ထိပ်သီးဆွေးနွေးပွဲမှ အဖြေရှာရမည့် ခွဲမထွက်ရေး

ထိပ်သီးဆွေးနွေးပွဲမှ အဖြေရှာရမည့် ခွဲမထွက်ရေး
နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် အောက်တိုဘာ ၁၆ ရက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA-SEAO တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် အောက်တိုဘာ ၁၆ ရက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA-SEAO တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
Published 21 October 2018
ဆန်းမိုးထွန်း

နေပြည်တော်တွင် အောက် တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

NCA သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပရာတွင် အခမ်းအနား သဘောမျိုး မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် အနှစ်သာရ အကျိုးရလဒ် ရရှိနိုင်မည့် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခေါင်းဆောင်းများတွေ့ ဆုံဆွေးနွေးရာ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက် အကောင်အထည် ဖော်ရာတွင် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက် မရသေးသည့် အချက်များကို ခေါင်းဆောင်များ၏ နိုင်ငံရေး သဘောတူညီချက်များဖြင့် ဖြေရှင်းရန်ဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုအဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် အခြေခံမူများ ချမှတ်နိုင်ရန် ရည်ရွယ်၍ အစိုးရ၊ တပ်မတော်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။

နေပြည်တော် ရွှေစံအိမ်ဟို တယ်တွင် အောက်တိုဘာ ၁၅ ရက် မှ စတင်၍ အစိုးရနှင့် NCA-SEAO ခေါင်းဆောင်များက သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ အစိုးရဘက် မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် NCA-SEAO အဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ အားလုံး စုံစုံညီညီ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်၍ ကတိကဝတ်များ၊ သဘောတူညီချက်များအတွက် အဆုံးအဖြတ်ပေးနိုင်သည့် ခေါင်းဆောင်များ တက်ရောက်လာသော အစည်းအဝေးတွင် သဘောတူညီချက်များ ချမှတ်နိုင်ရန် အားလုံးတွင် ယုံကြည်မှုရှိရမည်ဟု ပြောကြားသည်။

“ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေကိုယ်တိုင် တက် ရောက်လာကြတဲ့ ဒီကနေ့လို အစည်းအဝေးမျိုးမှာမှ သတ္တိရှိရှိနဲ့ ဆုံးဖြတ် ချက် ချမှတ်နိုင်စွမ်း မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ် တာဝန်မကျေပွန်ရာ ရောက်သွားစေနိုင်တယ် ဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အတူ မိမိတို့အကြား လိပ်ခဲတည်းလည်းဖြစ်နေသည့် အကြောင်းအရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေး ကိစ္စပင်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

“ဒီကနေ့ ကျွန်မတို့ပြည်ထောင်စုရဲ့ ပကတိတည်ရှိမှုကို လက်ခံထား ရင်  ခွဲမထွက်ရေးက ပြဿနာ မဟုတ် ပါဘူး။ တိုင်းရင်းသား တွေအစဉ်တစ် စိုက် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည် ပြီးခိုင်ခိုင်မာမာ အကောင်အထည် ဖော်သွားမယ်ဆိုတာကိုလည်း ကျွန်မ တို့အနေနဲ့ အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ် ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ခွဲမထွက်ရေးဆို တဲ့အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေ တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ် တွေရဲ့ ကိုယ်ပိုင် အခြေခံဥပဒေရေး ဆွဲရေး စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက် ပြီး သဘောတူညီချက်ရရှိထားပြီးမှ ချန်လှပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနေ ရာမှာ ခွဲမထွက်ရေးက အရေးကြီး သလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန်အရေးကြီးတယ်ဆိုတာ ကို ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ထို့ပြင် စိုးရိမ်မှု ကိုယ်စီရှိနေသော သမိုင်းနှစ်ဖက်ကို ဟန်ချက်ညီ မျှအောင် ကြိုးစားရာတွင် လက်ရှိ ၂၁ ရာစုအခြေအနေကို လက်တွေ့ ကျကျ ရှုမြင်ကြရန်နှင့် နိုင်ငံတကာ ပထဝီနိုင်ငံရေးအပြင် ပြည်နယ်အ လိုက် ပထဝီနိုင်ငံရေးကို ထည့်သွင်း စဉ်းစားကြရန် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်မတို့ လျှောက်လှမ်းနေ တဲ့ လမ်းကြောင်းဟာ မှန်ကန်တယ် ဆိုတာကိုလည်း ၂၁ ရာစုပင်လုံညီ လာခံအစည်းအဝေးတွေက ထွက် ပေါ်လာခဲ့တဲ့ ပြည်ထောင်စုသဘော တူစာချုပ်ရဲ့ အစိတ်အပိုင်းတွေက သက်သေပြနေပြီ ဖြစ်ပါတယ်။ ကျွန်မ တို့ လျှောက်ရာလမ်းကနေ သွေဖည် မသွားဘူး။ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားမယ်ဆိုတာကိုလည်း ဒီကနေ့ ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ အစည်းအဝေးက သက်သေပြနေပါတယ်။ ကျွန်မတို့ အားလုံး အတူတကွ လက်တွဲပူးပေါင်း ပြီးတော့ ရှိနေတဲ့ အခက်အခဲတွေ၊ သဘောတူညီမှု မရနိုင်သေးလို့ ညှိနှိုင်းနေရဆဲဖြစ်တဲ့ ကိစ္စရပ်တွေကို အရှိကိုအရှိအတိုင်း လက်ခံကြဖို့၊ ဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်း ကျော်လွှားနိုင်ကြမလဲဆိုတာ ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းကြဖို့၊ ဒီလို ဆွေးနွေးညှိနှိုင်းကြရာမှာ ကျွန်မတို့ အားလုံးရဲ့ နှလုံးသားတင်မက ဦး နှောက်ကိုပါ ဖွင့်ထားကြဖို့ အရေး ကြီးပါတယ်။ ကျွန်မတို့ တာဝန်ခံကြ ရတဲ့၊ ကျွန်မတို့ မျက်နှာမူကြရမယ့် ကျွန်မတို့ရဲ့ ပြည်သူတွေကို မျက်မှောက်ပြုပြီး ကျွန်မတို့အားလုံး သတ္တိရှိကြဖို့ အလေးအနက်ထား တိုက်တွန်းပြောကြား လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ် ပေါ်လာစေခဲ့သည့် ဇာစ်မြစ်အကြောင်း တရားများကို နိုင်ငံရေးစားပွဲဝိုင်းတွင် ညှိနှိုင်းဆွေးနွေးဖြေရှင်းနိုင်မည် ဆိုပါက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားရေးသည် မခက်ခဲ ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ သည် ရင်းနှီးမှု၊ နားလည်မှုနှင့် ယုံကြည်မှုများကို ဖြစ်ပေါ်စေပြီး ဘုံအကျိုးစီးပွားနှင့် ဘုံမျှော်လင့်ချက်များ ကို ခိုင်မာအားကောင်းလာစေနိုင် ကြောင်း၊ ယခုအစည်းအဝေးတွင် မပါဝင်နိုင်သေးသော အဖွဲ့အစည်းများ ပါဝင်နိုင်အောင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တပ်မတော် ခေါင်း ဆောင်များက ကြိုးပမ်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က အသိပေး ပြောကြားသည်။

“ဒီကနေ့အစည်းအဝေးကို တစ်နိုင်ငံလုံးက တိုင်းရင်းသားပြည် သူတွေဟာ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီမျှော် လင့်ချက်တွေဟာ ဒီကနေ့ ကျွန်မတို့ ရှေ့က စားပွဲပေါ်မှာ ရှိနေရုံ မဟုတ် ပါဘူး။ ကျွန်မတို့ အားလုံးရဲ့ နှလုံးသားထဲမှာ ရှိနေတာပါ” ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်း

