အချစ်ပဲလိုတယ်

အချစ်ပဲလိုတယ်
နမ္မတူမြို့နယ် ရွှေမြင်သာကျောင်းနှင့် ပုဗ္ဗာရုံကျောင်းသို့ အောက်တိုဘာ ၂၄ ရက်က စစ်ဘေးရှောင်များ ရောက်ရှိစဉ်
နမ္မတူမြို့နယ် ရွှေမြင်သာကျောင်းနှင့် ပုဗ္ဗာရုံကျောင်းသို့ အောက်တိုဘာ ၂၄ ရက်က စစ်ဘေးရှောင်များ ရောက်ရှိစဉ်
Published 28 October 2018
ဒေါက်တာခင်မောင်ညို

 

တစ်နေ့ ကိုဘသစ် ကျွန်တော့်စာရေးစားပွဲနားကို ရောက်လာတယ်။

“ဆရာညို ဘာခေါင်းစဉ်နဲ့ ရေးနေတာလဲ”

“တကယ်ဆိုရင် အချစ်ပဲလိုတယ်”

“ခင်ဗျားမနေ့ညက ကေတီဗွီသွားတယ်နဲ့တူတယ်”

“မဟုတ်ရပါဘူးဗျာ၊ ကျွန်တော်တို့ စာရေးတဲ့သူတွေဟာ လက်လှုပ်မှ ပါးစပ်လှုပ်ရတယ်”

“အင်း ကေတီဗွီမှာ လက်သွားလှုပ်လို့ မရဘူးလေ၊ အန္တရာယ်ရှိတယ်”

ဟားဟား၊ ကိုဘသစ်ကလည်း တော်တော်နောက်တတ်တာပဲ၊ ကျွန်တော်က လူတွေစိတ်ဝင်စားအောင် နုနုရွရွခေါင်းစဉ်လေးတွေ တပ်ချင်နေတာ။ ဒီလိုခေါင်းစဉ်မျိုးကို စာရေးတဲ့ကိုယ်တော်တွေ တပ်တယ်”

“သူတို့က ဒါမျိုးဆိုရင် မေတ္တာအကြောင်း ရေးတာမျိုးကို ညွှန်းတယ်။ သူတို့ရေးတာ ဖတ်လို့လည်းကောင်းတယ်”

“ကိုဘသစ်ကလည်း အချင်းချင်းတွေ၊ ကျုပ်ရေးတာလည်း ဖတ်လို့ကောင်းမှာပါဗျာ”

ဟားဟားဟား... ခင်ဗျားခေါင်းစဉ် ရှင်းပြပါဦး”

ကိုဘသစ် ဘေးမှာထိုင်၍ မေးခွန်းထုတ်နေတယ်။

“ကျွန်တော်က ငြိမ်းချမ်းရေးအကြောင်းကို ရေးမလို့ပါ။ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ခဲ့တဲ့ဆီကနေ အစချီမလို့”

“ဒါလည်းကောင်းတာပဲ၊ ကျွန်တော်တို့နိုင်ငံကို သွေးခွဲအုပ်ချုပ်မှု (Divide and Rule) ဆိုတာကို ကိုလိုနီနယ်ချဲ့တွေက လုပ်ခဲ့တယ်မဟုတ်လား”

“မှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံသားတိုင်းရင်းသားတွေ သွေးစည်းညီညွတ်ဖို့ ပင်လုံညီလာခံလုပ်ခဲ့တယ်။ ဒီလိုလုပ်တာဟာ အတော်ခက်ခဲတယ်။ အဓိကကို စဉ်းစားတာပဲလေ။ ဆီအိုးထဲကလွတ်အောင် ကြိုးစားတာပဲ။ မီးဖိုထဲကျတာကိုတော့ သတိမထားမိကြဘူး။ လွတ်လပ်ရေးရပြီး သုံးလအကြာမှာ အလံဖြူကွန်မြူနစ်တွေ တောခိုတယ်။ အလံနီတွေလည်း မြေအောက်လျှိုးသွားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ထကြွတယ်”

“ဒါက သွေးခွဲအုပ်ချုပ်မှု (Divide and Rule) ရဲ့အကျိုးဆက်ပဲလေ။ ဘယ်သူ့ကို ဘယ်သူမှ မယုံကြဘူး။”

“ခုလည်း ဒီပြဿနာကြောင့် ကျွန်တော် တို့ ငြိမ်းချမ်းရေးမှာ အခက်အခဲတွေ ရှိနေတာ ပေါ့”

“အမှန်တော့ ကျွန်တော်တို့ အာရှတိုက် သားတွေလည်း သွေးခွဲခံရတာပဲ။ မြန်မာပြည် လွတ်လပ်ရေးရခါစ တရုတ်ဖြူတွေ ကျူး ကျော်ဝင်ရောက်တယ်။ ကျွန်တော်တို့ တိုက်ထုတ်ရတာပဲ။ တရုတ်ပြည်ကလည်း မြန်မာပြည်ဟာ သူတို့လက်အောက်ခံဖြစ်တယ်ဆိုပြီး အင်္ဂလိပ်ဆီက တောင်းဖူးတယ်”

“ဘာဖြစ်လို့ ဒီလိုတောင်းတာလဲ”

“မြန်မာက သူတို့ကို လက်ဆောင်ပဏ္ဏာ ဆက်ရတယ်လို့ဆိုတယ်”

“တကယ်လည်း လက်ဆောင်ပဏ္ဏာဆက်ရလား”

“ဆက်တယ်လို့ မပြောနိုင်ဘူး။ ဖလှယ်တယ်လို့ ပြောနိုင်တယ်။ တရုတ်နဲ့ မြန်မာစစ်ပြေငြိမ်းရေးစာချုပ်မှာ လက်ဆောင်ပဏ္ဏာ လဲလှယ်ရမယ်ဆိုတာပဲ ပါရှိခဲ့တယ်။ ဒါကြောင့် တရုတ်လက်လျှော့သွားတယ်”

“အိန္ဒိယနဲ့ရော”

“အင်္ဂလိပ်တွေဟာ မြန်မာကို အိန္ဒိယနဲ့ တွဲပြီး အုပ်ချုပ်ဖူးတယ်။ နောက်ပိုင်းမှာမှ ခွဲထုတ်လိုက်တာ။ အင်္ဂလိပ်တွေက မြန်မာကို အိန္ဒိယလက်အောက်မှာ အကြာကြီး ထားခဲ့တယ်။ မြန်မာပြည်က အိုလံပစ်ပွဲဝင်တာတောင် အိန္ဒိယအနေနဲ့ ဝင်ရတယ်။ ဦးဇော်ဝိတ်ကြီးဆိုရင် ပန်ချာပီလိုခေါင်းပေါင်း ပေါင်းသွားရတယ်လို့ဆိုတယ်”

“အင်း အခက်အခဲတွေ အတော်လေးများတာပဲ”

“ဟုတ်ပါတယ်။ အဲဒီခေတ်က မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ ပညာတတ်တွေ အတော်ကြိုးပမ်းယူရတယ်။ အင်္ဂလိပ်တွေက မြန်မာ့ယဉ်ကျေးမှုကိုစော်ကားတယ်။ ဘုရားပေါ်မှာ ဖိနပ်စီးတယ်။ ဒါကို ဦးသိမ်းမောင်တို့က တိုက်ဖျက်နိုင်ခဲ့တယ်”

“အင်း ကျွန်တော်တို့ရဲ့လူကြီးတွေ အတော်လုပ်ဆောင်ခဲ့ရတယ်။ ဆရာကြီး ဦးဖေမောင်တင်ဆိုရင် မြန်မာစာကို တက္ကသိုလ်မှာ ပြဋ္ဌာန်းဖို့ အတော်လေးကို ကြိုးပမ်းခဲ့ရတယ်”

“ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ Global ဆိုတဲ့ ကမ္ဘာလုံးခြုံစဉ်းစားတာကို ဦးစားပေးရင်း မြန်မာစာကို နောက်တန်းပို့ပစ်တာ ဆိုးတယ်”

တကယ်တော့ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်စာပေဟာ အရေးပါတယ်။ ဒါက အခြေခံအချက်ပဲ။

ကိုယ့်လူမျိုးကိုကိုယ် ဒုက္ခပေးသလို ဖြစ်နေတာမျိုးတွေကို သတိထားရမယ်။

မေးခွန်းတွေ အများကြီးရှိတယ်။

ဘာဖြစ်လို့ ဒေါ်လာစျေးတွေ တက်သွားလဲ၊ ရခိုင်ပြဿနာတွေ ဆိုးလာတာလဲ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာကြောင့်လိပ်ခဲတည်းလည်း ဖြစ်နေရတာလဲ။

ကျောက်မီးသွေးသုံး ဓာတ်အားပေးရုံ ကိစ္စတွေ ဘာလို့ပြဿနာတွေဖြစ်လဲ၊

မြစ်ဆုံရေကာတာကိစ္စ ဘာလို့စိတ်ပူနေကြရတာလဲ။

ပိုးသတ်ဆေးစက်ရုံကိစ္စကို ဘာလို့ ကန့်ကွက်နေတာလဲ။

“အဲဒါတွေခဏထားပြီး ဒီခေတ်ကြီးမှာ မြန်မာက ဆင်းရဲတွင်းထဲက မတက်နိုင်ဘူး။ ခုအခါ ဒီမိုကရေစီလမ်းကြောင်းကိုလည်းသွားရော ပြဿနာတွေ ပိုပြီးဆိုးလာသလို ခံစားနေကြရတယ်။ ဒါကို ဆွေးနွေးချင်တယ်”

“မှန်တာပေါ့၊ ဒါတွေက ပွင့်လင်းမြင်သာလာတဲ့အခါ မရိုးသားသူတွေက အမျိုးမျိုး ကစားလာနိုင်တယ်။ ပြီးတော့ ဒီမိုကရေစီဆိုတာ အရင်းရှင်တွေကို ကာကွယ်တယ်”

“ဒါကတော့ ပိုက်ဆံရှိတဲ့သူတွေကို ကာကွယ်ဖို့လိုတယ်။ အဲဒီလူတွေကမှ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တာပေါ့။ ဒါပေမဲ့ သူတို့မှန်မှန်ကန်ကန်လုပ်ဖို့တော့ လိုတယ်။ ဒါကို ထိန်းပေးရမယ်”

“အဲဒီထိန်းပေးတဲ့ပြဿနာကို ကျွန်တော်ပြောချင်တာပါ။ ယုန်ကို မုန်လာဥဂိုဒေါင်စောင့်ခိုင်းတဲ့ပြဿနာကို ခင်ဗျားလည်း ကြားဖူးမှာပါ”

“ကြားဖူးပါတယ်။ ယုန်ကို မုန်လာဥ ဂိုဒေါင်စောင့် လုပ်ခိုင်းရင် ယုန်က စားမှာပဲ။ ဒါကိုကာကွယ်ဖို့လိုပြန်ရော၊ ဒီလိုနဲ့ ပြဿနာ အရှည်ကြီးဖြစ်တာပဲပေါ့။ ဒါပေမဲ့ ခုဟာက လူတွေလေ၊ တိရစ္ဆာန်တွေမှ မဟုတ်တာပဲ”

“ခင်ဗျားပြောတာ သဘောကျပါတယ်။ တိရစ္ဆာန်တွေမှ မဟုတ်ရင် အသိဉာဏ်တွေ ရှိရမယ်ပေါ့ဟုတ်လား”

“ကျွန်တော်က အသိဉာဏ်လောက်တင် ပြောတာမဟုတ်ဘူး။ နောက်တစ်ဆင့်ပိုပြီး ပြောချင်တယ်”

“ဘာလဲ”

“လူတွေဟာ အမြော်အမြင်ရှိရပါတယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာဆိုတာလည်း ရှိရတယ်။ မိမိကိုယ်ကိုယ်ချစ်တဲ့အပြင် နိုင်ငံနဲ့ လူမျိုးကိုလည်း ချစ်ရပါတယ်”

“အင်း ဒီလိုဖြစ်ဖို့မလွယ်ဘူး”

“မှန်ပါတယ်။ ဒီအတွက် လူတွေမှာ ကောင်းမွန်တဲ့ပညာရေးလိုတယ်။ လူတွေ စာဖတ်ကြရမယ်။ အမြော်အမြင်ကြီးလာဖို့ လိုတယ်”

အမှန်တော့ လူတွေမှာ အသိအလိမ္မာဆိုတာ ရှိပြီးသားပါ။ သို့သော် အတ္တတွေက များလာတယ်။

အထူးသဖြင့် ကျွန်တော်တို့မြင်နေတဲ့ နေ့စဉ်ဘဝကို သုံးသပ်တဲ့အခါ အတ္တတွေ ထွက်နေတာကို မြင်နေရတယ်။

“ဘယ်လိုအတ္တတွေကို မြင်နေရလဲ”

“ ကျွန်တော် ကားနဲ့ပတ်သက်ပြီးတော့ပဲ ပြောမယ်နော်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကားတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကျွန်တော်တို့ရဲ့ ကျွန်းတိုင်လုံးကြီးတွေ၊ ပတ္တမြားကြီးတွေ၊ ကျောက်စိမ်းတွေလိုမြင်နိုင်တယ်”

“ဘာဖြစ်လို့လဲ”

“ကျွန်တော်တို့က ဒီလိုကားတွေ ဝယ်နိုင်ဖို့ ဘာကုန်ချောမှ ထုတ်ရောင်းတာ မရှိဘူး။ ဘာကုန်ထုတ်လုပ်ငန်းကိုမှ မည်မည်ရရ မလုပ်ကြဘူး။ သယံဇာတတွေ ရောင်းစားနေကြတာပဲ”

“ဒါတော့ဟုတ်ပါတယ်”

“ဒီလို ရလာတဲ့ကားတွေကို လူတွေဘယ်လိုသုံးလဲ၊ တန်ဖိုးရှိရှိ အသုံးမချဘူး။ မိမိအဆင်ပြေရေးအတွက်ပဲ သုံးတယ်။ လမ်းပေါ်မှာ ကားတွေအများကြီးဖြစ်နေတယ်။ ဒီတော့ ကားတွေပိတ်ပြီး အချိန်တွေ ပိုကြာတယ်။ ဒီတော့ ဓာတ်ဆီလည်း ပိုကုန်တယ်။ စည်းစနစ်နဲ့မမောင်းတော့ ယာဉ်တိုက်မှုတွေလည်း အတော်များတာကို တွေ့ရတယ်”

“ဟုတ်ပါတယ်။ ကားတွေကို စနစ်တကျ မရပ်ဘူး။ လမ်းတွေပိတ်ကုန်တယ်။ ခက်ခက်ခဲခဲ သွားလာရတဲ့နေရာတွေကို တွေ့နေရတယ်။

ဘာကြောင့် လမ်းတွေ ပိတ်လဲဆိုတာ မလေ့လာဘူး။ မီးပွိုင့်တွေကို ကန်ထရိုက်ပေးထားတဲ့ ကုမ္ပဏီလည်း ဘာမှဆက်မလုပ်ဘူး”

“တကယ်တော့ ကျွန်တော်တို့တစ်တွေ ညီညွတ်ဖို့လိုတယ်”

“ကျွန်တော်တော့ တစ်ယောက်ကိုတစ်ယောက် လေးစားဖို့လိုတယ်လို့ထင်တယ်။ ပြီးတော့ ပညာဉာဏ်မရှိရင် တစ်ဖက်သားကို လေးစားရကောင်းမသိဘူး။ အထူးသဖြင့် ရိုးရာဓလေ့ထုံးစံတွေကို နားလည်သဘောပေါက်ဖို့ လိုတယ်”

“အင်း ကျွန်တော်ကတော့ ငြိမ်းချမ်းရေးအတွက် လူတိုင်းလူတိုင်း အတ္တတွေကို လျှော့ချဖို့ လိုတယ်လို့ထင်တယ်”

“အမှန်တော့ ကျွန်တော်တို့မြန်မာတွေဟာ အလှူအတန်းလည်း ရက်ရောတယ်။ ကူလည်း ကူညီတတ်ပါတယ်”

“မှန်ကန်တဲ့ စီမံခန့်ခွဲမှုတွေ လိုနေတယ်။ တစ်ယောက်က ထောက်ပြရင် လက်မခံကြဘူး”

“ဒါတော့ ကျွန်တော်တို့လူမျိုးတွေရဲ့ အားနည်းချက်ပဲ၊ ဘာပဲဖြစ်ဖြစ် တစ်ခုခုလုပ်တော့မယ်ဆိုရင် စဉ်းစဉ်းစားစားလုပ်ဖို့ လိုတယ်။ အထူးသဖြင့် အာဏာရှိတဲ့သူတွေဟာ ဒါကို လက်ခံဖို့လိုတယ်”

“ခု သတင်းစာထဲမှာ နေ့စဉ်လိုလို အဂတိလိုက်စားမှုနဲ့ပတ်သက်တဲ့ ကြော်ငြာတစ်ခု ပါနေတာကိုတွေ့ရတယ်။ တကယ်တော့ ဒါဟာ ပြည်သူတွေနဲ့ သိပ်မဆိုင်ဘူး။ လာဘ်စားတယ်ဆိုတာ ပြည်သူမှ စားလို့မရတာပဲ”

“ပြည်သူက လာဘ်ပေးတယ်လေ”

“ပြည်သူက ဘယ်လောက်ပေးပေး၊ အဖွဲ့အစည်းတွေက မယူဘဲနေဖို့လိုတယ်။ ဒါသူတို့ကို ပညာပေးရမှာပေါ့။ လာဘ်ပေးတဲ့ ပြည်သူဆိုတာလည်း နှစ်မျိုးပဲရှိတယ်။ ကြောက်လို့ပေးတာနဲ့ ပိုက်ဆံရှိပြီး လုပ်ပိုင်ခွင့်လိုချင်လို့ ပေးတာနဲ့ပေါ့”

“ပြည်သူတွေက ကြောက်တယ် ဟုတ်လား”

“ကြောက်တာပေါ့။ ကျွန်တော်တောင် ကြောက်တာပဲ။ ကျွန်တော့် ကားမရပ်ရတဲ့ နေရာမှာ ရပ်မိတယ်ဆိုပါတော့။ ကားပေါ်က မဆင်းရသေးခင်မှာပဲ ဖမ်းတဲ့လူက ချလန်ဖြတ်တယ်။ ဒီအခါ မလုပ်ပါနဲ့ဗျာဆိုပြီး ပိုက်ဆံပေးလိုက်ရတယ်။ အဲဒါ ကြောက်လို့ပေါ့”

“ကျွန်တော်ပြောချင်တာက သတင်းစာထဲမှာ ဥပမာပြထားတာ တင်ဒါဆွဲတာမျိုးပါ။ ဒါဟာလည်း ချမ်းသာတဲ့သူ ၅ ရာခိုင်နှုန်း လောက်နဲ့ပဲဆိုင်တာ။ ကျန် ၉၅ ရာခိုင်နှုန်းသော ပြည်သူတွေနဲ့ မဆိုင်ပါဘူး။”

“သတင်းစာပြောလို့ သတိရတယ်။ သတင်းထောက်တွေ၊ စာရေးဆရာတွေလည်း လွတ်လပ်စွာ မရေးနိုင်ရင် တိုင်းပြည် အခက်တွေ့မှာပဲ”

“အရင်ခေတ်က ရသစာပေတွေကို ကန့်သတ်တယ်။ ရသစာပေဟာ ယနေ့တိုင် နာလန်မထူနိုင်ဘူး။ ဒါကြောင့် သတင်းခေတ်ရောက် သွားတယ်။ ခုသတင်းတွေကိုမရေးရဲရင် ဘာခေတ်ရောက်သွားမလဲ။ ဆင်ခြင်ဖို့တော့ လိုတယ်”

“အင်း၊ ခင်ဗျားပြောသလိုပါပဲ။ တကယ်ဆိုရင် အချစ်ပဲလိုတယ်”