ဘုရားဖူးများ ဝေဖန်မှုမြင့်တက်နေသည့် မန်းရွှေစက်တော်ပွဲတော်အဝင်ဝမှ မော်တော်ယာဉ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံနေမှုကို ဖယ်ရှားရန် တိုင်းအစိုးရအဖွဲ့ စာထုတ်

ဘုရားဖူးများ ဝေဖန်မှုမြင့်တက်နေသည့် မန်းရွှေစက်တော်ပွဲတော်အဝင်ဝမှ မော်တော်ယာဉ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံနေမှုကို ဖယ်ရှားရန် တိုင်းအစိုးရအဖွဲ့ စာထုတ်
Published 15 March 2018

ရွှေစက်တော်သို့ လာရောက်သည့် ဘုရားဖူးယာဉ်များအား တွေ့ရစဉ်

မြန်မာနိုင်ငံအနှံ့မှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများနှင့် ဒေသခံများ ဝေဖန်မှုမြင့်တက်နေသည့် မန်းရွှေစက်တော်ပွဲတော် အဝင်ဝမှ မော်တော်ယာဉ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံနေမှုကို ဖယ်ရှားရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက လက်မှတ်ထိုးထားသည့်စာဖြင့် မတ် ၁၂ ရက်က ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ပွဲတော် အဝင်ဝတွင် နှစ်စဉ်ပွဲတော်ဝင်ကြေးအဖြစ် ကောက်ခံခဲ့ရာ ဘုရားပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ဝေဖန်မှုများရှိခဲ့သောကြောင့် လက်ရှိအစိုးရတက်လာပြီးနောက် ယခင်နှစ်ကအထိ ပွဲတော်ဝင်ကြေးကောက်ခံမှုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယခုနှစ်ပွဲတော်မကျင်းပမီက မန်းရွှေစက်တော် ပွဲတော်ကွင်းအတွင်း မော်တော်ယာဉ်များ လုံးဝထားခွင့်မပြုဘဲ သက်ဆိုင်ရာ ယာဉ်ရပ်နားကွင်းများတွင်သာ ထားရှိစေရန်စီစဉ်ခဲ့ကြောင်း၊ ထို့နောက် ယာဉ်ရပ်နားကွင်း နှစ်ခုသတ်မှတ်၍ ထိုကွင်းများအတွင်း ထားရှိမည့်ယာဉ်များကို ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံရန်စီစဉ်ခဲ့ကြောင်း၊ ထို့နောက် ပွဲတော်တွင်းသို့ ဝင်ရောက်သည့်ယာဉ်များကို တစ်စီးလျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် ကောက်ခံခဲ့ကြောင်း သိရသည်။

ပွဲတော်စတင်ကျင်းပချိန်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူးအချို့က မော်တော်ယာဉ်များကို သတ်မှတ်ထားသည့် ယာဉ်ရပ်နားကွင်းများတွင် မထားလိုကြသောကြောင့် ပွဲတော်အဝင်ဝမှ မော်တော်ယာဉ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံရန် ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ကောက်ခံမှုသည် ဘုရားဖူးရန် လာရောက်သည့် ပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပြီး ဘာသာရေးပွဲတော်တစ်ခုအနေဖြင့် မဖြစ်သင့်ဟု ဝေဖန်မှုများထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“မူလတုန်းကတော့ တဲကျောင်းတွေမှာလည်း ကားတွေထားခွင့်မပြုဘူး။ ကားကွင်းတွေမှာပဲ ထားရမယ်လို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် တဲကျောင်းတွေကလည်း သူတို့ဆီလာတဲ့ကားတွေကို ကားကွင်းတွေဆီမပို့တော့ ကားထိန်းသိမ်းခ ကောက်ခံရေး လေလံရသူက ဂေါပကအဖွဲ့ဥက္ကဋ္ဌနဲ့အတူ တိုင်းအစိုးရဆီက တင်ပြခဲ့ပါတယ်။ အဲဒီမှာကားကွင်းအဝင်ဝကနေ မောင်းထောင်မလုပ်ဘဲ ကောက်ပါဆို ခွင့်ပြုခဲ့ပါတယ်။ အဲဒါက ဘုရားဖူးပြည်သူတွေက ပွဲတော်အဝင်ဝကနေ ဝင်ကြေးကောက်ပါတယ် ဆိုတာမျိုးတွေ ဝေဖန်လာကြတာပါ။ အရင်နှစ်တွေက မောင်းထောင်တွေ အကုန်ဖြုတ်ခဲ့တော့ အခုနှစ်မှာ ပြန်ကောက်ပါတယ်ဆို ဝေဖန်ကြတာပါ။ ကျွန်တော်တို့က ပွဲတော်ထဲမှာ ကားတွေကျပ်ညပ်မနေဖို့ စီစဉ်ခဲ့တာပါ” ဟု ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်းက ဆိုသည်။

ရွှေစက်တော်ပွဲတော်တွင်း လုပ်ငန်းရှင် ဦးအေးကိုက “ဒီလိုပွဲတော်အဝင်ဝက ကောက်ခံနေမှုကို ရပ်ခိုင်းလိုက်တယ်ဆိုတော့ ဘုရားဖူးပြည်သူတွေအတွက် ကောင်းတဲ့အခွင့်အရေးပါ။ ကျွန်တော်တို့ကတော့ ပွဲတော်တွင်း လုပ်ငန်းလုပ်သူတွေဆိုတော့ အဲဒီကြေးကိုပေးခဲ့ရတာလည်းမရှိပါဘူး။ ဒီလိုဝန်ဆောင်ကြေးတွေ မပေးရဘူးဆိုတော့ ဘုရားပွဲတော်ကြီး ပိုမိုစည်ကားဖို့လည်း ဖြစ်လာမှာပါ” ဟုဆိုသည်။

အဆိုပါ ယာဉ်ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံရေး လေလံရရှိထားသူ ဦးဇော်မင်းအောင်က “ကျွန်တော်တို့ လေလံလိုက်တုန်းက ကားတစ်စီးကိုကျပ် ၃၀၀၀ နှုန်းနဲ့ ပွဲတော်ကွင်းထဲက ကားတွေအကုန်လုံးကို ကောက်ခွင့်ရှိတယ်လို့ ဂေါပကအဖွဲ့က ပြောလို့လိုက်ခဲ့တာပါ။ ပွဲတော်အဝင်ဝကနေ ကောက်ဖို့ကိုလည်း ဝန်ကြီးခြောက်ပါးနဲ့ ကက်ဘိနက်အစည်းအဝေးထိုင်ပြီး ဒေါက်တာခင်မောင်အေးက ဝန်ကြီးချုပ်ကိုယ်စား ခွင့်ပြုပြီးလို့ တရားဝင်ကောက်ခဲ့တာပါ။ အခုအပြစ်မရှိဘဲနဲ့ ကျွန်တော်တို့လုပ်ငန်းကို ပိတ်တယ်” ဟုဆိုသည်။

သူကဆက်လက်၍ “ကျွန်တော်တို့ ကပွဲတော်ကွင်းထဲကို ဝင်တဲ့ကားတိုင်းကို ကောက်ခွင့်မရှိလို့ ၅၀ ရာခိုင်နှုန်းတောင် အပြည့်မရပါဘူး။ လေလံအောင်ခဲ့တဲ့ဈေးနဲ့ ပန်းဈေးတွေပေါင်းရင် ကျပ်သိန်း ၃၀၀ လောက် ကုန်ကျခဲ့ပါတယ်။ ဝန်ထမ်းအယောက် ၆၀ အတွက် စရိတ်နဲ့ဆို ကျပ်သိန်း ၆၀၀ လောက်ရှိပါတယ်။ သူတို့က ညှိနှိုင်းပေးမယ်တော့ ပြောပါတယ်။ ဥပမာ တဲကျောင်းခတွေလို ပိုကောက်တာရှိလို့ အပိတ်ခံရရင်လည်းတစ်မျိုးပါ။ ကျွန်တော်က ပုံမှန်ဈေးအတိုင်းကောက်တာကို အခုက ဒေါက်တာခင်မောင်အေးကိုယ်တိုင် လက်မှတ်ထိုးခွင့်ပြုထားတာကို အပိတ်ခံလိုက်ရတာပါ” ဟုဆိုသည်။

ဒေါက်တာခင်မောင်အေးက လက်မှတ်ထိုး၍ ဂေါပကအဖွဲ့ထံအကြောင်းကြားခဲ့သည့်စာတွင် အဆိုပါဂိတ်ကို အမြန်ဆုံးဖယ်ရှား၍ နစ်နာမှုရှိကြောင်း တင်ပြလာပါက ကောက်ခံသည့်နေ့မှ ဖယ်ရှားခဲ့သည့်နေ့အထိ ကောက်ခံရရှိမှုနှင့် သုံးစွဲကုန်ကျမှုများအား စိစစ်ပြီး ဖြေရှင်းဆောင်ရွက်ပေးရန်ဟု ပါရှိခဲ့ကြောင်း သိရသည်။ ရွှေစက်တော်ပွဲတော်သို့ နေ့စဉ်ကားအစီးရေ ရာဂဏန်းအဝင်အထွက်ရှိပြီး တပေါင်းလပြည့်ရက်ဝန်းကျင် အစိုးရရုံးပိတ်ရက်လေးရက်ဆက်ခဲ့စဉ်က ပွဲတော်အဝင် သုံးမိုင်လမ်းတစ်လျှောက် နှစ်ရက်ဆက် တိုက်ကားများ ပြည့်ပိတ်သည်အထိ စည်ကားခဲ့ကြောင်း သိရသည်။

Most Read

Most Recent