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ခွဲမထွက်ရဟူသော တားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် အချို့အဖွဲ့အစည်းများ ပြောသကဲ့သို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအပေါ် မယုံကြည်၍ မဟုတ်ကြောင်း၊ ရေရှည်အတွက် အာမခံချက် ပြည့်ဝစေရန်၊ ယုံကြည်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး သံသယကင်းစွာဖြင့် ထာဝရအတူတကွ လက်တွဲ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ခွဲမထွက်ရဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်၊ မထည့်သင့် အငြင်းပွားနေစရာ မလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေရဲ့ အခြေခံမူတွေရဲ့ သဘော တူညီချက်ဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ ဥပဒေစည်းမျဉ်း စည်းကမ်းဆိုတာ တိုက်တွန်းချက်၊ တားမြစ်ချက်လို့လည်း အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ခွဲမထွက်ရဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်း ဟာ အချို့အဖွဲ့အစည်းများ ပြောသ လို တိုင်းရင်းသားညီအစ်ကို မောင်နှမများအပေါ် မယုံကြည်လို့ မဟုတ် ပါဘူး။ ရေရှည်အတွက် အာမခံချက် ပြည့်စေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့ တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရ အတူတကွ လက်တွဲပြီး လုပ်တာဖြစ် ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးရခက်သည်ဟု ပြောနေကြသော ခွဲမထွက်ရဆိုသည့် စကားနှင့် ပတ်သက်၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ဆွေးနွေးသည့်အခါ အမြဲဦးတည်ထားရမည့် အရာသည် ဒို့တာဝန်အရေးသုံးပါး ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်သော ကိစ္စများကို မူလဆွေးနွေးစဉ် ကတည်းကပင် ရှောင်ရှားစေခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ပြည်ထောင်စု၏ မည်သည့်အ စိတ်အပိုင်းမဆို ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲမထွက်ရဟူသော စကားရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ပုဒ်မ (၁၀) တွင် အတိအလင်း ပြဋ္ဌာန်းထားသည့်အတွက်ကြောင့် ခွဲမထွက်ရဟူသော စကားသည် ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ် လိုအပ်သော စကားတစ်ခု၊ အာမခံချက်တစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အကြောင်းပြု၍ အဖွဲ့အစည်းများ၏ တစ်ဖက်သတ်လိုလားချက်များကို အကောင်အထည်ဖော်ရန် ကြိုးစား နေမှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေပြီး ထာ ဝရငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တကယ်လိုအပ် သော အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းကို တပ်မတော်က မူအားဖြင့် သဘောတူကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“သို့သော်လည်း ငြိမ်းချမ်းရေး နဲ့မဆိုင်တဲ့ မိမိတို့ရဲ့ နိုင်ငံရေးလိုအင်ကို ဖြည့်ဆည်းဖို့ NCA လမ်းကြောင်းကို တလွဲအသုံးချပြီး အခြေခံဥပဒေနဲ့ တခြားဥပဒေတွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကိုတော့ သဘောတူညီဖို့ ခက်ခဲမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ မိန့်ခွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် တိုင်းရင်းသားများ တောင်းဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး ပြည်ထောင်စုအတွင်း ပြည်နယ်များက ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုး ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ရင်ဆိုင်ကြုံတွေ့နေရသော အဓိက တစ်ဆို့မှုဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးဆိုသည့် အမြင်အပေါ်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အမြင်ကွာဟချက်များ ရှိနေပြီး အဆိုပါကိစ္စကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်နေသည်ဟု ၎င်းကဆိုသည်။

“ဖက်ဒရယ်မူကို ရှာဖွေတဲ့နေ ရာမှာ ခွဲထွက်ရေး၊ခွဲမထွက်ရေးဆိုတဲ့ ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုပါဘူး။ စိုးရိမ်စိတ်ရှိမယ် ဆိုရင်လည်း ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဘယ်လိုမျိုး အခွင့်အရေးလဲ ဆိုတာကို တင်ပြချင်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က ပြည်ထောင်စုတစ်ခု အတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးဖြစ်တယ်။ ဒါကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းဖြင့် ကျင့်သုံးရမှာဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြည်ထောင်စုဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ပြီး တစ်ဆက်တည်းမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထို့ပြင် ဃြဗ စာချုပ်သည် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးကိစ္စတစ်ခုတည်းနှင့်သာ သက်ဆိုင်သော စာ ချုပ်မဟုတ်ဘဲ နှစ်ပေါင်း ၇၀ ကြာ မြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ပြည်ထောင် စုကိုမည်သို့ ပြန်လည်ထူထောင်ကြ မည်ဆိုသည့်ဘုံနိုင်ငံရေး မျှော်မှန်းချက်လည်း ပါဝင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့အတူ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ပြည်ထောင်စုကြီးကို မည်သို့တည်ဆောက်ကြမည်ဆုုိသည့် ဘုံရည်မှန်းချက် လေးရပ်ကို NCA စာချုပ်အခန်း (၁) တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရမည်ဟုလည်း ၎င်းကဆိုသည်။

“ဒီနိုင်ငံရေး ဘုံရည်မှန်းချက် လေးခုကို ပေါင်းစပ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားကြမယ်လို့ NCA စာချုပ်မှာ လက်မှတ်ရေးထိုး သဘောတူထားခဲ့ကြတယ်။ NCA စာချုပ်မှာ ပါတဲ့အတိုင်း နိုင်ငံရေး ဘုံရည်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပတဲ့အခါ ကျွန်တော်တို့ အခက်အခဲနဲ့ ကြုံတွေ့ရပါတယ်။ တချို့က တစ်ဆို့မှုလို့ ခေါ်ကြတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ဆွေးနွေးပွဲရလဒ်

နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ကြာ အစိုးရ၊ တပ်မတော်နှင့် NCA-SEAO ခေါင်းဆောင်များက သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက်များ ချမှတ်ခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ၊ တတိယ အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ပါ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကျင်းပရန် မျှော်မှန်းထားသည့် ညီ လာခံသုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိနိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ NCA အခန်း (၅)၊ နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်း အပိုဒ် ၂၀ (ဂ) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရေး စသည့်အချက်များကိုလည်း သဘောတူညီမှု ရရှိခဲ့သည်။

ထို့ပြင် အစိုးရ၊ တပ်မတော်နှင့် NCA-SEAO ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး ဒုတိယနေ့တွင် တစ်ခုတည်းသော တပ်မတော် ကိစ္စအား တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ အပြည့်အဝ လက်ခံလိုက်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“ဒီနေ့ ကျွန်တော်တို့ရဲ့ သတင်းကောင်းတစ်ခုကတော့ တပ်မတော်ကိစ္စ။ တစ်ခုတည်းသော တပ်မတော် ကိစ္စကို ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းဘက်က တိုင်းပြည်တစ်ခုမှာ တစ်ခုတည်းသော တပ်မတော်ရှိရ မယ်ဆိုတဲ့ဟာ ကျွန်တော်တို့ အပြည့် အဝ လက်ခံလိုက်တယ်။ သို့သော် အဲဒီတပ်မတော်ကို ဘယ်လိုပုံစံမျိုး တပ်မတော်ဖြစ်စေရမလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်ရမယ်ဆိုတဲ့ အပိုင်းကျတော့ ကျွန် တော်တို့ ဆက်လက်ညှိနှိုင်းမယ်။ အဲ ဒီတပ်မတော်တော့ တစ်ခုတည်းသော တပ်မတော်ရဲ့ ဖွဲ့စည်းပုံတို့၊ အလုပ်လုပ်ရမယ့်ပုံစံတို့ ဆက်ဆွေးနွေးမယ် ဆိုပြီးတော့ ကျွန်တော်တို့ သဘောတူလိုက်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ထို့ပြင် အစိုးရ၊ တပ်မတော်နှင့် NCA-SEAO ခေါင်းဆောင်များ အစည်းအဝေးအား နိုဝင်ဘာလမကုန်မီ ထပ်မံတွေ့ဆုံ ဆွေးနွေးရန် ညှိနှိုင်းထားကြောင်း သိရသည်။

“နိုဝင်ဘာလ မကုန်ခင်မှာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း NCA လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ အဖွဲ့နဲ့ လက်မှတ်ရေးထိုးပြီးသား ၁၀ ဖွဲ့ တွေ့ဆုံပြီးလို့ရှိရင် ကျွန်တော်တို့ အဲဒီတော့မှ တိကျတဲ့ အဖြေပေးနိုင် ဖို့အတွက် ကျွန်တော်တို့ကြိုးစား သွားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဟာက အင်မတန်မှ အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် မနှစ် ကတည်းက ဥပမာအားဖြင့် RCSS ဒေသမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်နိုင်တဲ့အပေါ်မှာ လူထုနဲ့တိုင်ပင်မှု မလုပ်ဘဲနဲ့ အဲဒါမျိုးကို သဘောတူဖို့ အခက်အခဲရှိတယ်ဆိုတဲ့ ဟာမျိုးတွေ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က ကြုံခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒါတွေ အားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ ကျွန်တော်တို့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ဆိုလို့ရှိရင် ဒီလိုပွဲမျိုးက ကောင်းတယ်။ ဆက်လုပ်မယ်။ နိုဝင်ဘာလ မကုန်ခင်မှာ ပြန်ဆုံမယ်ဆိုတဲ့ ဟာမျိုးတွေပါတယ်”  ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ခွဲရေး တွဲရေး

ထိပ်သီးခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲတွင် ခွဲမထွက်ရေးနှင့် ပတ်သက်၍ သဘောထား အယူအဆ မတူညီမှုများ ရှိခဲ့သော်လည်း ဆွေးနွေးပွဲအပြီးတွင်မူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တုံ့ဆိုင်းမှုကို ဖြစ်ပေါ်စေသော ပြည်ထောင်စုမှ ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်ခံသည့်ပုံစံဖြင့် ပြည်ထောင်စု သဘောတူစာချုပ်၌ ဖော်ပြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း NCA-SEAO အဖွဲ့ခေါင်းဆောင်များက ပြောသည်။

“မနေ့က လက်ကျန်ဖြစ်တဲ့ ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ အထူးသဖြင့် ခွဲမထွက်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အချိန်တော်တော်ကြာ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများက တင်ပြတာက ကျွန်တော်တို့ ခေါင်းဆောင်တွေ တင်ပြတာပေါ့။ ကျွန်တော်တို့ဘက်က တင်ပြတာက ဒီကိစ္စက အင်မတန်မှ အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ထို့အတွက်ကြောင့် ကျွန်တော်တို့ အချိန်ယူပြီး ဆွေးနွေးဖို့လိုတယ်။ ပြီးတော့ ဒီ ၁၀ ဖွဲ့ပဲရှိတဲ့ အပေါ်မှာ တစ်နိုင်ငံလုံးကိစ္စမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီ ၁၀ ဖွဲ့လောက်ပဲ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့ တိုင်ပင်ဖို့ အချိန်ခဏပေးပါ ဆိုပြီးတော့ ကျွန်တော်တို့က မေတ္တာရပ်ခံတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ခွဲမထွက်ရ စကားရပ်နှင့် ပတ်သက်ပြီး လာမည့်နိုဝင်ဘာ တွေ့ဆုံပွဲတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဘက်မှ အဆိုပြုချက် သုံးချက်တင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က အဆိုပြုချက်သုံးချက် တင်ပြညှိနှိုင်းမည်ဟု သိရသည်။

ခွဲမထွက်ရေးကိစ္စ ပြေလည်မှု မရ၍ ၂၀၁၇ မေလက ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ ခွဲမထွက်ရေးဆိုသည့် အချက်နှင့် တိုက်ရိုက်ဆက်စပ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံ ဥပဒေရေးဆွဲရေး စသည့်ကိစ္စများသည် သဘောတူညီချက်ရပြီးမှ ချန်လှပ်ခဲ့ရသည်။

အစိုးရ၊ တပ်မတော်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များ အကြားတွင် ခွဲမထွက်ရေးမူနှင့် ပတ်သက်၍ သဘောထားအမြင် အမျိုးမျိုး ကွဲလွဲနေသော်လည်း NCA စာချုပ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ခွဲမထွက်ရေးအတွက် ပြဋ္ဌာန်းချက်များက ရှိနေသည်။

ခွဲထွက်ခွင့်ကို ကန့်သတ်ထားသော အချက်ပါဝင်သည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း (၁)၊ အခြေခံမူများ၊ အပိုဒ် ၁။(က)တွင် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များ နှင့်အညီ တည်ဆောက်သွားရန်’ ပါရှိသည်။

