၁၂၄၀ ပြည့်နှစ် မန္တလေးနန်းတွင်း အရှုပ်တော်ပုံတွင် စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရသည့် မင်းတုန်းမင်းတရားကြီး၏ ဒုတိယမြောက်ဆောင်တော်မိဖုရားကြီး၊ မက္ခရာမင်းသားကြီးနှင့် မင်းသား ၄၀ ကျော်အားရည်စူး၍ ဆုတောင်းအမျှပေးဝေ

၁၂၄၀ ပြည့်နှစ် မန္တလေးနန်းတွင်း အရှုပ်တော်ပုံတွင် စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရသည့် မင်းတုန်းမင်းတရားကြီး၏ ဒုတိယမြောက်ဆောင်တော်မိဖုရားကြီး၊ မက္ခရာမင်းသားကြီးနှင့် မင်းသား ၄၀ ကျော်အားရည်စူး၍ ဆုတောင်းအမျှပေးဝေ
Published 12 February 2018

မင်းတုန်းမင်းတရားကြီး၏ ဒုတိယမြောက်ဆောင်တော်မိဖုရားကြီး၊ မက္ခရာမင်းသားကြီးနှင့် မင်းသား ၄၀ ကျော်အား ရည်စူး၍ ဆုတောင်းအမျှပေးဝေပွဲ ပြုလုပ်စဉ်

ရတနာပုံခေတ် ၁၂၄၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မန္တလေးနန်းတွင်းရေး အရှုပ်တော်ပုံနှင့်ပတ်သက်၍ စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရသည့် မင်းတုန်းမင်းတရားကြီး၏ ဒုတိယမြောက်ဆောင်တော်မိဖုရားကြီး မက္ခရာမင်းသား၊ သုံးဆယ်မင်းသား အစရှိသည့် မင်းသား ၄၀ ကျော်အပါအဝင် စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရသည့် မင်းမျိုး၊ မင်းနွယ်များအား  ဆုတောင်းအမျှပေးဝေမှုကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ ဝေပုလ္လာရာမ မက္ခရာကျောင်းတိုက်တွင် မင်းတုန်းမင်း တရားကြီး၏ အနွယ်တော်များက ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆုတောင်းအမျှပေးဝေမှုကို မင်းတုန်းမင်းတရားကြီး၏ အနွယ်တော်များက စုပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး မင်းတုန်းမင်းတရားကြီး၏ အနွယ်တော်များ၊ စီရင်ဖျောက်ဖျက်ခြင်း ခံခဲ့ရရှာသည့် မိဖုရားနှင့် မင်းသားများ၏ အနွယ်တော်များ၊ သီပေါမင်းတရား၏ အနွယ်တော်များ တက်ရောက်ခဲ့ကြသည်။ ယင်း ဆုတောင်းအမျှပေးဝေပွဲမှာ မိဖုရားနှင့်မင်းသားများ အနွယ်တော်များ စီရင်လုပ်ကြံ ဖျောက်ဖျက်ခြင်းခံခဲ့ရပြီးနောက် သုံးကြိမ်မြောက် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ပြုလုပ်တဲ့ ဆုတောင်းအမျှဝေပွဲက ၁၂၄၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ ဒုတိယမြောက်ဆောင်တော် မိဖုရားကြီးနဲ့ မက္ခရာ  မင်းသားကြီးအပါအဝင် မင်းသား ၄၀ ကျော် တို့အတွက် ဆုတောင်းအမျှပို့သပေးဝေတဲ့ပွဲ ဖြစ်ပါတယ်။ အခုအကြိမ်က သူတို့တွေ စီရင်ဖျောက်ဖျက်ခံရပြီးတဲ့နောက်ပိုင်းမှာ သုံးကြိမ်မြောက် ပြုလုပ်တာဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ပဒေသရာဇာ်ခေတ်စနစ် အတွင်းမှာ ညီအစ်ကိုအချင်းချင်း၊ သားအဖအချင်းချင်း သတ်ခဲ့ကြတာတွေ ဖြစ်ခဲ့ကြတယ်။ တကယ်လည်းဖြစ်ခဲ့ပါတယ်။ ဒါတွေကိုလည်း သမိုင်းသင်ခန်းစာအနေနဲ့ ယူစေချင်တာလည်း ပါတာပေါ့။ ကျွန်တော်ကလည်း  သူတို့ရဲ့သွေးသားဖြစ်နေတာလည်းပါတဲ့အတွက် သူတို့စီရင် ဖျောက်ဖျက်ခံရပြီးတဲ့နောက်ပိုင်းမှာ သူတို့အတွက် ဘယ်သူမှ အခုလို ဆွမ်းကပ်အမျှပေးဝေခဲ့တာ မရှိခဲ့ဘူး။ အခုဟာက သုံးကြိမ်မြောက်ပါ။ အခုပြုလုပ်တဲ့ပွဲဟာ မင်းတုန်းမင်းရဲ့အနွယ်တော်တွေ စုပေါင်းပြီးတော့ ပြုလုပ်ကြတာပါ။ ဟိုရှေးယခင်က အမျိုးတွေဟာ မညီညွတ်ခဲ့ကြဘူး။ အခုအချိန်မှာတော့ အားလုံးစုပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ အနွယ်တော်တွေစုပေါင်းပြီး လုပ်ဆောင်နေကြပါပြီ။ ဒီနေ့ပွဲမှာလည်း သီပေါမင်းတရားရဲ့ အနွယ်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။ နောက်နှစ်တွေမှာလည်း အခုလို ဆုတောင်းအမျှပေးဝေပွဲကို လုပ်ဆောင်သွားမှာပါ” ဟု မက္ခရာ မင်းသားကြီး၏ တီတော်စပ်သူ မက္ခရာသီဟက ပြောကြားသည်။

