သဒ္ဓါတရားတွေ မပြတ်စီးဆင်းရာ မြို့ကလေးရဲ့ ပွဲတော်

သဒ္ဓါတရားတွေ မပြတ်စီးဆင်းရာ မြို့ကလေးရဲ့ ပွဲတော်
ဖောင်တော်ဦးဘုရားကျောင်းတော်ဝင်ပွဲကို အောက်တိုဘာ ၂၇ ရက် (လပြည့်ကျော် ၃ ရက်) တွင် ကျင်းပစဉ်
ဖောင်တော်ဦးဘုရားကျောင်းတော်ဝင်ပွဲကို အောက်တိုဘာ ၂၇ ရက် (လပြည့်ကျော် ၃ ရက်) တွင် ကျင်းပစဉ်
Published 28 October 2018
စည်သာ (တောင်ကြီး)

မြန်မာနိုင်ငံမှာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို တစ်မြို့နယ်တိုင်းမှာ ဆယ့်နှစ်လရာသီပွဲတော်တွေ ရှိစမြဲပါပဲ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ အထင်ရှားဆုံးနဲ့ ရက်အရှည်ဆုံး ပွဲတော်တစ်ခုဖြစ်တဲ့ အင်းလေးကန် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲတော်ကြီးကတော့ ရောက်ရှိတဲ့ ဌာနတစ်ခုချင်းစီတိုင်းမှာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။

တကယ့်ကို ရှေးရိုးစဉ်လာ အမွေအနှစ်တွေနဲ့ သမိုင်းကြောင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ညောင်ရွှေမြို့နယ်မှာဆိုရင် ခိုင်မာကောင်းမွန်တဲ့ သမိုင်းအထောက်အထား အမွေအနှစ်တွေ ယခုထက်တိုင် ကျန်ရစ်နေသေးတာပဲ ဖြစ်ပါတယ်။ အထင်ရှားဆုံးနေရာတွေကိုပြမယ်ဆိုရင် ညောင်ရွှေတောင်ပိုင်းက ရွှေအင်းတိန် ရှေးဟောင်းမွေတော် ဘုရားများ၊ သာခေါင်မွေတော်ဘုရားစုများ၊ နန်းပန်အလိုတော်ပေါက်ဘုရား၊ မိုင်းသောက်မှ ရွှေမုဋ္ဌောဘုရားကြီးစတဲ့ ရှေးဟောင်းမွေတော်ဘုရားများဟာ အလောင်းစည်သူမင်း လက်ထက်က တည်ထားကိုးကွယ်ခဲ့တဲ့ ၃၈ ဆူကုန်သော စေတီတော်တွေထဲမှာ အင်းလေးကန်မှာ ၂၁ ဆူ အပါအဝင်လည်း ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ နရပတိစည်သူခေါ် အလောင်းစည်သူမင်းကြီးဟာ စေတီပေါင်း ၃၈ ဆူ တည်ထားပြီး ဖောင်တော်ဦးမှာ ပါလာတဲ့ ရတနာရွှေပန်းတောင်းမှ ဗုဒ္ဓဆင်း တုတော်နဲ့ ဓာတ်တော်တွေ၊ ရတနာတွေကို ဌာပနာတိုက်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုဘုရား စေတီများဟာ ဖောင်တော်ဦးဘုရားများ ဖြစ်ကြပါတယ်။ သမိုင်းပေစာ၊ ကျမ်းစာအရ စေတီပေါင်း ၃၈ ဆူကို ဖော်ပြပါရှိပါတယ်။

 

ထက်သန်တဲ့ စေတနာသဒ္ဓါတရား

အင်းသားတို့ရဲ့ စေတနာသဒ္ဓါတရား ထက်သန်ကြီးများပုံမှာ အခုနှစ် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံရာမှာ စုစုပေါင်း ရွှေစင်ရွှေပြားပေါင်း ရွှေသား ၅၀ ကျပ်သားကျော် ရုပ်ပွားတော်မြတ် လေးဆူကို ကပ်လှူခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးဧည့်သည်များ ကပ်လှူတဲ့ ရွှေဆိုင်းများ ပါဝင်ခြင်းမရှိသေးကြောင်း သိရတယ်။

တကယ့် သက်ရှိမြတ်စွာဘုရားကို လုပ်ကျွေးပြုစုကြတဲ့အတိုင်းပဲ ဒေသခံတွေရဲ့ စေတနာ၊ သဒ္ဓါတရား၊ ဇောအဟုန်တို့ဟာ အင်မတန်မှ အံ့သြစရာ ကောင်းပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း တစ်သဝေမတိမ်း လိုက်နာပြီး မွန်မြတ်လှတဲ့ သဒ္ဓါတရားအခြေခံ အလှူအတန်းရက်ရောမှုကို အင်းသားတွေမှာလည်း ထပ်တူတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ ဒေသကို ဘုရားကြွရောက်မယ့် အရေးကို ဆွဲလှေများကို မီးဆိုင်းများဖြင့် အလှဆင်ပြီး ပျော်ရွှင်နေကြပါပြီ။ တချို့ဆို ညမအိပ်တမ်းကို စောင့်ဆိုင်းပြီးတော့ ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ ဘုရားဆွဲ လှေကြီးများကို လုပ်အားဒါန ပြုကြရာမှာလည်း အားလုံးပျော်ရွှင်စွာနဲ့ တက်ညီလက်ညီ လှော်ခတ်ကြကာ တပျော်တပါး ဘုရားကို မိမိတို့ရွာထံ ပင့်ဆောင်သွားကြတာ ဖြစ်ပါတယ်။

မိုင်းသောက်အင်းကျေးရွာမှာဆိုရင် ဘုရားကြွချီမယ့်ရက်မှမဟုတ်ဘဲ အခြားရက်တွေမှာလည်း မနက်မိုးလင်းချိန် အိမ်ကနေ ဆွမ်းတော်အုပ်လေးနဲ့ စေတီတော်ဘုရားရှိရာကို ဆွမ်းလာကပ်ကြတာ ရွာရဲ့အလေ့အထတစ်ခုလို ဖြစ်နေပါတယ်။

တန်ဖိုးကြီးမားတဲ့ ဆွဲလှေကြီးတွေ

ကျွန်းသစ်နဲ့ပြုလုပ်တဲ့ ဘုရားဆွဲလှေများဟာ လူ ၁၀၀ ကျော် လိုက်ပါစီးနင်းရပြီး ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျစရိတ်ရှိတာကြောင့် ဘုရားဆွဲလှေများကို ရွာတိုင်းမှာ မထားရှိနိုင်ဘူးလို့ ဆိုတယ်။ တချို့မရှိတဲ့ ကျေးရွာတွေဟာ ဘုရားဆွဲလှေရှိတဲ့ ကျေးရွာများထံက လှေအငှားယူရပါတယ်။ ဘုရားလှေခဏငှားပြီး လှော်ခတ်တာလည်း ဖြစ်ပါတယ်။

ရုပ်ရှင်တော်မြတ်များ ပင့်ဆောင်တဲ့ ကရဝိက်ဖောင်တော်ကို မိုင်းဖုန်းဆရာတော်က လှူဒါန်းထားခြင်းဖြစ်တယ်လို့ ဘုရားဂေါ ပကဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောပါတယ်။

 

ဘုရားပင့်ဆောင်ဖို့ စည်တော်တီးတဲ့ဓလေ့

ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ပင့်ဆောင်ရာမှာ အသင့်ထားရှိတဲ့ ဘုရားစည်တော်ကြီးကို ယူဆောင်ပြီး စည်တော်တီးရပါတယ်။ အဲဒီစည်တော်ကို ဒေသစာရီ ကြွချီချိန်မှာသာ တီးခတ်ခြင်းဖြစ်ပါတယ်။

ဘုရားစည်တော် ပေါက်ခဲ့ရင်ပေါက်တဲ့ ကျေးရွာက အသစ်လဲလှယ်ပေးရပြီး ရှေ့ကိုခရီးဆက်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ စည်တော်ကို လဲလှယ်ဖို့ သားရေချပ်ကို အသင့်ယူဆောင် သိုမှီးထားခြင်းလည်း မပြုလုပ်ကောင်းဘူးလို့ ဆိုပါတယ်။ အခုနှစ် ရွာမအရောက်မှာ ဘုရားစည်တော်ပေါက်လို့ အသစ်ပြန်တပ်ဆင်ရတယ်လို့ ဆိုတယ်။