ထို့ပြင် ခွဲမထွက်ရေးနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)တွင် ‘နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ’ ဟူ၍ ပြဋ္ဌာန်းထားသည်။

အစိုးရအနေဖြင့် တိုင်းရင်း သားများ၏ အခွင့်အရေးနှင့် ခွဲမထွက်နိုင်လောက်သည့် အာမခံချက် ပေးနိုင်ပါက ခွဲထွက်ရန်အကြောင်း မရှိဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

“ခေါင်းဆောင် သုံးဦးပြောတဲ့အခါ ချဉ်းကပ်မှုက နည်းနည်းတော့ ကွဲလွဲကြတယ်။ ကျွန်တော်တို့ KNU အနေနဲ့ မြင်တာကတော့ ခွဲထွက်ခြင်း၊ မခွဲထွက်ခြင်း ဆိုတာမှာ ခွဲထွက်တယ် ဆိုတာက တိုင်းရင်းသားတွေက သူတို့ရဲ့ အမျိုးသား အခွင့်အရေးတွေ အပြည့်အဝ အာမခံချက်မရှိလို့ သူတို့ခွဲထွက်ချင်တာပဲ။ ပြည်ထောင်စုကြီးထဲမှာ ကျွန်တော်တို့နေတာ အကုန်လုံးက ပြည်ထောင်စု မြန်မာနိုင်ငံသားတွေပဲ။ ဒီတိုင်းပြည်မှာနေရင် ကောင်းတူ ဆိုးဘက်က အကုန်လုံးမှာ တာဝန်ရှိတယ်။ အဲဒီလို တာဝန်ရှိတဲ့ အခါကျတော့ တိုင်းရင်းသားတွေ အကုန်လုံး ဘယ်တိုင်းရင်းသားမဆို သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပြည့်ပြည့်ဝဝရမယ်။ အာမခံချက်တွေလည်း ပေးမယ်။ ဖော်ဆောင်ပေးမယ် ဆိုလို့ရှိရင် ကျွန်တော်တို့က ခွဲထွက်စရာ ဘာအကြောင်းမှ မရှိဘူး” ဟု ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

ဆက်လက်ရှုစားပါရန်

ဖက်ဒရယ်တည်ဆောက်ရေးအတွက် အရေးကြီးလှသော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဒေသန္တအုပ်ချုပ်ရေး၊ သဘာဝသယံဇာ တစီမံခန့်ခွဲရေးနှင့် ခွဲဝေရေးဆိုင်ရာ၊ ဖက်ဒရယ် ဘဏ္ဍာရေး ခွဲဝေသုံးစွဲမှုဆိုင်ရာ အခြေခံမူများ စသည့်အခြေခံ အချက်များပေါ်တွင် ဆွေးနွေးခြင်း မရှိသေးဘဲ ဖက်ဒရယ်အခြေခံမူများကို အားသွန်ခွန်စိုက် ဆွေးနွေးညှိနှိုင်းရမည့်အစား ဖက်ဒရယ်မူနှင့် မသက်ဆိုင်သည့် ပြည်ထောင်စုမှ ခွဲထွက်ခွင့်၊ ခွဲမထွက်ခွင့် တို့ဖြင့်သာ အချိန်ကုန်နေသည်ဟု တိုင်းရင်းသားများက ရှုမြင်ကြသည်။

NLD အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်၊ တတိယအစည်းအဝေးတွင် သဘောတူညီချက် ၁၄ ချက် စုစုပေါင်း ၅၁ ချက်ကို ပြည်ထောင်စု သဘောတူညီချက်အဖြစ် ရရှိခဲ့သော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများကို ဆွေးနွေးချမှတ်နိုင်ခြင်း မရှိသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ဘဝင်မကျစရာ ဖြစ်ခဲ့ရသည်။

NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို  သုံးကြိမ်အထိ ကျင်းပပြီးသော်လည်း ပြည်နယ်များ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်၊ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့် တိုက်ရိုက်ဆိုင်သည့် ကိစ္စရပ်များ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြားတွင် ဆက်လက် ညှိနှိုင်းရန် တစ်ဆို့နေသည်။

အစိုးရအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၈ ခုနစ်အတွင်း တစ်ကြိမ်နှင့် ၂၀၁၉ ခုနစ်အတွင်း နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်ကျင်းပရန် ရည်မှန်းထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများကို ချမှတ်နိုင်ရန် မျှော်မှန်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကလည်း နောင်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများတွင် အစိုးရ၊ တပ်မတော်နှင့် ၎င်းတို့အကြား တစ်ဆို့နေသည့် ကိစ္စရပ်များကို ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် လိုလားလျက်ရှိသည်။

ပြီးခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် အစိုးရနှင့် NCA-SEAO အဖွဲ့များအကြား သဘောတူညီမှု ရရှိခဲ့သည့် အချက်များကို နောက်ထပ်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သုံးကြိမ်အတွင်း အကောင်အထည် ဖော်ဆောင်နိုင်မည် ဆိုပါက အစိုးရရည်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများ ချမှတ်နိုင်ရေးသည် ဖြစ်လာနိုင်ဖွယ် ရှိနေသည်။

လာမည့် နိုဝင်ဘာလအတွင်း ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည့် ထိပ်သီးခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲတွင် ဖက်ဒရယ်စနစ်ကို သွားမည့်လမ်းကြောင်း၌ တစ်ဆို့မှုဖြစ်ပေါ်နေသည့် ခွဲမထွက်ရေးကိစ္စကို နှစ်ဖက်ညှိနှိုင်း အဆင်ပြေသည် ဆိုပါက ခွဲမထွက်ရေး အချက်နှင့် တိုက်ရိုက်ဆက်စပ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲရေး စသည့်ကိစ္စများတွင် လမ်းပွင့်သွားနိုင်ဖွယ် ရှိနေသည်။ ထို့ကြောင့် လာမည့် နိုဝင်ဘာ ထိပ်သီးတွေ့ဆုံပွဲတွင် ခွဲရေးတွဲရေးသည် မည်ကဲ့သို့သော စကားလုံးများဖြင့် ပေါ်ထွက်လာမည်ကို ဆက်လက်စောင့်ကြည့် ရမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက “ဒီအချက်က ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ညီလာခံမှာ ငြိနေတဲ့ အချက်ပဲ။ ဒါကြောင့်လည်း နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ ဘာမှဆွေးနွေးလို့ မရတဲ့ ကိစ္စအဖြစ် ပြဿနာ တက်နေတာ။ အခုကျမှ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။ မပြောလို့တော့ မရဘူး။ အခုချိန်မှာတော့ ပွင့်ပွင့်လင်းလင်း တိုင်းသိ ပြည်သိ ပြောကြတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ်တမ်း ဒါက ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ညီလာခံမှာ ဒီကိစ္စကြောင့် တတိယအကြိမ် ညီလာခံမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ၊ တိုင်းရင်းသား တန်းတူရေး ပြဿနာတွေ ဆွေးနွေးလို့ မရတာပေါ့။ ကျွန်တော့်အမြင်ကတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုအပ်တယ်။ အခုကစပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမှဖြစ်မယ်။ ညီလာခံ သုံးကြိမ်ကျင်းပမယ်။ နှစ်ကြိမ်ကျင်းပမယ်။ အဲဒါတွေထက် အရေးကြီးတာက မတူကွဲပြားတဲ့ ဟာတွေကို ပွင့်ပွင့်လင်းလင်း ချပြပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုအပ်နေတယ်။ အဲဒါကို နေ့ရွှေ့ညရွှေ့ ရွှေ့နေရင် ဘာမှ မဆွေးနွေးနိုင်တဲ့အပြင်ကို သုံးကြိမ်တို့ နှစ်ကြိမ်တို့ကိုလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒီကွဲလွဲမှုက တကယ်တမ်း တစ်နှစ်ရှိပြီ။ အခုလို ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေး တာကတော့ ကောင်းတဲ့ကိစ္စရပ် တစ်ခုဖြစ်တယ်။ အခု သူတို့ ထပ်ညှိမယ်။ ထပ်ညှိလို့ အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခုရသွားရင် ရှေ့ဆက်နိုင်မယ်” ဟု မှတ်ချက်ပြုသည်။