ထိုင်းနိုင်ငံရှိ One Stop Service နှင့် သက်ဆိုင်ရာ အလုပ်အကိုင်ဌာနများတွင် မှတ်ပုံတင်ထားသူများကို ဇွန်လကုန်မတိုင်မီ နိုင်ငံသားစိစစ်ခြင်း၊ ဗီဇာသက်တမ်းပေးခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ခွင့်ပြုမည်

ထိုင်းနိုင်ငံရှိ One Stop Service နှင့် သက်ဆိုင်ရာ အလုပ်အကိုင်ဌာနများတွင် မှတ်ပုံတင်ထားသူများကို ဇွန်လကုန်မတိုင်မီ နိုင်ငံသားစိစစ်ခြင်း၊ ဗီဇာသက်တမ်းပေးခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ခွင့်ပြုမည်
Published 12 April 2018

ထိုင်းနိုင်ငံရှိ One Stop Service နှင့် သက်ဆိုင်ရာ အလုပ်အကိုင်ဌာနများတွင် မှတ်ပုံတင်ထား၍ စာရင်းဝင်ထားသူများကို ဇွန်လကုန်မတိုင်မီ နိုင်ငံသားစိစစ်ခြင်း၊ ဗီဇာသက်တမ်းပေးခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ခွင့်ပေးမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် One Stop Service (OSS) နှင့် သက်ဆိုင်ရာ အလုပ်အကိုင်ဌာနများတွင် မတ် ၃၁ရက် မ တိုင်မီလူကိုယ်တိုင်လည်းကောင်း၊ အွန်လိုင်းမှလည်းကောင်း မှတ်ပုံတင်ထား၍ စာရင်းဝင်ထားသူ အလုပ်သမားများကို ထိုင်းအစိုးရက သတ်မှတ်ကာလဖြစ်သည့် ဇွန်၃၀ ရက်မတိုင် မီ နိုင်ငံသားစိစစ်ခြင်း၊ ဗီဇာသက်တမ်းပေးခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ခြင်းတို့ကို ပြုလုပ်ခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါဝင်သည်။

ယင်းအပြင် ကျန်ရှိနေသည့် စာရင်းမဝင်သေးသူအလုပ်သမားများ ဆောင်ရွက်ခွင့်  မရှိတော့သဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင် ရောက်လိုလျှင် MoU စနစ်ဖြင့်သာ ပြန်လည်ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး နေထိုင်ခွင့်ဗီဇာသက်တမ်းကျန်ရှိ နေသေးသူ အလုပ်သမားများအနေဖြင့် နီးစပ်ရာစခန်းများတွင် CI စာအုပ်သို့မဟုတ် သာမန်နိုင်ငံကူးလက်မှတ်တို့ကို လျှောက်ထားထုတ်ယူ၍ မိမိတို့နေထိုင်ရာမြို့နယ်များရှိ လဝကနှင့် အလုပ်အကိုင်ဌာနတို့တွင် နေထိုင်ခွင့်ဗီဇာသက်တမ်း နှစ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်တို့ကို ဇွန် ၃၀ ရက်မတိုင်မီ ပြုလုပ်နိုင်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

ထိုင်းနိုင်ငံ OSS စခန်းများတွင် သတ်မှတ်ကာလအတွင်း လာရောက်မှတ်ပုံတင်ထားပြီး CI စာအုပ်ထုတ်ယူရန် ကျန်ရှိနေသေးသူ အလုပ်သမားများအတွက် မြန်မာနှင့် ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းပါဝင်၍ မြန်မာနိုင်ငံသား အများစုလာရောက်ရန် မလွယ်ကူသည့် နေရာများတွင် Mobile Team ပုံစံဖြင့် ယာယီ (One Stop Service ) စခန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်မည့် နေ့ရက်နှင့် နေရာတို့ကို အလုပ်သမားသံအရာရှိရုံးက ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါဝင်သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် CI စာအုပ်ထုတ်ယူခြင်း၊ ဗီဇာသက်တမ်းတိုးခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ခြင်း စသည့်လုပ်ငန်းစဉ်များကို ဇွန် ၃၀ ရက်မတိုင်မီ အပြီးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း အထောက်အထား ကိုင်ဆောင်ထားသည့် အလုပ်သမားများ၏ သားသမီးများဖြစ်သည့် အသက် ၁၈ နှစ်အောက် မှီခိုကလေးများအားလုံးသည် မိဘများနည်းတူ အထောက်အထားရှိရန် လိုအပ်သဖြင့် မိဘများ အထောက်အထား ပြုလုပ်စဉ်ကာလ၌ မှီခိုသူသားသမီးများအတွက်ပါ တစ်ပါတည်းလုပ်ဆောင်ထားရန် ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးက ကြေညာထားသည်။

Most Read

Most Recent