၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဆန်အပါအဝင် ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဆန်အပါအဝင် ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့
Published 12 April 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဆန်အပါအဝင် ပို့ကုန် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၃၂၉ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ် စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ခြောက်သန်းအထိ လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျာထားချက်ထက် အမေရိကန်ဒေါ်လာ ကိုးသန်းကျော်အထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တင်ပို့ကုန်များတွင် လယ်ယာထွက် ကုန်ပို့ကုန်မှ အမေရိကန်ဒေါ်လာကိုးသန်းကျော်၊ ရေထွက်ကုန်ပို့ကုန်တန်ဖိုး သုံးသန်းကျော်နှင့် သစ်တောထွက်ကုန်၊ စက်မှုကုန်ချောတို့ ပါဝင်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် မတ်လအတွင်း ပို့ကုန်တစ်ခုတည်း အမေရိကန်ဒေါ်လာ သိန်း ၂၀ ကျော် ဖိုးတင်ပို့ခဲ့ကြောင်း၊ ဖေဖော်ဝါရီလအတွင်းကလည်း ပို့ကုန်တစ်ခုတည်း အမေရိကန် ဒေါ်လာ သိန်း ၂၀ ကျော်နှင့် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၁၉ သိန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း၊လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဆန်တစ်ရက်ကို စက်လှေငါးစင်းခန့် တင်ပို့နေရကြောင်း၊ ယခင်နှစ်ကထက် ပို့ကုန်နှစ်ဆခန့်အထိ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ပို့ကုန်တစ်ခုတည်း တင်ပို့နေခြင်းဖြစ်ပြီး ဆန်တင်ပို့မှုပမာဏ တိုးတက်လာသဖြင့် ဇန်နဝါရီလမှစတင်ကာ ကုန်သွယ်မှုပမာဏ တိုးတက်လာခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီလကုန်အထိ မောင်တောနယ် စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၂ သန်း ကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

သြဂုတ် ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ်ကြောင့် တစ်လကျော်ကြာ ကုန်သွယ်မှုရပ်နားခဲ့သည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၄ ရက်မှစကာ ပြန်လည်ကုန်သွယ်မှု ပြုနေခြင်းဖြစ်ကြောင်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် လက်ရှိတွင် ဆန်၊ ရေထွက်ကုန်ပစ္စည်းနှင့် ကုန်မျိုးစုံကို တင်ပို့လျက်ရှိသော်လည်း သွင်းကုန်ဆောင်ရွက်မှုမရှိသေးကြောင်း၊၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ငါးသန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာ တစ်သန်း စုစုပေါင်းသွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ခြောက်သန်း လျာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent