစီအစဉ်များအားလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent