သြစတြီးယားနိုင်ငံ Unicredit Bank ထံမှ ယူရိုငါးသန်းချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

သြစတြီးယားနိုင်ငံ Unicredit Bank ထံမှ ယူရိုငါးသန်းချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 25 January 2018

ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

သြစတြီးယားနိုင်ငံ Unicredit Bank ထံမှ ယူရိုငါးသန်း ချေးယူရန်နှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီ ၂၄ ရက်တွင် မဲခွဲဆုံးဖြတ်ကာ ထောက်ခံသူများသည့်အတွက် အတည်ပြုခဲ့သည်။

အဆိုပါချေးငွေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ၁၂၅၆ ပေအရှည်ရှိသည့် ကင်းချောင်းတံတား၏ Foundation ပိုင်း၊ Substructure ပိုင်းနှင့် Superstructure ပိုင်းမှာ သံပေါင်များသယ်ယူခြင်း၊ တပ်ဆင်ခြင်း၊ Overlay Slab, Walk Way, Hand Rail များကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ခြောက်လအရအသုံး ခန့်မှန်းခြေ ငွေလုံးငွေရင်းအသုံးစရိတ်တွင် စုစုပေါင်းစီမံကိန်းတန်ဖိုး ကျပ်သန်း ၆၅၀၀ တင်ပြထားကြောင်း၊ တံတားတန်ဖိုး ခန့်မှန်း ကျပ်သန်း ၅၄၀၀ ချဉ်းကပ်လမ်းနှင့် တံတားပေါ်ကတ္တရာခင်းခြင်း တန်ဖိုးခန့်မှန်း ကျပ်သန်း ၁၁၀၀ ဖြစ်ကြောင်း၊ Super Structure ပိုင်းဖြစ်သည့် သံပေါင်ဝယ်ယူခြင်းလုပ်ငန်းကို သြစတြီးယား Unicredit Bank ၏ Soft Loan ချေးငွေ ယူရိုငါးသန်းဖြင့် ဝယ်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းချေးငွေ ယူရိုငါးသန်းသည် ကင်းချောင်းတံတားအပေါ် ထည်သံပေါင်များ Bearing များ Expansion Joint များနှင့် ချဉ်းကပ်လမ်းပေါ်ရှိ မီတာ ၅၀ အရှည် Modular Truss တံတားတစ်စင်းပါဝင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

သြစတြီးယားနည်းပညာဖြင့် တည်ဆောက်မည့် ကင်းချောင်းတံတား၏ သံပေါင်ဈေးနှုန်းမှာ တစ်ပေလျှင် ကျပ် ၅ ဒသမ ၄၅ သန်းရှိကြောင်း၊ ဥရောပနိုင်ငံများမှထုတ်လုပ်သည့် သံပေါင်များသည် သံမဏိအရည်အသွေးပိုမိုကောင်းမွန်ခြင်း၊ တစ်ပေမှာရှိသည့် သံပေါင်အလေးချိန်ပိုများခြင်း၊ ဒီဇိုင်းအရ ပိုမိုကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ ကင်းချောင်းတံတားသည် ပင်လယ်ဝတွင်ရှိသည့်အတွက် ဆားငန်ရည်နှင့် အမြဲထိတွေ့နေသည့် နေရာဖြစ်သည့်အတွက် တာရှည်ခံရန်အတွက် သံမဏိသားနှင့် စံချိန်စံညွှန်းပိုမိုကောင်းမွန်သည့် သုတ်ဆေးကိုအသုံးပြုသည့် ဥရောပနိုင်ငံထုတ် သံပေါင်ကို အသုံးပြုလိုခြင်းဖြစ်ကြောင်း၊ ချေးငွေကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်း စုစုပေါင်း ၃၄ ကြိမ်ဖြင့် ဆိုင်းငံ့ကာလ ရှစ်နှစ်ကြာပြီးနောက် ၁၇ နှစ်အတွင်း ပြန်လည်ပေးဆပ်သွားရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

သြစတြီးယားအစိုးရထံမှ အတိုးမဲ့ချေးငွေ ယူရို ၅ ဒသမ ၀ သန်းချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇန်နဝါရီ ၁၅ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အဆိုပါချေးငွေဖြင့် ရခိုင်ပြည်နယ်၊ ဇင်ချောင်း-ကင်းမြောက်-လေးတောင်လမ်းပေါ်ရှိ ကင်းချောင်းတံတား တည်ဆောက်ရေးစီမံကိန်း တံတားသံပေါင်များ ဝယ်ယူရန်အတွက်ဖြစ်ကြောင်း၊ သြစတြီးယားနိုင်ငံ Unicredit Bank မှ အတိုးမဲ့ချေးငွေ (Soft Loan) ဖြစ်ကြောင်း၊ ကင်းချောင်းတံတားစီမံကိန်းသည် ရခိုင်ပြည်နယ် ဇင်ချောင်း-ကင်းမြောက်-လေးတောင်လမ်းပေါ်တွင်တည်ရှိပြီး ၁၂၅၆ ပေအရှည်ရှိသည့် သံမဏိသံပေါင်တံတား အမျိုးအစားဖြစ်ကြောင်း၊ ယာဉ်တစ်စီးချင်း ၇၅ တန်ခံနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကာလမှာ ခန့်မှန်းနှစ်နှစ်သုံးလဖြစ်ကြောင်း လွှတ်တော်သို့တင်ပြခဲ့သည်။

ကင်းချောင်းတံတား တည်ဆောက်ခြင်းဖြင့် ပင်လယ်ကမ်းခြေနှင့် နီးကပ်နေသဖြင့် ဥရောပနည်းပညာနှင့်ထုတ်လုပ်သော တံတားသံပေါင်များအသုံးပြုခြင်းဖြင့် တံတား၏အရည်အသွေး ပိုမိုကောင်းမွန်နိုင်ပြီး သဘာဝရာသီဥတုဒဏ်ခံနိုင်သော တံတားတစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း၊ တံတားပြီးစီးပါက ရန်ကုန်-ကျောက်ဖြူလမ်းမကြီး၊ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့များသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်းရှိ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းပတ်လည်အား ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ ကုန်ထုတ်လုပ်မှုတိုးတက်လာခြင်းနှင့်အတူ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများကို ရမ်းဗြဲကျွန်းပင်လယ်ကမ်းခြေဒေသများနှင့် မာန်အောင်ကျွန်းအထိ ဆွဲဆောင်ရာတွင် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent