ဘင်္ဂါလီ၂၁ ဦး ခိုးဝင်ဖြတ်ကျော်လာခြင်းနှင့်ပတ်သက်ပြီး ရေနံ့သာစစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးချက်ကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့ထံ တင်ပြ

ဘင်္ဂါလီ၂၁ ဦး ခိုးဝင်ဖြတ်ကျော်လာခြင်းနှင့်ပတ်သက်ပြီး ရေနံ့သာစစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးချက်ကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့ထံ တင်ပြ
Published 22 February 2018

ဘင်္ဂါလီ ၂၁ ဦး ခိုးဝင်ဖြတ်ကျော်လာသည့် ရေနံ့သာစစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးချက်ကို ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၌ ဘင်္ဂါလီ ၂၁ ဦး ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းတို့ဖြတ်ကျော်ဝင်ရောက်လာသည့် ရခိုင်ဘက်ဧရာဝတီတိုင်း ဝင်ပေါက်လုံခြုံရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်များကို တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“တိုင်းရုံးကို တင်ထားပါတယ်။ ခရိုင်မှာဖြစ်လိမ့်မယ်။ စစ်ပြီးတော့ တင်ထားပြီးပြီ” ဟု ရေကြည်မြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြုဖြေကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရေနံ့သာစစ်ဆေးရေးဂိတ်မှ ရဲအရာရှိနှစ်ဦးနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်ကိုးဦးကို ရေကြည်မြို့မ ရဲစခန်းမှူးဦးဆောင်သည့်အဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“အမှုတွဲက အကုန်တက်သွားပြီ။ ရဲစည်းကမ်းအရ အရေးယူသင့်ပါတယ်လို့ ဒါပဲရေးပေးလိုက်တယ်။ စစ်ဆေးတွေ့ရှိချက်က ရှင်းနေတာလေ။ သူ့ဂိတ်က ဖြတ်သွားတယ်။ အဲဒါကို ပေါ့ပေါ့ဆဆဖြစ်တယ် ဒါပဲ။ လူကြီးတွေဆက်လုပ်လိမ့်မယ်။ ကျွန်တော်တို့ကတော့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ သက်သေခံအကျဉ်းချုပ်ရေး မှတ်ယူတာပေါ့။ သက်သေခံအကျဉ်းချုပ် ရေးမှတ်ယူပြီး အမှုတွဲတင်ပြလိုက်တာပေါ့” ဟု ရေကြည်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်နိုင်က ဖြေကြားသည်။

အဆိုပါဖြစ်စဉ်မှ ဘင်္ဂါလီ ၂၁ ဦးကို ဖေဖော်ဝါရီ ၃ ရက်က ညောင်တုန်းမြို့နယ်၊ အသင်းစုကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-ပုသိမ် ကားလမ်းမိုင်တိုင်အမှတ် ၂၉/၅ နှင့် ၂၉/၆ ကြားရပ်တန့်ထားသည့် Foton ကုန်တင်ယာဉ်ကို ဆားမလောက်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းတစ်ဦး၊ ယာဉ်ပေါ်ပါသူတစ်ဦးနှင့် ဘင်္ဂါလီများအား ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent