အလုပ်လျှောက်ထားသူများအနေဖြင့် မိမိအရည်အချင်းကို စစ်ဆေးခွင့်ရပြီး ထိ်ပ်တန်းကုမ္ပဏီ ၃၀ ကျော်၌ အလုပ်အကိုင်များရရှိနိုင်မည့် အလုပ်အကိုင်ပြပွဲ ဖေဖော်ဝါရီတွင် ပြုလုပ်မည်

အလုပ်လျှောက်ထားသူများအနေဖြင့် မိမိအရည်အချင်းကို စစ်ဆေးခွင့်ရပြီး ထိ်ပ်တန်းကုမ္ပဏီ ၃၀ ကျော်၌ အလုပ်အကိုင်များရရှိနိုင်မည့် အလုပ်အကိုင်ပြပွဲ ဖေဖော်ဝါရီတွင် ပြုလုပ်မည်
Published 31 December 2017

အလုပ်လျှောက်ထားသူများအနေဖြင့် မိမိအရည်အချင်းကို အခမဲ့စစ်ဆေးပေးမည့် (Competency Test) အစီအစဉ်များနှင့် ပြည်တွင်းပြည်ပရှိ ထိပ်တန်းကုမ္ပဏီပေါင်း ၃၀ ကျော်၌ အလုပ်အကိုင်များရရှိနိုင်မည့် အလုပ်အကိုင်ပြပွဲကြီးကို ပြုလုပ်မည်ဟု သိရသည်။

ယင်းအလုပ်အကိုင်ပြပွဲကြီးကို လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ အထက်ပန်းဆိုးတမ်းလမ်းရှိ Rose Garden Hote တွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်း အလုပ်ကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်ဖြစ်သည့် www.work.com.mm မှ ဦဆောင်းပြုလုပ်သွားမည် ဖြစ်သည်။

“ကုမ္ပဏီလုပ်ငန်းရှင်တွေအနေနဲ့ အရည်အချင်းရှိတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို တစ်နေရာတည်းမှာ အင်တာဗျူးပြီး အလုပ်ခန့်ထားနိုင်အောင် စီစဉ်ပေးထားပါတယ်။ အလုပ်ရှာဖွေတဲ့သူတွေဘက်ကလည်း မိမိအရည်အချင်းနဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေကို တစ်နေရာတည်းမှာပဲ လျှောက်ထားနိုင်တယ်။ လုပ်ငန်းရှင်ရော အလုပ်လျှောက်ထားသူပါ အဆင်ပြေနိုင်ပါတယ်” ဟု www.work.com.mm ၏ ပြည်သူဆက်ဆံရေးမန်နေဂျာ ကိုဂျိုးဇက်က ပြောကြားသည်။

အလုပ်လျှောက်ထားသူများအနေဖြင့် အရည်အချင်းစစ်ဆေးမှုအစီအစဉ် (Competency Test) တွင် သင်္ချာနှင့် ကိန်းဂဏန်းများ တွက်ချက်နိုင်မှုစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ဝေဖန်ပိုင်းခြားဆင်ခြင်းသုံးသပ်နိုင်သော စွမ်းရည်တို့ကို အခမဲ့ဝင်ရောက်ဖြေဆို စစ်ဆေးရမည်ဖြစ်ပြီး ယင်းဖြေဆိုခြင်းကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်ဝင်ရောက်ဖြေဆိုထားရမည် ဖြစ်သည်။ ကြိုတင်ဝင်ရောက် ဖြေလိုသူများအနေဖြင့် www.work.com.mm ၏ Facebook စာမျက်နှာတွင် ဝင်ရောက်ဖြေဆိုနိုင်မည် ဖြစ်သည်။