အင်းလေးကန်ရဲ့ တစ်ရွာတစ်ပုဒ်ဆန်း

ရှေးလူကြီးတွေရဲ့ ပြောစကားအရ အင်းလေးကန်မှာ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည် ကြွချီလာချိန်မှာ အင်းလေးကန်အရပ်မှာ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်တာလည်းဖြစ်တယ်။ အလောင်းစည်သူမင်းဟာ စကြာရှင်ဆိုတဲ့အတိုင်း ကြိမ်စကြာနဲ့ ရိုက်လိုက်တိုင်း ရေပြင်ကျယ်ဖြစ်ပြီး ဖောင်တော်ယာဉ်ဖြင့် ခရီးလှည့်လည်တာ ဖြစ်တယ်။ သူသွားလေရာ လှေဦးထိပ်မှာ ကိုးကွယ်ဖို့ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ငါးဆူကို တင်ဆောင်ပြီး တိုင်းခန်းလှည့်လည်ခြင်း ဖြစ်တယ်။

အဲဒီတုန်းက အင်းလယ် အိမ်တော်ရာလို့ခေါ်တဲ့ မိုင်းသောက်နဲ့ သလဲဦးကြားရှိတဲ့ နေရာလောက်မှာ နန်းတော်ကြီးနဲ့ မြို့တည်နန်းစံခဲ့တာ လေးနှစ်ကြာတယ်လို့ ဆိုတယ်။ လေးနှစ်ကြာနေပြီး ပုဂံပြည်ကို ပြန်တော့မယ်ဆိုတော့ စကြဝတေးမင်းက ရုပ်ပွားတော်မြတ်များ ထားရစ်တော်မူဖို့ တောင်းပန်တဲ့အတွက် ရတနာဆင်တော်နဲ့တင်ဆောင်ပြီး ထားရှိမယ့်နေရာကို ရွေးချယ်ခြင်းဖြစ်တယ်။ အဲဒီ အင်းလယ်က အိမ်တော်ရာလို့ ခေါ်တဲ့နေရာမှာ ရေတိမ်ချိန်ရေအောက်ကို ကြည့်လိုက်မယ်ဆိုရင် ဆင်ချည်တိုင်၊ မြင်းချည်တိုင်နဲ့ အိမ်တော်ရာ၊ နန်းတော်ရာများကို မြင်နိုင်သေးတယ်လို့ ဆိုတယ်။ အဲဒီရေအောက်က မြို့တော်ကြီးကို ပြာနဲ့ရေဖြန့်ကြဲလိုက်ပြီးတော့ ရေမြှုပ်လိုက်တာလို့လည်းဆိုပြီး အဲဒီရေအောက်မှာ ဆယ်ယူရရှိတာကတော့ အခုချိန်ထိ ပြာလိုလို နုန်းတွေပဲ ဖြစ်တယ်လို့ ဆိုတယ်။

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲမှ ကျေးရွာတစ်ရွာချင်းစီမှာ ထူးဆန်းတဲ့ ဓလေ့တွေ ရှိနေပါတယ်။ ပထမဆုံး ကြွရောက်တဲ့နေရာက အင်းတိန်ကြေးပေါခုံ ကျောင်းပါ။ ရွှေအင်းတိန်မှာရှိတဲ့ အင်းတိန်ကြေးပေါခုံကျောင်းကို ကြွရောက်ဖို့ ရေပြင်ကျဉ်းလို့ ကရဝိက်ဖောင်တော်အငယ်နဲ့ သယ်ဆောင်ပြီး လမ်းခရီးမှာ ပထမစံကျောင်းတော်၊ ဒုတိယစံကျောင်းတော် (ကျောင်းတော်ရာ) တို့ကိုဖြတ်ပြီး ဖောင်တော်ဦးဘုရား မူလစံကျောင်းတော်ရာ၊ ဝတ္တကဥယျာဉ်တော်မှာ ပန်းအိုးတင်တဲ့ဓလေ့ကို ဆောင်ရွက်ပါတယ်။ ဘုရားလူကြီး အသက်အကြီးဆုံးဖြစ်တဲ့ အဘဘိုးဆောင်က ပန်းအိုးကိုယူဆောင်ပြီး တင်ပေးရပါတယ်။

မိုင်းသောက်အထွက် သလဲဦးကိုကြွချိန် အင်းလယ်အိမ်တော်ရာ အရောက်မှာလည်း ပန်းအိုးချတဲ့ ဓလေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပန်းအိုးချခြင်းကို စည်သာရွာမှာလည်း ပြုလုပ်ပါသေးတယ်။ လင်းကင်းမှ မနက် ၇ နာရီ ထွက်ရှိလာပြီး နန်းသဲရွာအနီး စည်သာရွာရောက်တဲ့အခါ ညောင်ရေပန်းအိုးတစ်လုံး ရေတွင်ချရပါတယ်။ စည်သာရွာဆိုတာ ဖောင်တော်ဦး ဘုရားဒေသစာရီကြွချီရာမှာ စည်သာရွာလို့ ခေါ်တဲ့ရွာကိုအရောက်မှာ ဘုရားစည်တော်က လွန်စွာသာယာသော အသံမြည်ဟည်း နေခဲ့လို့ အဲဒီရွာကို စည်သာရွာလို့ ယနေ့တိုင်ခေါ်တွင်ခြင်း ဖြစ်တယ်။

 

ရာဇဝင်ထဲက မိုင်းသောက်

မိုင်းသောက်ဟာ ထူးခြားတဲ့ ဒေသတစ်ခုလို့လည်း  ပြောလို့ရပါတယ်။ ရေလမ်းကုန်းလမ်း ဆုံစည်းရာဖြစ်ပြီး နှစ်ပေါင်းများစွာကတည်းက မိုင်းသောက်နဲ့ နန်းပန်ဟာတည်ရှိလာခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ တောင်ကြီးအစ မိုင်းသောက်ကလို့လည်း ပြောလို့ရပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေးကန်ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော် ၁၁ ရက် မြောက်နေ့ မိုင်းသောက်ဘုရားကျိန်းကျောင်းမှ သလဲဦးကျောင်းသို့ ကြွချီအပူဇော်ခံရာတွင် အင်းလယ်အိမ်တော်ရာ၌ ပန်းအိုးချတဲ့ ဓလေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လာခဲ့တယ်လို့ မိုင်းသောက်ရွှေမုဋ္ဌောဘုရား အကျိုးတော်ဆောင် ဦးကျော်ညွန့်က ပြောပါတယ်။

မိုင်းသောက်ကျေးရွာဟာ ၁၈၈၄ ခုနှစ်မှာ စတင်မြို့တည်ခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမြို့ကို ၁၈၉၆ ခုနှစ်တွင် စတင်တည်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းသောက် ရွှေမုဋ္ဌောဘုရားဟာ ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပြီး အလောင်းစည်သူမင်းကြီး ရှမ်းပြည်နယ်ဘက်တွင်တည်ခဲ့သော စေတီပုထိုးပေါင်း ၃၆ ဆူရှိရာမှာ အင်းလေးကန်မှာတည်ရှိတဲ့ ၂၁ ဆူထဲမှာ ရွှေမုဋ္ဌောဘုရားလည်း တစ်ဆူအဖြစ်ပါဝင်တဲ့ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ကြောင်း မိုင်းသောက် ရွှေမုဋ္ဌောဘုရားအကျိုးတော်ဆောင် ဦးကျော်ညွန့်က ဆိုပါတယ်။

မိုင်းသောက်ရဲ့ ထူးခြားချက်များမှာ မိုင်းသောက်အင်းကျေးရွာအဝင်မှ ရွာထိပ်အထိ ဘုရားပင့်ဆောင်လာသော ကရဝိက် ဖောင်တော်ဟာ ဆွဲလှေများမဆွဲဘဲ အလိုအလျောက် ကြွချီတော်မူခြင်း၊ ရွှေမုဋ္ဌော ဘုရားဟာ အင်းလေးကန်တွင် ဆွမ်းဦးရွှေမုဋ္ဌောအဖြစ် ထင်ရှားခြင်းတို့ဖြစ်ပြီး မိုင်းသောက် ဘုရားကျိန်းကျောင်းမှာ ညဘက်ဖောင်တော်ဦးဘုရား ရုပ်ပွားတော်လေးဆူကို ကပ်လှူထားတဲ့ ပန်းအိုးကို မနက်ဘက် မိုင်းသောက်ဘုရားကျိန်းကျောင်းမှသလဲ ဦးကျောင်းသို့ ကြွချီရာမှာ အင်းလယ်အိမ်တော်ရာဘုရားအရောက် အဲဒီပန်းအိုးကို ရေအောက်သို့ ပန်းအိုးချသော ဓလေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လာတာ အခုထိတိုင်ဖြစ်ကြောင်း ရွှေမုဌောဘုရား ဂေါပကအဖွဲ့ထံမှ သိရပါတယ်။

“ပန်းအိုးတင်တယ်ဆိုရာ အင်းတိန်ကျောင်းတော်ရာမှာ ဘုရားဂေါပကတွေက ပန်းအိုးသွားတင်ရတယ်။ အဲဒါကို ပန်းအိုးတင်တယ်လို့ခေါ်တယ်။ နောက် မိုင်းသောက်မှာ ပန်းအိုးချတယ်ဆိုတာရှိတယ်။ မိုင်းသောက်ဂေါပကအဖွဲ့က ပန်းအိုးတစ်အိုးပြင် ဆင်ပေးလိုက်ရတယ်။ ပန်းအိုးကို ညဘက်လူခြေတိတ်ချိန် ဘုရားလေးဆူကြားမှာ ထားလိုက်တယ်။ မနက်အစောဆိုရင် ဂေါပကလူကြီးတွေကတွေ့ပြီး သိမ်းထားတယ်။ နောက်အိမ်တော်ရာဘက်မှာ ပန်းအိုးကို ချလိုက်တယ်။ ပန်းက မကျွတ်ဘူး၊ ပန်းအိုးနဲ့ တစ်ဆက်တည်းပဲ။ ရေထဲကို နစ်မြုပ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အခုချိန်အထိ ပန်းအိုးက တစ်လုံးမှ မတွေ့ခဲ့ဘူး။ ပျောက်သွားတယ်။ တွေ့တဲ့သူလည်း တစ်ယောက်မှ မတွေ့ဖူးဘူး။ ဒါလည်း ထူးခြားချက်တစ်ခုပါပဲ” လို့ မိုင်းသောက် ရွှေမုဋ္ဌောဘုရားအကျိုးတော်ဆောင် ဦးကျော်ညွန့်က ပြောပါတယ်။

 

ဆွဲလှေများတဲ့ ကြေးစားကုန်း

အင်းလေးကန်ရဲ့ အလယ်ဗဟိုတည့်တည့်လောက်မှာရှိတဲ့အတွက် ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီရာမှာ ကြေးစားကုန်းဟာ ထင်ရှားတဲ့ ကျေးရွာတစ်ခု ဖြစ်လာပါတယ်။ အင်းလေးကန်တောင်ပိုင်း၊ မြောက်ပိုင်းမှ အကုန်လုံးစုစည်း ရောက်ရှိလာပြီး ဘုရားဆွဲလှေများဖြင့် ကရဝိတ်လှေကို ပင့်ဆောင်ပူဇော်ကြခြင်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တွင် စာရင်းများအရ ကြေးစားကုန်းတွင် ဆွဲလှေပေါင်း ၇၀ ကျော်ဖြင့် ပင့်ဆောင်တယ်လို့သိရပြီး ကြေးစားကုန်းပြီးရင် နောင်တောမှာလည်း ဆွဲလှေများတယ်လို့ ဆိုတယ်။

ကြေးစားကုန်းဟာ ဆွဲလှေများတဲ့အပြင် ကြေးစားကုန်းရွာစံကျောင်းတော်ကြီးတွင် ကျောင်းဆောင်ပလ္လင်နှစ်ခုထားရှိလို့ ဆွဲတော်ကြီးခုံ အင်မတန်နာမည်ကျော်ကြားပါတယ်။ စာပေများအရ ကြေးစားကုန်း စံကျောင်းတော်မှာ ဘုရားမကြွရောက်ခင် အချိန်မှစတင်လို့ ဆွမ်းတော်ကြီးခုံများ ပြင်ဆင်ထားရှိပြီး ဆွမ်းတော်ကြီးခုံ စုစုပေါင်း ၆၄၀ ခုံ ရှိကာ တန်ဖိုးကြီးပစ္စည်းများနဲ့ ဆက်ကပ်လာတာ ရှေးယခင်ကတည်းက အစဉ်အလာဖြစ်တယ်လို့ ဆိုပါတယ်။

 

တစ်ယောက်တည်းသော ဘုရားလူကြီး

အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ စောင့်ရှောက်ဖို့ ဘုရားလူကြီးတစ်ယောက်တည်းသာ ထားရှိရခြင်းဖြစ်ပြီး ဘုရားလူကြီး သက်ရှိထင်ရှားရှိနေသရွေ့ နောက်ထပ်တစ်ယောက်ကို ထားရှိခြင်း မဖြစ်ကောင်းလို့ လက်ရှိဘုရားလူကြီးနာယက အဘဘိုးဆောင်ရဲ့သမီးက ပြောပါတယ်။

သူမ၏ ပြောပြချက်အရ ရှေးယခင် စစ်အစိုးရလက်ထက်က ဘုရားလူကြီး ပြောင်းလဲနိုင်ရန် တိတ်တဆိတ်ကြံစည်ခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်ခဲ့ပြီး ဘုရားလူကြီးအသစ်ထားရှိမယ့်သူကို ရွေးချယ်လိုက်တိုင်း သေဆုံးသွားခြင်း၊ လေဖြတ်သွားခြင်းတို့ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သုံးယောက်မြောက်တွင် ဆက်လက်မကြိုးစားတော့ဘူးလို့ ဆိုပါတယ်။ ထိုဒေသထိုအရပ်မှာ သင်္ကန်းဝါ၀ါတို့ ဆရာဆိုတဲ့ ခံယူချက်နဲ့ ဦးစီးနာယက၊ ပဓာနဆရာတော်များ၏ လမ်းညွှန်မှုအောက်တွင် ဒေသခံများ တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

အဘဘိုးဆောင်ဟာ အသက် ၅၅ နှစ် မှစတင်၍ ဘုရားဥက္ကဋ္ဌနဲ့ ဂေါပကလူကြီး ရာထူးနှစ်ခုကို တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ၊ အခု အသက် ၉၁ နှစ် အရွယ်ရောက်ချိန်အထိ ဘုရားလူကြီးတာဝန် ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်။ ထူးခြားချက်မှာ ဘုရားကြွ ချီချိန်ရောက်တိုင်း အဘဘိုးဆောင်ရဲ့ ကျန်းမာရေးဟာ နတ်များကူညီတဲ့အတိုင်း ထူထောင်လာကာ ကောင်းမွန်လာခြင်းဖြစ်ပါတယ်။ အခုလက်ရှိ ဖောင်တော်ဦးဘုရား စံကျောင်းတော်အနီးရှိ နမ့်ဟူးရွာမှာ နေထိုင်ပါတယ်။

 

မြန်မာပြည်ရဲ့ ဗဟိုချက်မ

ဖောင်တော်ဦးဘုရားလူကြီး အဘဘိုးဆောင်ရဲ့ ပြောပြချက်အရ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များဟာ အလယ်ဗဟိုချက်မ (သို့မဟုတ်) အညှာလို့ ဆိုပါတယ်။ ဆိုလိုရင်းမှာ မြန်မာပြည်ရဲ့ အသည်းနှလုံး ဗဟိုချက်မ ဒါမှမဟုတ် အညှာလို့ဆိုပါတယ်။ မြန်မာပြည်သာမက တစ်ကမ္ဘာလုံးနဲ့လည်း ဆိုင်တယ်လို့ ပြောပါတယ်။

ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များကို အမျိုးသမီးတွေ လုံးဝထိကိုင်လို့ မဖြစ်သင့်ပါ။ အခုအခါ ဒေသစာရီကြွချီချိန်တိုင်းမှာ အမျိုးသမီးအုပ်စုများ ဘုရားကိုပြေးပြီး ဦးခေါင်းနဲ့ တိုးဝှေ့နေတာဟာ အမြင်မတော် ဖြစ်ရပါတယ်။ ခုနစ်ရက်သားသမီးလှူဒါန်းထားတဲ့ရွှေတွေကို မိမိခေါင်းနဲ့တိုက်ပြီး ရွှေခိုးနေသကဲ့သို့ပြုလုပ်ခြင်းမှာ မဖြစ်သင့်တဲ့ကိစ္စလို့လည်း ဒေသခံများက ပြောပါတယ်။ ထိုသို့ ဘုရားရုပ်ရှင်တော်မြတ်များလှုပ်ရင် တိုင်းရေးပြည်ရေးလည်း မငြိမ်မသက် ဖြစ်တတ်တယ်လို့ အယူရှိပါတယ်။ ဖြစ်သင့်တာကတော့ ဘုရားသယ်ဆောင်ရာမှာ မနီလာကြိုးနဲ့ ပတ်ပတ်လည်ကို ဝန်းရံစေပြီး ဘုရားရွှေချခြင်းမျိုးတွေကို ခွင့်မပြုသင့်ဘူးလို့ ထင်ပါတယ်။

ထို့ပြင် ဘုရားလူကြီး အဘဘိုးဆောင်စိတ်ထဲတွင် စိတ်မကောင်းဖြစ်မိသော ကိစ္စတစ်ရပ်မှာ ဖောင်တော်ဦး စံကျောင်းတော် ကုန်းတော်ရင်ပြင်တော်ပေါ်တွင် ဆိုင်ခန်းများ အခိုင်အမာတည်ဆောက်ပြီး ရောင်းချနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မြို့နယ် သံဃနာယကအဖွဲ့၊ ဦးစီးနာယကအဖွဲ့များကလည်း သမ္မာအာဇီဝပြုလုပ်ခြင်းဆိုတဲ့ တစ်ချက်တည်းဖြင့် ခွင့်ပြုနေခြင်းဖြစ်ပါတယ်။ အဲဒီကိစ္စကို တားမြစ်နိုင်မယ့်သူ တစ်ယောက်မျှမရှိဟုလည်း သိရပါတယ်။

အကယ်၍ ဘုရားရင်ပြင်တော်ပေါ်တွင် မီးရေးထင်းရေးဖြစ်လာရင် အင်မတန် စိုးရိမ်ဖို့ကောင်းပါတယ်။ ရင်ပြင်တော်ပေါ်တွင် မီးမွှေးခြင်း၊ ချက်ပြုတ်ခြင်းကြောင့် မီးပွားများလွှင့်စင်ခြင်း၊ အပူလွန်ကဲ၍ ဂတ်စ်အိုးများ ပေါက်ကွဲနိုင်ခြင်းစတဲ့ အန္တရာယ်များရှိခြင်းတို့အပြင် အဘိုးအဘွား သက်ကြီးရွယ်အိုများကိုပင် ရွှေဆိုင်းထိုင်ရောင်းနေတဲ့ မြင်ကွင်းများမှာ နိုင်ငံခြားသားများ ကဲ့ရဲ့စရာ မြင်ကွင်းများဖြစ်ပါတယ်။

 

အမှိုက်ပြဿနာ

အင်းလေးကန် ဖောင်တော်ဦးဘုရားပွဲ တော်ကာလမှာ အမှိုက်တွေတစ်နေ့ကို တစ်တန်လောက် သိမ်းဆည်းနေရတယ်လို့ အမှိုက်သိမ်းဆည်းရေးအဖွဲ့က ပြောပါတယ်။ ဒေသခံတွေအပြင် ဘုရားဖူးလာတဲ့ ဧည့်ပရိသတ်တွေကလည်း စည်းကမ်းလိုက်နာပြီး အမှိုက်တွေကို စနစ်တကျစွန့်ပစ်ခြင်းနဲ့ အင်းလေးကန်ကို ကယ်တင်သင့်ပါတယ်။

ယိုးဒယားမှာရှိတဲ့ ရေတံခွန်ကိုသွားမယ်ဆိုရင် စားစရာတွေ ယူဆောင်သွားခွင့် မရှိပါဘူး။ နောက်ဆုံး ရေသန့်ဘူး အချိုရည်ကိုတောင် တစ်ဘူးကို တစ်ဘတ်နှုန်း ငွေပေါင်တင်ပြီး ယူဆောင်ရပါတယ်။ ပြန်လာရင် အမှိုက်ကို ပြန်သယ်လာရပါတယ်။

ရှမ်းပြည်နယ်မှာ အရှည်ကြာဆုံးပွဲတော်တစ်ခုဖြစ်တဲ့ အင်းလေးကန် ဖောင်တော်ဦးဘုရား ရုပ်ပွားတော်လေးဆူ ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ၁၈ ရက်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ လှည့်လည်အပူဇော်ခံလေ့ ရှိပါတယ်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦး ဘုရားရုပ်ပွားတော်လေးဆူ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲတော်ကြီးကို အောက်တိုဘာ ၁၀ ရက် နံနက် ၄ နာရီမှစပြီး နမ့်ဟူးကျေးရွာ ဖောင်တော်ဦး ရတနာစံကျောင်းတော်မှ စတင်ထွက်ခွာခြင်းဖြစ်ကာ အောက်တိုဘာ ၂၇ ရက်အထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရပါတယ်။     

အင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပွဲတော်တစ်ခုဖြစ်တဲ့ ခြေထောက်နဲ့ လှော်ခတ်ရသော လှေလှော်ပြိုင်ပွဲကိုလည်း ကျောင်းတော်ဝင်မည့်နေ့ လပြည့်ကျော် ၃ ရက်မှာ ကျင်းပခဲ့ပြီး အင်းသားအမျိုးသားနေ့မှာ ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အင်းလေးဒေသ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီတော်မူတဲ့ ကျေးရွာတစ်လျှောက်တွင် ပွဲများစည်ကားနေပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များလာ ရောက်ဖူးမြော်ကြသဖြင့် မော်တော်ယာဉ်၊ စက်လှေတွေနဲ့ နှစ်စဉ်နှစ်တိုင်း ပြည့်ကျပ်နေလေ့ရှိပြီး လူဦးရေ သိန်းပေါင်းများစွာ လာရောက်ကြတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲတော်အတွင်း လိုက်နာကျင့်သုံးရမယ့် စည်းကမ်းချက်နဲ့ ညွှန်ကြားချက်တွေ ထုတ်ထားပြီး လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်ရန်၊ ကန်တွင်းသို့ အမှိုက်နဲ့ ပလတ်စတစ်များ မစွန့်ပစ်ရန်၊ ဌာနတိုင်းတွင် ဘုရားကြိုဆွဲလှေသားများ အင်းသားတိုင်းရင်းသား ဝတ်စုံများကိုတူညီဝတ်စုံ အဖြစ်ဝတ်ဆင်ရန်စတဲ့ စည်းကမ်းချက်တွေ ထုတ်ထားလို့ ယခုနှစ်တွင် စည်းကမ်းလိုက်နာမှုအားကောင်းလာသဖြင့် အဆင်ပြေလာတယ်လို့ သိရပါတယ်။

 

အင်းသား အမျိုးသားနေ့

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တွင် နိုဝင်ဘာ ၆ ရက်မှာ အင်းသားတိုင်းရင်းသား လူငယ်တွေစုပေါင်းပြီး စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကို ဖိုရမ်ပြုလုပ်ခြင်း၊ နိုဝင်ဘာ ၇ ရက် (သီတင်းကျွတ်လကွယ်နေ့) မှာ အင်းလေးဒေသလုံးဆိုင်ရာ စုပေါင်းဘုံကထိန် လှည့်လည်ခြင်းနဲ့ နိုဝင်ဘာ ၈ ရက်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်တွင် အင်းသားတိုင်းရင်းသား အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း အင်းသားအမျိုးသားနေ့ ကျင်းပရေး ဦးစီးကော်မတီနာယက ဒေါက်တာသန်းဝင်းက ပြောပါတယ်။

နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ကို အင်းသားအမျိုးသားနေ့အဖြစ်ကျင်းပရန် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ၂၀၁၁ ခုနှစ်မှာ အင်းသားဆုံစည်းရာနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှာ အင်းသားဆုံဆည်းရာနေ့ကို အင်းသားအမျိုးသားနေ့အဖြစ် ပြောင်းလဲသတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မိုးလေကင်းလွတ်ပြီး အားလပ်ရက်များရှိလာခဲ့သော တန်ဆောင်မုန်းလဆန်း ၁ ရက်ကို အင်းသားအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာသန်းဝင်းက ပြောပါတယ်။

“ဒီနှစ်မှာတော့ အကောင်းဆုံး စီစဉ်ထားပါတယ်။ ကျွန်တော်တို့မှာ ဒေသဖွံ့ဖြိုးဖို့ အတွက်ပေါ့။ ပအိုဝ်း၊ ပလောင်၊ ဓနုစတဲ့ တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရသွားပေမဲ့ ကျွန်တော်တို့ အင်းသားတွေက မရသေးဘူး။ ကျွန်တော်တို့ ဒေသပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ တခြားလူမျိုးတွေထက်စာရင် နည်းနည်းတော့ နိမ့်ကျနေပါသေးတယ်” ဟု ပွဲကျင်းပရေးကော်မတီနာယက ဒေါက်တာသန်းဝင်းက ပြောပါတယ်။

အင်းသားအမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များမှာ (က) အင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာများကို ဖော်ထုတ်၍ ထိန်းသိမ်းစောင့်ရှောက် မြင့်တင်သွားရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေး ဆောင်ရွက်ရန်၊ (ခ) အင်းသားလူမျိုးများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစားမှု၊ စုစည်းမှုတို့ဖြင့် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ လူမှုရေးကိစ္စများကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရန်၊ (ဂ) အင်းလေးကန်ကို မတိမ်ကော မပပျောက်ရေး၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး၊ အင်းလေးကန် မညစ်ညမ်းရေး လုပ်ငန်းတို့ကို အင်းသားလူမျိုးတို့၏ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး တက်ကြွစွာ ဆောင်ရွက်သွားရန်၊ (ဃ) ပြည်သူလူထုတစ်ဝန်းလုံး၊ ငြိမ်းချမ်းသာယာရေး နှင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြားညီနောင်တိုင်းရင်းသားများနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စတဲ့အချက်လေးချက် နဲ့ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။