အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ ကုန်သည်များ၊ လွှတ်တော်အမတ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ ကုန်သည်များ၊ လွှတ်တော်အမတ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
Published 31 January 2018

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ ကုန်သည်များ၊ လွှတ်တော်အမတ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ ကုန်သည်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဇန်နဝါရီ ၃၀ ရက်က အစိုးရအစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့တွေ့ဆုံဆွေးနွေးမှုသည် ကုန်သည်များအချင်းချင်း ကုန်သည်မှုကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံကဏ္ဍများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ နှစ်ဖက်တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ကြောင်း၊ တွေ့ဆုံမှုမှရလာသည့် ရလဒ်အဖြေများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ဆိုသည်။

“ကျွန်တော်တို့ဒေသမှာ အိန္ဒိယနဲ့ ကုန်သည်မှုကဏ္ဍပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ကုန်သည်ကြီးများအချင်းချင်း တွေ့ဆုံတယ်။ တွေ့ဆုံပြီးတော့ သူတို့နဲ့ဖြစ်လာတဲ့အကြောင်းအရာတွေကို ကျွန်တော်တို့အစိုးရကနေပြီးတော့ ဘယ်လိုဟာတွေကိုကူညီပေးရမလဲ။ ကျွန်တော်တို့ဒေသမှာ တစ်ဖက်နဲ့တစ်ဖက် ကုန်သွယ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့အောင် ဘာတွေကူညီပေးရမလဲ။ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုရင်လည်း ဘာတွေကူညီပေးရမလဲ။ ဒီပွဲကနေစပြီးတော့ ညှိနှိုင်းတဲ့သဘောပါ။ အိန္ဒိယနဲ့ ကျွန်တော်တို့ရဲ့ကုန်သွယ်မှုအခြေအနေကတော့ ဒီနှစ်က အရင်နှစ်ထက်စာရင်တော့ အိန္ဒိယဘက်ကပဲတွေပေါ့နော်။ ကန့်သတ်လာမှုနဲ့ပတ်သက်ပြီးတော့ အရင်နှစ်ထက်စာရင် နည်းနည်းလေးလျော့နည်းတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်ကတော့ ကုန်သွယ်ရေးပိုငွေပြပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံဘက်မှ အဓိကအလိုချင်ဆုံးသည် မြန်မာနိုင်ငံနှင့် အပြန်အလှန်ခရီးစဉ်များရရှိရေး၊ ကုန်းလမ်းခရီးပွင့်ခြင်း၊ နှစ်နိုင်ငံ သတင်းမီဒီယာသမားအချင်းချင်း ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးလိုကြောင်း၊ ထို့ပြင် မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အစိုးရတို့ကြား တိုက်ရိုက်လေယာဉ်ခရီးစဉ်ပျံသန်းရေး ကိစ္စရပ်များကိုလည်း နှစ်နိုင်ငံအစိုးရတို့ကြား စီစဉ်နေကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟဇော်က ပြောကြားသည်။

“အဓိကလိုချင်တာက သူတို့နဲ့ ကျွန်တော်တို့ခရီးစဉ်တွေရှိဖို့ရယ် သူတို့လိုချင်တာက ကုန်းလမ်းခရီးပွင့်ချင်တာ။ နှစ်နိုင်ငံမီဒီယာသမားအချင်းချင်းလည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်။ သူတို့နိုင်ငံကို ကျွန်တော်တို့နိုင်ငံက သွားလည်ပတ်မယ်ဆိုရင် ရန်ကုန်ကနေ ဗီဇာယူပြီးတော့သွားရတယ်။ နယ်စပ်မှာ ဗီဇာယူပြီး လာလို့မရသေးဘူး။ အဲဒါမျိုးကို မန္တလေးအစိုးရနဲ့ စစ်ကိုင်းအစိုးရတို့ တွေ့ဆုံဆွေးနွေးမယ်။ ပြီးတော့ မန္တလေးနဲ့ မဏိပူရအစိုးရတို့ကြား လေယာဉ်ခရီး တိုက်ရိုက်ပျံသန်းနိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရ စီစဉ်နေကြပါတယ်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟဇော်က ပြောကြားသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ ကုန်သည်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ စစ်ကိုင်းတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်သည့်အချိန်တွင် မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံဘက်သို့ တင်သွင်းရောင်းချနိုင်မည့် ပဲအမျိုးမျိုး၊ လက်မှုယွန်းထည်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆန်များနှင့် အခြေခံလူကုန်သုံးပစ္စည်းအမျိုးမျိုးတို့အား ခင်းကျင်းပြသထားကြောင်း သိရသည်။

Most Read

Most Recent