
ရန်ကုန်မြို့တွင်းရှိ လက်ဝတ်ရတနာ ရွှေဆိုင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
သြဂုတ် ၁၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်း ရွှေဈေး ကျပ် ၉၁၃၀၀၀ ခန့်အထိ ရောက်ရှိလာပြီး စံချိန်တင်ဈေးနှုန်းကို ကျော်လွန်ရန် ကျပ် ရာဂဏန်းသာလိုတော့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ဇူလိုင်လဆန်းပိုင်းက ကမ္ဘာ့ရွှေဈေးကျဆင်းခဲ့ခြင်းကြောင့် ဇူလိုင် ၃ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အောက်သို့ရောက်ခဲ့ပြီး ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကျပ် ၈၉၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကာ ဇူလိုင် ၁၂ ရက်တွင် ၈၉၀၀၀၀ အထက်၊ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်၊ သြဂုတ် ၉ ရက်တွင် ၉၁၀၀၀၀ ခန့်၊ သြဂုတ် ၁၀ ရက်တွင် ကျပ် ၉၁၂၈၀၀ အထိ ပြန်ရောက်ခဲ့သည်။
ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်း ရွှေဈေးအနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်သည်။ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံး နှုန်းသည် ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်) ဖြစ်ခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းသည် မေ ၁၆ ရက်မှစပြီး ဇူလိုင် ၂ ရက်အထိ ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၇ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၉၁၃၄၀၀ အထိ စံချိန်တင်ခဲ့ပြီးနောက် ဈေးပြန်ကျခဲ့ရာ ဇွန် ၂၉ ရက်တွင် ကျပ် ၉၀၄၄၀၀ ဇွန် ၃၀ ရက်တွင် ၉၀၀၆၀၀ အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၃ ရက်တွင် မေ ၁၆ ရက် နောက်ပိုင်းပထမဦးဆုံးအကြိမ်အဖြစ် ကျပ် ၉၀၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ထို့နောက် သြဂုတ် ၈ ရက်တွင် ကျပ် ၉၀၈၀၀၀၊ သြဂုတ် ၉ ရက်တွင် ကျပ် ၉၁၀၀၀၀ ခန့်၊ သြဂုတ် ၁၀ ရက်တွင် ကျပ် ၉၁၃၀၀၀ ခန့်အထိ ရောက်ရှိခဲ့ပြီး စံချိန်တင်ဈေးနှုန်းကို လိုက်မီရန် ကျပ် ၆၀၀ ခန့်အလိုကို ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဇွန် ၁ ရက်တွင် ၁၂၆၆ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇွန်လအတွင်း အမြင့်ဆုံးနှုန်းအဖြစ် ဇွန် ၆ ရက်တွင် ၁၂၉၄ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ဇွန်လအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ဇွန် ၂၆ ရက်တွင် ၁၂၄၀ ဒေါ်လာအထိ ဈေးကျဆင်းခဲ့ကာ ဇွန် ၃၀ ရက် တွင် ၁၂၄၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ဇူလိုင်လအတွင်း ဆက်တိုက်အားပျော့ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ၁၂၁၇ ဒေါ်လာ၊ ဇူလိုင် ၇ ရက်တွင် ၁၂၀၅ ဒေါ်လာအထိ ကျဆင်းခဲ့ကာ ဇူလိုင် ၁၀ ရက်နောက်ပိုင်း ဈေးပြန်တက်မှုကြောင့် ဇူလိုင် ၂၄ ရက် တွင် ၁၂၅၇ ဒေါ်လာအထိ ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ၁၂၄၅ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇူလိုင် ၂၇ ရက်တွင် ၁၂၆၄ ဒေါ်လာ၊ ဇူလိုင် ၂၈ ရက် တွင် ၁၂၆၈ ဒေါ်လာ၊ သြဂုတ် ၂ ရက်တွင် ၁၂၇၁ ဒေါ် လာအထိ ပြန်တက်ခဲ့ပြီး သြဂုတ် ၄၊ ၇ ရက်တွင် ၁၂၅၈ ဒေါ်လာဝန်းကျင်၊ သြ ဂုတ် ၈ ရက်တွင် ဒေါ်လာ ၁၂၆၀၊ သြဂုတ် ၉ ရက်တွင် ၁၂၆၈ ဒေါ်လာ၊ သြဂုတ် ၁၀ ရက် တွင် ၁၂၇၉ ဒေါ်လာဝန်းကျင်ရှိခဲ့သည်။















