အသွင်ကူးပြောင်းရေးကြားကာလတွင် ဒေသခံပြည်သူလူထုအား ထိခိုက်နစ်နာစေနိုင်သည့် မြစ်ဆုံကဲ့သို့ အကြီးစားစီမံကိန်းများကို ရပ်ဆိုင်းထားရန် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) အကြံပြု

အသွင်ကူးပြောင်းရေးကြားကာလတွင် ဒေသခံပြည်သူလူထုအား ထိခိုက်နစ်နာစေနိုင်သည့် မြစ်ဆုံကဲ့သို့ အကြီးစားစီမံကိန်းများကို ရပ်ဆိုင်းထားရန် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) အကြံပြု
Published 13 December 2017

အသွင်ကူးပြောင်းရေးကြားကာလတွင် ဒေသခံပြည်သူလူထု ထိခိုက်နစ်နာစေနိုင်သည့် မြစ်ဆုံကဲ့သို့ အကြီးစားစီမံကိန်းများကို ရပ်ဆိုင်းထားပေးရန် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) က ဒုတိယအကြိမ်ထုတ်ဝေသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သောကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ (မူကြမ်းများ) စာအုပ်တွင် အကြံပြုဖော်ပြထားသည်။

ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံသင့်သည့်ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ (မူကြမ်း) စာအုပ်ကို မိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။

အသွင်ကူးပြောင်းရေးကြားကာလ (တစ်နိုင်ငံလုံးကို ငြိမ်းချမ်းရေးဖြစ်စဉ်မှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးစာချုပ် (NPA) ရေးထိုးပြီးသည့်နောက် အခြေခံဥပဒေပြင်ဆင်ရေးဆွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံအဖြစ်သို့ ကူးပြောင်းပြီးသည့်အချိန်ကာလ) အတွင်း ဒေသခံပြည်သူလူထုကို ထိခိုက်နစ်နာစေနိုင်သည့် အကြီးစားစီမံကိန်းများ၊ အထူးစီးပွားရေးဇုန်နှင့် တန်ဖိုးကြီးသော သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုသဘောတူစာချုပ် ရရှိသည့်ကာလအထိ ရပ်ဆိုင်းထားရမည်ဟု အဆိုပါစာအုပ်၏ သဘာဝသယံဇာတဆိုင်ရာ မူဝါဒများ(မူကြမ်း) ခေါင်းစဉ်အောက်တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

“ကြားကာလဆိုတဲ့ဟာက ငြိမ်းချမ်းရေးစာချုပ်ချုပ်တဲ့အထိပေါ့။ အဲဒီငြိမ်းချမ်းရေးစာချုပ်ချုပ်တဲ့အထိကာလကို ကြားကာလလို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ အဲဒီကြားကာလမှာက အကြီးစားလုပ်ငန်းတွေကို ရပ်တန့်ရမယ်လို့ ကျွန်တော်တို့ မူဝါဒအကြံပြုချက်ထဲမှာ ပါပါတယ်။ ဥပမာမြစ်ဆုံလိုမျိုးပေါ့နော်။ မြစ်ဆုံလို တကယ့်အကြီးစားရင်းနှီးမှု ဖြစ်နေတဲ့ဟာတွေကို ရပ်ရမယ်ဆိုပြီးတော့ပါပါတယ်” ဟု ENAC ၏ အလုပ်အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်က အဆိုပါအကြံပြုချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့ပြင် စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်များကို ဒေသခံတိုင်းရင်းသားလူထုအပါအဝင် ပြည်သူလူထုအား ချပြရမည်ဖြစ်ကြောင်းနှင့် သဘောတူစာချုပ် ချိုးဖောက်သောအဖွဲ့အစည်းများအား ထိရောက်စွာအရေးယူဆောင်ရွက်ရန်၊ စီမံကိန်းတွင်ပါဝင် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုနှင့် ပါဝင်ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာပမာဏ အသီးသီးအားလည်း ပွင့်လင်းမြင်သာစွာချပြရန်၊ တိကျမှန်ကန်သော ငွေရေးကြေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာရင်းများကို လူထုအားချပြရန် စသည့်အချက်များကိုလည်း ENAC က အကြံပြုထည့်သွင်းဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) က ယခုထုတ်ပြန်သည့် မူဝါဒအကြံjပုချက်(မူကြမ်းများ) သည် တိုင်းရင်းသားနှင့် ပြည်နယ်ကိုယ်စားပါဝင်သူများ၊ လူထုခေါင်းဆောင်များ၊ ဒေသခံများနှင့် အလုပ်ရုံဆွေးနွေးပွဲ၊ ကွင်းဆင်းတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ သုတေသနပြုလုပ်ထားခြင်းဖြစ်ကြောင်း အလုပ်အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်က ပြောကြားသည်။

ကွင်းဆင်းတွေ့ဆုံမှုများပြုလုပ်ရာ၌ ကချင်လူထုအနေဖြင့်လည်း မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ၎င်းတို့၏သဘောထား၊ စိတ်ဆန္ဒများမပါပါက စီမံကိန်းမလုပ်စေချင်သည့် သဘောထားများရှိသည်ကို တွေ့ခဲ့ရကြောင်းလည်း ဇိုသုန်းမှုန်ကဆိုသည်။

“ဒီမူဝါဒတွေက ကျင့်သုံးရမယ့် မူဝါဒတွေရယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ထုတ်ဝေတာလည်း မူကြမ်းအနေနဲ့ထုတ်ဝေတာ ဖြစ်ပါတယ်။ အဓိကရည်မှန်းချက်ကတော့ အမျိုးသားအဆင့်ညီလာခံတွေမှာ (၂၁) ရာစုပေါ့ ဒီဘက်ပိုင်းမှာတော့ ပင်လုံညီလာခံတွေမှာ ဆွေးနွေးတဲ့အခါမှာ ထည့်သွင်းစဉ်းစားနိုင်အောင် အထောက်အကူပြုနိုင်အောင် သုတေသနပြုထားခြင်းဖြစ်ပါတယ်” ဟု ENAC တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ENAC က ယခုထုတ်ပြန်သည့် မူကြမ်းများကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လက်ခံအတည်ပြုထားပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) ကလည်း မူအရ လက်ခံအတည်ပြုထားကြောင်း သိရသည်။

ဒုတိယအကြိမ်ထုတ်ဝေသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်aဆာက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ(မူကြမ်းများ)စာအုပ်တွင် ကျန်းမာရေး၊ ပညာရေး၊ မြေယာ၊ သဘာဝသယံဇာတ၊ စိုက်ပျိုးရေး၊ ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ဒုက္ခသည်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ အခွန်ကောက်ခံခြင်း၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာမူဝါဒများ စသည့်ကဏ္ဍ ၁၁ ခုကို ထည့်သွင်းဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) သည် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် aရရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးကိုရှေးရှု၍ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများပြုလုပ်ခြင်း၊ မူဝါဒဆိုင်ရာ သုတေသနစာတမ်းများ ရေးသားပြုစုထုတ်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း နည်းပညာပိုင်းဆိုင်ရာ အထောက်အကူများ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။