ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ ရွေးချယ်ခွင့်နည်းလွန်းသည့် အခြေအနေတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဖြစ်ရန်သာ မျှော်လင့်ရတော့မည်

ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ ရွေးချယ်ခွင့်နည်းလွန်းသည့် အခြေအနေတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဖြစ်ရန်သာ မျှော်လင့်ရတော့မည်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုအတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုအတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 21 October 2018
နီလာ

မြန်မာနိုင်င်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသိသိသာသာ ကျဆင်းနေ သည့် အတွက်၊ အရှေ့အုပ်စု အနောက်အုပ်စု၊ အီးယူ၊ အမေရိကန် စသဖြင့် ရွေးချယ်ခွင့် သိပ်မရှိတော့ သည့်အတွက် ဝင်ရောက်လာသည့် ကုမ္ပဏီများ၏ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ရှိမရှိဆိုသည်ကိုသာ ကြပ်မတ်စစ်ဆေးရန်သာ ရှိတော့ကြောင်း စီးပွားရေး အဝန်းအဝိုင်းမှ လေ့လာသုံးသပ်ကြသည်။

ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တွင် ယေဘုယျအားဖြင့် အနောက်နိုင်ငံ များနှင့် အီးယူနိုင်ငံများသည် တာဝန်ယူမှု ရှိသော ကုမ္ပဏီများဟု သတ်မှတ်နိုင်ပြီး၊ အာရှနိုင်ငံများ အထူသဖြင့် မြန်မာနိုင်ငံတွင် ရင်း နှီးမြှုပ်နှံမှု အများအပြား ပြုလုပ် နေသော တရုတ်နိုင်ငံမှ ကုမ္ပဏီများ မှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ သော ကုမ္ပဏီများအဖြစ် သတ်မှတ်မှုများရှိနေသည်။ လက်ပံတန်း တောင် အစ၊ ကြေးစင်တောင်၊ စပယ်တောင်အဆုံး တရုတ်ကုမ္ပဏီများ၏ တာဝန်ယူမှု ကင်းမဲ့မှုများက ဒေသခံများကို လက်ရှိအချိန်အထိ သွေးပျက်စေခဲ့သည်မှာ အကောင်းဆုံး သာဓကများပင်ဖြစ်သည်။   

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရ တာဝန်ပြီးယူ ချိန်မှစ၍ ပြည်ပရင်းနှီးမြှုပ်နှံမှု များကို စတင် ဖိတ်ခေါ်ခဲ့ရာ ထို အချိန်မှစ၍ ၂၀၁၈ ခုနှစ် စက်တင် ဘာလကုန်အထိ ရရှိထားသော၊ နှစ်အလိုက် ဝင်ရောက်ခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက  တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၈ဘီလျံနီးပါး အထိဝင် ရောက်မြှုပ်နှံထားသော်လည်း အများဆုံး ရင်းနှီးမြှုပ်နှံသူမှာ တရုတ်နိုင်ငံသာ ဖြစ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

နိုင်ငံအလိုက် အနေအထားကို လေ့လာကြည့်ပါက တရုတ်နိုင်ငံက ပထမ၊ စင်ကာပူနိုင်ငံက ဒုတိယ၊ ထိုင်းနိုင်ငံက တတိယ၊ ဟောင်ကောင်က စတုတ္ထနေရာတွင် ရပ်တည်နေကာ ယူကေက ပဥ္စမနေရာတွင် ရှိကြောင်းလည်း သိရသည်။

ထိပ်ဆုံးနှစ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အနေအထား

မြန်မာနိုင်ငံ၏ ဖြတ်သန်းမှု ကာလတစ်လျှောက် ရင်းနှီးမြှုပ်နှံမှုကို လေ့လာပါက သမ္မတဦးသိန်းစိန် လက်ထက်ဖြစ်သော ၂၀၁၁ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်ကြားကာလတွင် အမြင့်မားဆုံး ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။  တစ်နည်းအားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အပြိုင် တိုင်းပြည်စီးပွားရေး စန်းထသော ကာလဟု ဆိုရမည်ဖြစ်သည်။  ဥရောပသမဂ္ဂနိုင်ငံများအပါအဝင် အနောက်နိုင်ငံများ၏ မီးစိမ်းပြမှုကလည်း ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခဲ့ခြင်း အကြောင်းတရား တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီး အနောက် နိုင်ငံများမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကန့်အသတ်ဖြင့် ရှိနေသေးသော်လည်း လက်ဦးမှုရယူလိုသော စီးပွားရေးလုပ်ငန်းများက စင်ကာပူ နိုင်ငံကို တစ်ဆင့်ခံပြီး ဝင်ရောက် လာခဲ့ကြသည်။ ထို့ကြောင့် တရုတ် နိုင်ငံကိုသာမဟုတ်၊ အနောက်နိုင်ငံ များကိုပါ ကျောထောက်နောက်ခံ ပြုထားသော စင်ကာပူနိုင်ငံသည်  တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများ ဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ယင်းကာလအတွင်းနှစ်အလိုက်  ရင်းနှီးမြှုပ်နှံမှုကိုလေ့လာပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၄ ဒသမ ၆ ဘီလျံကျော်၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၁ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ရှစ် ဘီလျံကျော် ၊၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း ဒေါ်လာ ၉ ဒသမ ၅ ဘီလျံအထိ စံချိန်တင်မြင့်တက်ခဲ့ သည်။

သို့သော် ယင်းအနေအထားသည် NLD  အစိုးရ တက်လာသည့် အနေအထားတွင် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ဥပမာအား ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆ ဒသမ ၆ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံအထိ ကျဆင်းသွားခဲ့သည်။ ၂၀၁၈ ခုနှစ် ခြောက်လတာ ကာလနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ခြောက်လ အတွင်း ဝင်ရောက်သည့် ရင်းနှီး မြှုပ်နှံမှု ပမာဏကို နှိုင်းယှဉ်ကြည့်ပါက ဒေါ်လာ ၂ ဒသမ၃ ၇၂ သန်း အထိ လျော့ကျနေသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ဒေါ် လာ ၄ ဒသမ ၁၃၇ ဘီလျံအထိ ဝင်ရောက်လာသေးသည်။

ပြဿနာ၏ အရင်းခံမှာ မြန်မာနိုင်ငံ ရခိုင်ဒေသတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများကြောင့် ဖြစ် သည်။ ပဋိပက္ခမျာနှင့်အတူ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းမှုပုံစံများကို နိုင်ငံတကာက လက်မခံနိုင်သော အခြေအနေများသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအထိ ရိုက်ခတ်လာခဲ့ကြသည်။

ဥပမာအားဖြင့် ခရီးသွားကဏ္ဍ သိသာစွာ ကျဆင်းခဲ့သည်။ ဦးသိန်းစိန် လက်ထက်တွင် ခရီးသွားကဏ္ဍ သိသိသာသာ တက်လာခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် သိသိသာသာ ကျဆင်းခဲ့သည်။ ဥပမာ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၂၈၈ သန်းကျော် ရှိခဲ့သော်လည်း ၂၀၁၆- ၂၀၁၇ တွင် ဒေါ်လာ ၄၀၃ သန်းကျော်ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ တွင် ဒေါ်လာ ၁၇၇ သန်းနီးပါးရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ဒေါ်လာကိုးသန်းကျော်သာ ရှိခဲ့သည်။

ယင်းပြဿများသည် ရခိုင်ပဋိပက္ခကို အခြေပြုပြီး ဖြစ်ပေါ်လာသော အကျိုးဆက်များ ဖြစ်သည်။ ဒေသတစ်ခုကို အကြောင်းခံကာ နိုင်ငံ့စီးပွားရေး (National Economy) ကိုပါရိုက်ခတ်လာသော အနေအထားများမှာ စိုးရိမ်စရာလည်း ဖြစ်လာခဲ့သည်။

“လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းတရားတွေကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်မှန်းလို့မရတော့ဘူး” ဟု မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မကြာသေးခင်က ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းစာအုပ် ထုတ်ပြန်ပွဲတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့သော အနေအထားတွင် အီးယူနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် ပေးအပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP ကိုပင် ပြန်လည်ရုပ်သိမ်းရန် စဉ်းစားနေကြောင်း သိရသည်။

အီးယူက ပေးအပ်သည့် GSP အခွန်သက်သာခွင့်ကို ရရှိခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံက CMP စနစ်ဖြင့် လက်ခစား အထည်ချုပ် လုပ်ငန်းများသို့ အီးယူက အော်ဒါမှာယူမှု မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။

“မနှစ်ကနဲ့ ဒီနှစ်ဆိုရင် ပထမ အော်ဒါမှာ နှစ်ဆတက်တယ်။ မနှစ်တုန်းက ဒေါ်လာ သန်း ၉၀ လောက်ဆိုရင် ဒီနှစ်က ဒေါ်လာ သန်း ၁၈၀ လောက်ရှိတယ်။ နှစ်ဆတောင် နည်းနည်းကျော်ချင်တယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

အီးယူနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး အခြေအနေ အပြောင်းအလဲမရှိဘဲ လက်ရှိအတိုင်း ဆက်လက် တည်ရှိနေမည် ဆိုပါက လာမည့်နှစ်များတွင်လည်း အီးယူ၏ အထည်ချုပ်အော်ဒါမှာယူမှု ယခုကဲ့သို့ အလားအလာ ကောင်းလာနိုင်သော်လည်း အကယ်၍ အီးယူနိုင်ငံများမှ GSP ရုပ်သိမ်းခဲ့ပါက အထည်ချုပ် လုပ်ငန်းများ သိသိသာသာ ထိခိုက်သွားနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထို့အတူ အီးယူစျေးကွက်သို့ CMP အထည်ချုပ်ပို့ကုန်များအပြင် ရေထွက်ကုန်များလည်း အဓိက တင်ပို့နေခြင်း ဖြစ်သည့်အတွက် EU နိုင်ငံများ၏ အနုတ်အသိမ်း မူဝါဒများမှာလည်း မြန်မာနိုင်ငံအတွက် အဓိက အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။

မြန်မာနိုင်ငံသည် ယခင်က သယံဇာတ အရင်းအမြစ်များအပေါ် အခြေခံသည့်ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပြည်ပပို့ကုန်မြှင့်တင်သည့် လုပ်ငန်းများကို ဦးစားပေး ဖိတ်ခေါ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် အရှေ့နိုင်ငံများက ရင်းနှီး မြှုပ်နှံမှုနှင့် အနောက်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှု ဆိုသည်ထက် အမှန်တကယ် တာဝန်ယူမှုရှိပြီး တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများသာ အဓိကလိုလားကြောင်း၊ Mandalay Technology မှ Managing Director ဖြစ်သူဦးဇော်နိုင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကြည့်ရမှာက အရှေ့ရယ် အနောက်ရယ်တော့ မဟုတ်ပါ ဘူး။ ဥပမာ ဂျပန်တွေရှိတယ်။ အခုဆို ဂျပန်တွေ လာကူညီနေတာရှိတယ်။ ကိုရီးယားတွေ တရုတ်တွေ အိန္ဒိယတွေရှိတယ်။ ဂျာမနီတွေရှိတယ်။ ဥရောပနိုင်ငံတွေ အမေရိကန်တွေ အစရှိသဖြင့်ပေါ့ရှိတယ်။ အဲဒီလိုနိုင်ငံတွေ ရှိတဲ့အထဲမှာ နိုင်ငံတိုင်းမှာ တကယ်ကို ပွင့်လင်းမြင်သာတယ်၊ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရှိသလို တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေလည်း ရှိတာပဲ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အရှေ့ရယ် အနောက်ရယ်မှ မဟုတ်ပါဘူး။ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အရေးကြီးပါတယ်။ ဒါတွေကို အားပေးရမယ်” ဟု Mandalay Technology မှ Managing Director ဖြစ်သူဦးဇော်နိုင်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုဆိုရာ၌ မည်သည့် ကုမ္ပဏီပင်ဖြစ်စေကာမူ တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများအား လက်ခံရတော့မည့် အနေအထား ဖြစ်နေသည်။ တာဝန်ယူမှု တာဝန်ခံမှု အားနည်းသည့် ရင်းနှီးမြှုပ်နှံမှုများကို စိစစ်ကြပ်မတ်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ကတော့ အစိုးရဌာနတွေ သက်ဆိုင်ရာဒေသဆိုင်ရာ အဖွဲ့အစည်းတွေ အာဏာပိုင် အဖွဲ့အစည်းတွေက စည်းကမ်းတွေ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ထိန်းကြောင်း ပေးဖို့လိုတယ်။ ဖြစ်သင့်တာကတော့ ဥပမာရင်းနှီးမြှုပ်နှံမှု လာလုပ်ကြမယ်ဆိုရင် များသောအားဖြင့် လာမလုပ်ခင်မှာ လာရောက်မြှုပ်နှံကြမယ့် သူတွေကို မြန်မြန်ခွင့်ပြုလိုက်ပါ။ ဒါပေမဲ့ Investment တကယ်စလုပ်တဲ့ အချိန်ကျရင်  အဲဒီတော့မှ စည်းကမ်း နည်းလမ်းတွေနဲ့ စည်းကြပ်တာက ပိုပြီး အရေးကြီးတယ်။ ဥပမာ စက်ရုံ အလုပ်ရုံတွေဆိုရင် ရေဆိုး ရေညစ်တွေ စွန့်ပစ်တာမျိုး မလုပ်ရဘူး။ အနံ့ဆိုးတွေမထွက်ရဘူး။ တကယ် လို့ အနံ့ဆိုးထွက်ရင် ပတ်ဝန်း ကျင်ကိုထိခိုက် နစ်နာစေတာမျိုး တွေရှိလာရင် ဥပမာအားဖြင့် စက်ရုံပိတ်သိမ်းတာမျိုး အစရှိသဖြင့်ပေါ့လေ။ ထိထိရောက်ရောက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးမှုကလည်း အရေးကြီးပါတယ်” ဟု ပြောကြားသည်။

ထို့အတူ နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့ပြီး တိုင်းပြည်အတွက် အရေးပါသည့် တာဝန်ယူမှုရှိသည့်၊ အရည်အသွေး ပြည့်သည့် ရင်းနှီးမြှုပ်နှံမှုများကို မည်ကဲ့သို့ ဖိတ်ခေါ်မည်နည်း။ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံသူများ လာရောက် မြှုပ်နှံချင်အောင် မည်ကဲ့သို့ ဆွဲဆောင်သွားမည်။ ရင်းနှီးမြှုပ်နှံမှု ပါမစ်များ လွယ်လွယ်ကူကူ ရရှိရေး မည်ကဲ့သို့ ဆောင်ရွက်ပေးမည် ဆိုသည်မှာ အရေးကြီးကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။    

မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် ကာလရှည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

အဆိုပါကာလရှည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ပြောင်းလဲလာ သည့် အစိုးရ၏ မူဝါဒအခြေအနေများနှင့် ကိုက်ညီစေရန်နှင့် လိုက် လျောညီ ထွေမှုရှိစေရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအဖြစ် MIC နှင့် JICA တို့ပူးပေါင်းကာ အနာဂတ် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ထပ်မံပြင်ဆင်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ် အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှှင့်တင်ရေး စီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ဖော်ပြထားသည်။     

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအခြေအနေ

ယင်းကဲ့သို့ အကောင်အထည်ဖော်မှုများ ရှိနေသော်လည်း၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး လျာထားချက်ထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး လျော့ကျခဲ့ကြောင်း၊ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂  ဒသမ ၃၇ ဘီလျံကျော် လျော့ကျနေသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကြားကာလ ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာသုံးဘီလျံအထိ ဝင်ရောက်ရန် လျာထားခဲ့သော်လည်း ခြောက်လကုန်ဆုံးချိန်အထိ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံကျော်သာ ဝင်ရောက်ခဲ့သဖြင့် လျာထားချက်ထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး လျော့ကျခဲ့သည်။

“ကြားကာလ ခြောက်လကို သုံးဘီလျံ တွက်ထားတာ။ ဒီနေရာမှာ ပြောစရာက အားလုံးသိတဲ့ အတိုင်းပဲ နိုင်ငံတချို့က လွဲမှားနေတဲ့ မြင်တွေ ဒါကတစ်ချက်၊ ဒီခြောက်လလုံးလုံးက မိုးတွင်းကာလ ဖြစ်သွားတော့၊ ဒီဘက်ခြောက်လနဲ့ ဟိုဘက်ခြောက်လမှာက Construction လုပ်ရတာတို့ Investment ဝင်ရတာတို့ ရှိတာပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ဆိုသည်။

နှစ် ၂၀ အတွင်း ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်

နှစ် ၂၀ အတွင်း မြန်မာနိုင်ငံ အတွင်းသို့ ရင်းနှီးမြှုပ်နှံပမာဏ ဒေါ်လာဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ကာလတို ငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀ -၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ -၂၀၂၅ - ၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ်(၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီး ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကဲ့သို့ လုပ်ခလစာ လျော့နည်းသည့် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နေရကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အခြားသော စိန်ခေါ်မှုများလည်း ရှိနေကြောင်း၊ ရပ်တန့်နေသည့် ကမ္ဘာ့ဝယ်လိုအား တိုးတက်မှုမှာ မြန်မာနိုင်ငံ၏ ပို့ကုန်များနှင့် မြန်မာနိုင်ငံအတွင်းသို့ ပို့ကုန်ဦးစားပေး FDI များအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်စေနိုင်ကြောင်း MIPP တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံကြီးများ ဝန်းရံခြင်းခံထား ရသည့် မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံရေး တင်းမာမှုများကြောင့် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်းလည်း သိရသည်။ ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာ့စီးပွားရေးသည်လည်း ကမ္ဘာ့စီးပွားရေးလမ်းကြောင်း ဦတည်ရာများနှင့် နိုင်ငံရေး အခြေအနေများကြောင့် ရိုက်ခတ်မှုရှိနိုင်ကြောင်း၊ အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ စသည့်နိုင်ငံကြီးများ၏ စီးပွားရေး စက်ဝန်းများသည် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ထင်ရှားသည့် သက်ရောက်မှုများ ဖြစ်စေကြောင်းလည်း ဖော်ပြထားသည်။ 

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် MIPP ကိုရေးဆွဲ အကောင်အထည် ဖော်လျက်ရှိရာ တစ်ချိန်တည်းတွင် တာဝန်ယူမှု တာဝန်ခံမှုရှိပြီး တိုင်းပြည်နှင့် လူမျိုးအတွက်နှင့် လာရောက် ရင်းနှီးမြှုပ်နှံသူများအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်ရန် လိုအပ်လျက်ရှိသည်။

“အနောက်က ရင်းနှီးမြှုပ်နှံသူတွေက တကယ်တမ်းကျ ကြည့်နေတာပါပဲ။ တစ်ခါတလေကျတော့ အနောက်နိုင်ငံတွေ၊ ဂျပန်နိုင်ငံတို့က မဟာဗျူဟာကျကျ ချဉ်းကပ်တယ်။ အဲတော့ အခုအခါမှာ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းသွားသယောင်ယောင် ထင်ရပေမဲ့  တကယ့်ကို မဟာဗျူဟာကျကျ ချဉ်းကပ်နေတဲ့ အနောက်နိုင်ငံတွေရှိပြီး ဘယ်နေရာတွေ ရင်းနှီးမြှုပ်နှံသင့်လဲ၊ ဘယ်နေရာတွေမှာ အကောင်းဆုံးဖြစ်အောင် စက်ရုံစီမံကိန်းတွေ အခြေခံ အဆောက်အအုံတွေ ရင်းနှီးမြှုပ်နှံမလဲဆိုတာ လေ့လာဆန်းစစ်မှုတွေ အများကြီး ရှိပါတယ်” ဟု Mandalay Technology မှ Managing Director ဖြစ်သူ ဦးဇော်နိုင်က သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိအနေအထားသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် အများကြီး ထား၍မရသော အနေအထားတွင် ရှိနေသည်။ ကမ္ဘာ့စီးပွားရေး အပြောင်းအလဲ၊ ဒေသတွင်း အပြောင်းအလဲများအပြင် ပြည်တွင်းမှ ဖြစ်သောနေသော ပဋိပက္ခများ၏ ရိုက်ခတ်မှုများကြောင့် အလားအလာ နည်းပါးနေသည့် ကာလတွင်၊ တရုတ်ရင်းနှီးမြှုပ်နှံမှု၊ ဂျပန်ရင်းနှီးမြှုပ်နှံမှု၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှု၊ အီးယူရင်းနှီးမြှုပ်နှံမှု ရွေးချယ်နိုင်သည့် အနေအထား မဟုတ်တော့ဘဲ ရလာသည့် ရင်းနှီးမြှုပ်နှံမှုကို စည်းကမ်းနှင့် စနစ်နှင့်၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် တရားဥပဒေ စိုးမိုးမှုတို့နှင့်သာ ထိန်းချုပ်ရန်ရှိတော့ကြောင်း စီးပွားရေး အဝန်းအဝိုင်းမှ သုံးသပ်နေကြကြောင်း သိရသည်။