လူလိမ်ပွဲစားတွေကြောင့် မြဝတီမှာသောင်တင်ပြီး ဒုက္ခရောက်ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ

လူလိမ်ပွဲစားတွေကြောင့် မြဝတီမှာသောင်တင်ပြီး ဒုက္ခရောက်ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် MoU  မြန်မာလုပ်သားအချို့ကို မြဝတီမြို့ စစ်ဆေးရေးဂိတ်တွင် တွေ့ရစဉ်
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် MoU မြန်မာလုပ်သားအချို့ကို မြဝတီမြို့ စစ်ဆေးရေးဂိတ်တွင် တွေ့ရစဉ်
Published 21 October 2018
ကိုရွှေသိန်း (မြဝတီ)

 

အိမ်၊ ခြံ ပေါင်နှံပြီး တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ နေရပ်စွန့်ခွာခဲ့ကြပေမဲ့ အပြောကြွယ်သူ လူလိမ်ပွဲစားတွေကြောင့် မြဝတီမှာသောင်တင်ပြီး ဒုက္ခရောက်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြား ရှိနေပါတယ်။

ယခင်က ထိုင်းနိုင်ငံသို့အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်ခဲ့ကြပေမဲ့ ယခု ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ MoU လုပ်သားတွေအဖြစ်သာ သွားရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ MoU စနစ်ကို ခုတုံးလုပ်ပြီး တရားဝင်သဖွယ် လူကုန်ကူးသူတွေရှိသလို တရားမဝင် လူကုန်ကူးသူတွေလည်း ရှိတယ်။

ယခု မြဝတီမှာ သောင်တင်ပြီး ဒုက္ခရောက်နေသူတွေကတော့ MoU ကို ခုတုံးလုပ်ပြီး ပွဲစားဆိုသူက တရားဝင်ရော တရားမဝင်ပါ ပို့ဆောင်ခြင်းမရှိဘဲ လိမ်လည်ရှောငပြေးသွားတဲ့အတွက် မြဝတီမှာ သုံး-လေးလ တိုင်တိုင်သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။

မိမိနေရပ်တွေမှာ အလုပ်အကိုင် ရှားပါးခြင်းနဲ့ အလုပ်ရှိပြန်တော့လည်း မိသားစုဝင်ငွေက ဝမ်းဝရုံသာရရှိပြီး ခါးလှဖို့၊ လှူဖို့တန်းဖို့ ကျန်းမာရေးစောင့်ရှောက်ဖို့ ပိုပိုလျှံလျှံမရရှိကြတဲ့အတွက် အများနည်းတူ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို ့ဆိုတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာဂရကျေးရွာ အုပ်စုသုံးပတ်လည်ကျေးရွာမှ ရွာသား ၂၈  ဦးကတစ်ဖွဲ့နဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ်ဖြူချောင်းကျေးရွာက အမျိုးသား အမျိုးသမီး ၁၁ ဦးတို့မှာ နေစရာလည်း အိမ်မရှိ၊ စားစရာလည်း ဆန်မရှိပေမဲ့ သူတို့ကို ပို့ဆောင်ပေးမယ့်၊ သူတို့ဆီက ငွေတွေယူသွား သူကိုစောင့်ဆိုင်းရင်း ဒုက္ခပင်လယ်ဝေနေရတယ်လို ့ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဖြူချောင်းကျေးရွာမှ မိသားစုအလိုက် မြဝတီမှာ သောင်တင်နေသူ ဦးအောင်ရွှေလှိုင်က  “ရခိုင်မှာ လယ်လုပ်ကြပါတယ်။ ကိုယ်ပိုင်လယ်ယာပါပဲ။ တစ်နှစ်မှတစ်ကြိမ်သာရတဲ့ ဝင်ငွေနဲ့ ဝမ်းဝပေမဲ့ ခါးလှဖို့ လိုတာကြောင့် အများနည်းတူ ထိုင်းမှာ သွားလုပ်မယ်ဆိုပြီး လယ်ယာလုပ်ငန်းခွင်ကိုစွန့်ကာ မိသားစု လေးယောက်လာခဲ့ကြတာပါ။ အရင်ရွာကလူတွေ သွားထားတဲ့ ပွဲစားနဲ့ ချိတ်ဆက်တယ်။ ကျသင့်ငွေကို ဒီခုငှားနေတဲ့ အိမ်မှာပဲ ပေး လိုက်ကြပါတယ်။ အားလုံး ၁၁ ယောက်အတွက်။ ကိုယ်တို့မိသားစုအနေနဲ့တော့ သိန်းလေး၊ ငါးဆယ်ကုန်သွားပါပြီ။ ငွေသွင်းပြီး၂၅ ရက်ကြာရင် သွားရမယ်ဆိုပေမဲ့ ခုတော့ သုံးလကျော်သွားပါပြီ။ အဆက်သွယ်လည်း မရတော့ပါဘူး။ အတော်ဒုက္ခရောက်နေကြပါပြီ” လိို့ ဆိုတယ်။

အဆိုပါ ရခိုင်ပြည်နယ်၊ ရသေ့တောမြို့နယ် ဖြူချောင်းကျေးရွာမှ မြဝတီမှာ လာရောက်သောင်တင်နေသူတွေက မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျွန်းတောနေ ကိုစိုးထွန်း (ခ) ကိုစိုးထွဋ်ဆိုသူအား ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သွားလုပ်ဖို့အတွက် တစ်ဦးလျှင် ကျပ် ၁၀၁၃၀၀၀ စီပေးထားကြတယ်လို့ ဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာက လယ်အလုပ်ရယ်၊ ငါးလုပ်ငန်းရယ်ပဲ လုပ်ကြတာပါ။ ဝင်ငွေနဲ့ ထွက်ငွေ မမျှတာရယ်။ စားဝတ်နေရေး အခြေအနေတွေ မကောင်းတာရယ်ကြောင့်ပါ။ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ယ်ဆိုပြီး မြဝတီကို တက်လာခဲ့ကြတာ။ မြဝတီရောက်တော့ ထိုင်းကို ယခင်ကသွားဖူးတဲ့ ကိုယ့်ရွာသားနဲ့ ဆက်သွယ်တယ်။ သူတို့ကလည်း ယပွဲစားဖုန်းနံပတ်ပေးတယ်။ အဆက်အသွယ်ရတယ်။ ကိုစိုးထွန်းဆိုသူပေါ့။ သူကပြောတယ် တရားဝင် MoU နဲ့ ပို့ပေးမယ်ပေါ့။ ကုမ္ပဏီနဲ့ချိတ်ဆက်ဆောင်ရွက်မယ်။ ငွေပေးပြီးတဲ့နောက် ၂၅ ရက်ကြာရင် ထိုင်းကိုသွားရတော့မယ်ပေါ့။ လူ ၁၁ ယောက်ဆိုတော့ သိန်း ၁၀၀ ကျော် ပေးလိုက်ကြပါတယ်။ ကိုယ်ပိုင်ငွေတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေဆီကနေ ချေးထားတာပါ။ ထိုင်းကိုရောက်ရင် အလုပ်လုပ်ဆပ်မယ်ပေါ့၊ ခုလိုအလိမ်ခံရတော့ သူငယ်ချင်းတွေကိုလည်း မျက်နှာပျက်ရ။ မိဘကိုလည်း လုပ်မကျွေးရ၊ ကိုယ်တိုင်လည်း စားသောက်ရေး အခက်အခဲနဲ့ အတော့်ကို ဒုက္ခရောက်နေတာပါ” ဟုကိုနေဆန်းဦးက ပြောဆိုခဲ့ပါတယ်။

ထို့အတူပါပဲ။ မြန်မာနိုင်ငံ အလယ်ပိုင်း သာစည်မြို့နယ် သာဂရကျေးရွာအုပ်စု သုံးပတ်လည်ရွာမှ လူငယ် ၁၁ ဦးဟာ မြဝတီမြို့က ပရဟိတ ကိုဝင်းဇော်နဲ့ ချိတ်ဆက်ပြီး အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီက မြဝတီမြို့သို့  ရောက်ရှိလာကြပါတယ်။

၎င်းတို့ရွာသား ၂၈ ဦးအား ပွဲစား ကျော်စိုးဆိုသူက ထိုင်းသို့အလုပ်ရအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေများလိမ်လည်ယူသွားတာကို လူကုန်တားရုံးသို့ လာရောက်တိုင်ကြားဖို့ ရောက်ရှိလာတာလို့ သိရပါတယ်။

“ကျွန်တော်တို့အားလုံး ၂၈ ယောက်ပါ။ သုံးပတ်လည်ရွာသားတွေချည်းပါပဲ။ ကျွန်တော်တို့ရွာက နယ်ခံရွာသား ကျော်ကျော်က ထိုင်းနိုင်ငံ ‘နခွတ်ပထုံ’ မြို့နယ်က ကြေးဝိုင်ယာကြိုးထုတ်တဲ့စက်ရုံမှာ အလုပ်လုပ်နေပြီး စက်ရုံမှာ အလုပ်သမားလိုကြောင်း လူကြုံ နဲ့ပြောတာကြောင့် မော်လမြိုင်က ပွဲစား မစိုးဇာဇာနဲ့ ပတ်စ်ပို့လုပ်ပြီး လာကြဖို့မှာတဲ့အတွက် ၂၀၁၈ ခု ၄ လပိုင်း ၁ ရက်နေ့မှာ စုစုပေါင်း ရွာသား ၂၈ ဦးက ပွဲစားဖြစ်သူ မစိုးဇာဇာကို တစ်ဦးကို ကျပ် ၃၀၀,၀၀၀ စီ ၂၈ ဦး လုံးပေးလိုက်ပြီး ရန်ကုန်မှာ ပတ်စ်ပို့လုပ်ပေးပါတယ်။ ပြီးတော့ ၄ လပိုင်း ၂၅ ရက်မှာ ရန်ကုန်က ကုမ္ပဏီတစ်ခုနဲ့စာချုပ်ချုပ်မယ်ဆိုလို့  ရန်ကုန်ကို သွားခဲ့ပေမယ့် စာချုပ်မချုပ်ခဲ့ရပါဘူး။ နောက်တစ်ခါ စာချုပ်ချုပ်ဖို့ခေါ်ပြန်တာကြောင့် ရန်ကုန်ကို ၅ လပိုင်း ၂၂ ရက်မှာ ထွက်လာခဲ့ပြီး မြောက်ဒဂုံက ပင်လုံခန်းမမှာ မစိုးဇာဇာရဲ့မောင်ကျော်စိုးဆိုသူက တစ်ဦးကို ကျပ် ၅၀၀,၀၀၀ သိန်းစီထပ်တောင်းလို့ ပေးလိုက်ရပါတယ်။ ဒီတော့ တစ်ဦးကို စုစုပေါင်း ကျပ် ၈၀၀,၀၀၀ စီ ပေးလိုက်ရတာပေ ါ့။ ဒီငွေတွေကိုလည်း ရွာမှာ တစ်ရာ တစ်ဆယ်တိုးနဲ့ ချေးပေးလိုက်ရတာပါ။ နောက်တော့ စာချုပ်လည်း မချုပ်ဖြစ်ဘဲနဲ့ မစိုးဇာဇာနဲ့ သူ့မောင်ကျော်စိုးတို့ဟာ ဘယ်လိုမှဆက်သွယ်လို့မရတော့ဘဲ မြဝတီဘက်ကို ရှောင်တိမ်းသွားတာကြောင့် အခုလိုမြဝတီထိ လာရောက်တိုင်ကြားတာပါ” လို့ ကိုဇော်ဝမ်းဆိုသူက ပြောဆိုခဲ့ပါတယ်။

သာစည်မြို့နယ် သုံးပတ်လည်ရွာသား စုစုပေါင်း ၂၈ ဦးထံမှ တစ်ဦးလျှင် ၈၀၀၀၀၀ နှုန်းနှင့်စုစုပေါင်း ၂၂၄ သိန်းကို မစိုးဇာဇာနှင့် မောင်ဖြစ်သူ ကျော်စိုးတို့မောင်နှမနှစ်ဦးရဲ့ အပြောကြွယ်မှုကို အယုံလွယ်မိတဲ့ သုံးပတ်လည်ရွာသား မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဒုက္ခတွေနဲ့ ဝေနေရပါပြီ။

သုံးပတ်လည်ရွာသား ကိုဝေလင်းထူးက “ကျွန်တော်တို့က ငွေရှိတဲ့သူတွေ မဟုတ်ပါဘူး။ လက်လုပ်လက်စားတွေပါ။ ကိုယ့်နိုင်ငံမှာ စက်ရုံအလုပ်ရုံ လောက်လောက်လားလား မရှိ၊ ရှိ ပြန်တော့လည်း လုပ်အားခက တစ်နေ့ ၄၈၀၀ ကျပ်တည်းရယ်။ စားမလောက်ဘူး။ ဒီတော့ တစ်နေ့ ၁၅၀၀၀ လောက်ရတဲ့ ထိုင်းကိုသွားမယ်ပေါ့။ ပွဲစားကျော်စိုးဆိုတာ  အရင်ကလည်း ရွာသားတွေကိုပို့ဖူးတယ်။ ရွှန်းရွှန်းဝေနေတဲ့ စကားတွေကို ယုံမှတ်လို့ ပုံအပ်လိုက်တယ်လို့ ပြောရမလား၊၊ တစ်ယောက် ရှစ်သိန်းပေးထားကြပါတယ်။ ခုခြောက်လကျော်လာပြီ။ ဖုန်းအဆက်အသွယ်လည်း မရပါဘူး။ သူများဆီက အတိုးနဲ့ချေးထားတာပါ။ ငါးကျပ်တိုး။ မပေးနိုင်ရင် လက်ရှိအဖေတို့၊ အမေတို့ နေတဲ့ ခြံဝိုင်းနဲ့ အိမ်ကို ပေးရတော့မယ်။ သူတစ်ပါးရဲ့ မိသားစုဘဝ အသိုက်အမြုံ ပျက်စီးအောင် လိမ်လည်လှည့်ဖျားတဲ့ လူလိမ်ပွဲစားတွေကို ဥပဒေနဲ့ ဆုံးမစေချင်ပါတယ်” ဟု ဝမ်းနည်းစွာ ရင်ဖွင့်လာပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားက လူရွယ်လူငယ်တွေဟာ မိမိနိုင်ငံမှာဝင်ရောက် လုပ်ကိုင်ကြမယ့် အလုပ်ရုံစက်ရုံ လောက်လောက်ငင မရှိလေတော့ တစ်ဖက်အိမ်နီး ချင်းနိုင်ငံသို့သာ ထွက်ခွာလုပ်ကိုင်ဖို့ စိုင်းပြင်းနေကြပါတယ်။

လူငယ်တွေရဲ့ အလုပ်လုပ်ချင်စိတ်၊ မိသားစုဘဝ ဖြည့်ဆည်းလိုစိတ်တွေကို လူလိမ်ပွဲစားတွေက အခွင့်ကောင်းယူပြီး လူသားချင်း၊ ကိုယ်နိုင်ငံသားချင်းစာနာစိတ်မရှိဘဲ လိမ်လည်လှည့်ဖြားနေကြခြင်းရယ်ပါ။

တချို့က ကုမ္ပဏီကို ခုတုံးလုပ်တယ်။ တချို့က MoU  ကို ခုတုံးလုပ်ပြီး Demand မရှိဘဲ လူ (အလုပ်သမား) ပို့ဆောင်တယ်။ ထိုင်းကိုရောက်တော့ လုပ်သားတွေကို ဟိုစက်ရုံ လေးငါးယောက်၊ ဒီစက်ရုံ လေးငါးယောက် ဆီးသီးဗန်းလိုက်ရောင်းသလိုပို့ပြီး အလုပ်အတည်တကျမရဘဲ နေရပ်သို့ ပြန်ရောက်လာသူများလည်း အများအပြား ရှိနေပါတယ်။

ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံအတွင်းမှာ ဆယ်စုနှစ်တစ်ခု ကျော်နေထိုင်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးခဲ့သူ ဦးကျော်သောင်း (MAT) က “MoU စနစ်ကို သုံးသပ်ပြင်ဆင်ရပါမယ်။ ခုအနေအထားကတော့ MoU စနစ်ဟာ တရားဝင် လူကုန်ကူးနေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။