မန္တလေးနန်းတွင်း ရေးအရှုပ်တော်ပုံတွင် စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရသူများမှာ မင်းတုန်းမင်းတရားကြီး၏ ဒုတိယမြောက် ဆောင်တော်မိဖုရားကြီး၊ မက္ခရာမင်းသား၊ သုံးဆယ်မင်းသား၊ မိုးလှိုင်မင်းသား၊ သာဂရမင်းသား၊ ပင်လယ်မင်းသား၊ ထန်းတပင်မင်းသား၊ ဝန်းသိုမင်းသား၊ ရနောင်မင်းသား၊  မိုင်းတုံမင်းသား၊ ပင်းယမင်းသား၊ ကန္နီမင်းသမီး၊ မဘဲမင်းသမီး၊ ဆင်ရှင်မင်းသမီးအစရှိသည့် မင်းသား၊ မင်းသမီး ၄၀ ကျော်၊ အဆိုပါ မင်းသားများ၏ သားတော်၊ သမီးတော်များ၊ အနွယ်တော်များမှာ ၁၂၄၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၈ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက် ညများတို့တွင် အသီးသီး စီရင်ဖျောက်ဖျက်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရသည့် မင်းသား ၄၀ ကျော်တို့မှာ ထိုသို့ စီရင်ဖျောက်ဖျက်ခြင်း မခံရမီအချိန်တွင် နာမကျန်းဖြစ်နေသည့် မင်းတုန်းမင်းတရားကြီးအား အခစား ဝင်ရောက်ခဲ့ကြသည်။ ထိုသို့ ဘုရင်ထံသို့ အခစားဝင်ရောက်ရာတွင် ဓား၊ လှံ၊ လက်နက် ယူဆောင်ခွင့်မရှိကြောင်း သိရပြီး မင်းတုန်းမင်းတရားကြီးထံသို့ အခစားဝင်ရောက်ပြီး ပြန်ထွက်လာချိန်တွင် မင်းသား ၄၀ ကျော်တို့ကို ဆင်ဖြူမရှင်မိဖုရားနှင့် ကင်းဝန်မင်းကြီး ဦးကောင်းတို့ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးအကျဉ်းချထားခဲ့ပြီးနောက် တပို့တွဲလပြည့်ကျော် ၁၁ ရက် ၁၂ ရက်ညတို့တွင် မင်းသား၊ မင်းသမီးတို့၏ သားတော် သမီးတော်များအပါအဝင် နန်းတွင်းရှိ ကျောက်ဖျာပေါ်တွင် အသီးသီး စီရင်ဖျောက်ဖျက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent