တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ တိုက်ခိုက်မှုများမှာ တစ်ဖက်နှင့်တစ်ဖက် ယိုးစွပ်မှုများဖြစ်နေပြီး ကြားဝင်ဖြေရှင်းရန်ခက်ခဲကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ပြောကြား

တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ တိုက်ခိုက်မှုများမှာ တစ်ဖက်နှင့်တစ်ဖက် ယိုးစွပ်မှုများဖြစ်နေပြီး ကြားဝင်ဖြေရှင်းရန်ခက်ခဲကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ပြောကြား
Published 20 December 2017

တပ်မတော်နှင့် KIO/KIA အဖွဲ့တို့တိုက်ခိုက်မှုများမှာ တစ်ဖက်နှင့်တစ်ဖက် ယိုးစွပ်မှုများဖြစ်နေပြီး ကြားဝင်ဖြေရှင်းရန်ခက်ခဲကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောကြားသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဒီဇင်ဘာတတိယပတ်အတွင်း KIO/KIA ဗဟိုရုံးစိုက်ရာ လိုင်ဇာမြို့အနီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်တနိုင်းဒေသ၊ မိုးညှင်းဒေသတို့တွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့၏စခန်းငယ်များကို သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “တိုက်ပွဲတွေကတော့ သတင်းတွေအတိုင်းပဲ ကြားနေရတယ်။ ကျွန်တော်တို့အဖွဲ့တွေ မပြောနိုင်တာက အရင်ဦးသိန်းစိန်တုန်းက အောက်ခြေမှာဖြစ်တာနဲ့ UPWC ကိုတင်ပြတယ်။ တင်ပြတာကိုပြောတာ။ အရေးယူတာ။ ညှိနှိုင်းပြီးလုပ်ဆောင်တာရှိတယ်။ အခုအစိုးရသစ်တက်စကတော့ ကျွန်တော်တို့ NRPC ဖွဲ့ထားတာရှိတယ်။ ဖြစ်တာကိုတင်ပြပေမယ့် အကြောင်းပြန်တာမရှိဘူး။ အဆက်အသွယ်မရှိသလို ဖြစ်သွားတာပေါ့။ ဂီဒွန်တိုက်ပွဲတွေတုန်းက နောက်ဆုံးတင်တာထင်တယ်။ ကျွန်တော်တို့ကြားဝင်လို့မရဘူးဖြစ်နေတာ။ အောက်ခြေမှာဖြစ်နေတာကို ကျွန်တော်တို့ကတင်ပြတာပါပဲ။ အကြောင်းမပြန်တော့ အားနည်းသွားတာပေါ့။ မြောက်ပိုင်းတိုင်းကို လိုင်ဇာဘက်ကို ဘာကြောင့်လက်နက်ကြီးနဲ့ပစ်သလဲလို့မေးတယ်။ ရှမ်းမြောက်မှာရှိတဲ့ ၁၄၄ တပ်စခန်းကို ကေအိုင်အေက ၁၀၇ မမနဲ့ သုံးကြိမ်ပစ်လို့ရယ်၊ ဖားကန့်မှာ မိုင်းခွဲလို့ရယ် ပစ်ရကြောင်း အကြောင်းပြန်တယ်။ ကေအိုင်အေကိုလည်း အကြောင်းပြန်ပေးလိုက်တယ်။ ကေအိုင်အေက သူတို့စွပ်စွဲသလို လက်နက်ကြီးမရှိဘူး။ ၁၀၇ မမလည်းမရှိဘူးလို့ အကြောင်းပြန်တယ်။ တပ်မ ၈၈ က သူတို့ပို့စ်ကိုတိုက်နေလို့ လက်နက်ငယ်တွေနဲ့ပစ်တာပဲရှိတယ်လို့ အကြောင်းပြန်လာတယ်။ သူပစ်လို့ ကိုယ်ပစ်တယ်။ ကိုယ်ပစ်လို့ သူပစ်တယ်လို့ဖြစ်နေတယ်။ ကျွန်တော်တို့လည်း မျက်မြင်မဟုတ်တော့ ဘယ်သူကမှန်လို့ ဘယ်သူကမှားမှန်းမသိဘူး။ အရင်တုန်းကပုံစံဆိုရင် တပ်ဘက်ကတပ်ချိန်းမယ်။ ရိက္ခာပို့မယ်ဆိုရင် ကျွန်တော်တို့တော့ ကေအိုင်အေကိုပြောတယ်။ လမ်းမှာတိုက်တာမရှိဘူး။ အခုက နယ်မြေရှင်းလင်းရေးလုပ်တော့ တင်းမာသွားကြတာ။ ညှိနှိုင်းပြီးလုပ်ရင်တော့ လျော့သွားနိုင်တယ်။ အခုက ဘာဖြစ်ဖြစ်ပုံစံရှိနေတာ” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ယခုအပတ်အတွင်း ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်အတွင်း ပစ်ခတ်မှုရှိခဲ့ရာမှ ဒီဇင်ဘာ ၁၄ ရက်နံနက်တွင် လေးနေရာထက်မနည်း လက်နက်ကြီးဖြင့်ပစ်ခတ်မှုများရှိခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် လေယာဉ်များဖြင့် ပစ်ခတ်သည်အထိရှိခဲ့ကြောင်း ကေအိုင်အိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားချက်အရ သိရသည်။

၎င်းက တနိုင်းဒေသနှင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်စပ်ကြား ကချင်ဆပ်စတိတ်ဒေသကို တိုက်ခိုက်မှုများမှာ တပ်မတော်က ကေအိုင်အေ၏ စီပွားရေးနယ်မြေများကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်နေကြောင်း ဝေဖန်ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂီဒွန်ကေအိုင်အေစခန်းဝန်းကျင်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဂီဒွန်စခန်းကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် လိုင်ဖောင်စခန်းကိုလည်းကောင်း သိမ်းပိုက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းအထိ တိုက်ခိုက်မှုများရှိနေကာ နှစ်ဖက်ကျဆုံးမှုများခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်များ၊ ကေအိုင်အေဘက်မှ ပြောကြားချက်များအရ သိရသည်။

ဂီဒွန်တိုက်ပွဲများဖြစ်ပွားပြီးနောက် တိုက်ပွဲများမရှိသလောက်ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် တပ်မတော်က ကေအိုင်အေ စိုးမိုးနယ်မြေဖြစ်သည့် တနိုင်းဒေသ ဟူးကောင်းချိုင့်ဝှမ်းအတွင်း ပယင်းမှော်၊ ရွှေမှော်များမှလုပ်ကိုင်နေသူများ ထွက်ခွာပေးရန် ရဟတ်ယာဉ်ဖြင့် စာဖြန့်ဝေခဲ့သည်။ ယင်းနောက်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလာသည်မှာ ယနေ့အထိဖြစ်သည်။

Most Read

Most Recent