လူငယ်မူဝါဒဆိုင်ရာ Action Plan ရေးဆွဲရာ၌ Traditional Challenge အပေါ် ထည့်သွင်းရေးဆွဲသွားရန် လိုအပ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားထားကြောင်း သိရ

လူငယ်မူဝါဒဆိုင်ရာ Action Plan ရေးဆွဲရာ၌ Traditional Challenge အပေါ် ထည့်သွင်းရေးဆွဲသွားရန် လိုအပ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားထားကြောင်း သိရ
Published 8 November 2017

Facebook ကဏ္ဍအပေါ်မူတည်ပြီး လူငယ်များ၏ အသက်ဆုံးရှုံးမှုဖြစ်ပေါ်နေသဖြင့် လူငယ်မူဝါဒကို သဘောတူလက်ခံ၍ Action Plan ရေးဆွဲရာ၌ Traditional Challenge အပေါ် ထည့်သွင်းရေးဆွဲသွားရန် လိုအပ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရပြီး လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးအတွက် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းကဲ့သို့မှာကြားထားကြောင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးကို နိုဝင်ဘာ ၇ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ်မူဝါဒကို သဘောတူလက်ခံ၍ Action Plan ရေးဆွဲရာ၌ Traditional Challenge အပေါ် ထည့်သွင်းရေးဆွဲသွားရန် လိုအပ်သည်ကို မှာကြားထားကြောင်း၊ Traditional Challenge ဆိုသည်မှာ မီဒီယာနှင့် Facebook ကဏ္ဍဖြစ်ပြီး Facebook ကဏ္ဍအပေါ်မူတည်ပြီး လူငယ်များ၏အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသဖြင့် အဆိုပါစိန်ခေါ်မှုများသည် အရေးကြီးသည့်အတွက် လူငယ်မူဝါဒဆိုင်ရာ Action Plan ရေးဆွဲရာ၌ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်၊ မည်သို့တားဆီးကာကွယ်ရမည်ကို ထည့်သွင်းရေးဆွဲသွားရန် လိုအပ်ကြောင်း စသည့်အချက်များကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးများက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပမည့်အချိန်သည် ရန်ကုန်တက္ကသိုလ်၏ ရာပြည့်အကြိုကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်ပွဲတော်အဖြစ် ထည့်သွင်းဖော်ပြပေးရေး၊ ပညာပေးပြခန်း၌ အဖြစ်များသည့် ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ နိုင်ငံရေးနှင့်ပတ်သက်၍ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ကို လူငယ်များသိရှိရေး၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများပါ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ အင်္ဂလိပ်၊ မြန်မာ စသည့်ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပြခန်းများအပြင် ကျောင်းသူ၊ ကျောင်းသားများ၏ ကွန်ပျုတာနှင့် နည်းပညာရပ်ဆိုင်ရာ တီထွင်ထားမှုများကို ပိုမိုထည့်သွင်းပြသွားရေး စသည့်အချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း၌ ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent