မြန်မာနိုင်ငံသို့ လက်နက်မရောင်းချရန် အစ္စရေးကို ဂျူးဘာသာရေးခေါင်းဆောင်များ ပြောကြား

မြန်မာနိုင်ငံသို့ လက်နက်မရောင်းချရန် အစ္စရေးကို ဂျူးဘာသာရေးခေါင်းဆောင်များ ပြောကြား
Published 29 October 2017

မြန်မာနိုင်ငံသို့ လက်နက်များရောင်းချမှုကို ရပ်တန့်ရန် အစ္စရေးကို အမေရိကန် ဂျူးဘာသာရေးခေါင်းဆောင်များက ပြောကြားခဲ့ကြောင်း www.jewishstandard.timesofisrael.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

အစ္စရေးအနေဖြင့် ယင်းကဲ့သို့ တောင်းဆိုမှုများရှိသော်လည်း မြန်မာနိုင်ငံသို့ လက်နက်များရောင်းချမှုကို ရပ်တန့်ရန် ငြင်းဆိုထားသည်။

ဂျူးဘာသာရေးခေါင်းဆောင်များနှင့် ဓမ္မသီချင်းသီဆိုသူ ခေါင်းဆောင် ၃၀၂ ဦးက အစ္စရေးအစိုးရသို့ စာရေးသားတောင်းဆို ပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အရေးနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့လိုက်သော်လည်း သြစတြေးလျအနေဖြင့်မူ ပိတ်ပင်ရန်အတွက် အစီအစဉ်မရှိကြောင်း www.huffingtonpost.com.au ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

တပ်မတော်နှင့် ကာကွယ်ရေး ထိတွေ့ဆက်ဆံမှု ဆက်လက်ရှိနေမည်ဖြစ်သော်လည်း လက်ရှိနှင့် စီစဉ်ထားသည့် ကာကွယ်ရေးလှုပ်ရှားမှု ကိစ္စရပ်များကို အကြောင်းအရာတစ်ခုစီပေါ် အခြေခံပြီး ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ရခိုင်ပြည်နယ်ရှိ လူမျိုးစုအကြမ်းဖက်မှုများကြောင့် မြန်မာ့တပ်မတော် ပညာရေးဆိုင်ရာ လေ့ကျင့်ရေးသင်တန်းများအား ရပ်ဆိုင်းခဲ့ကြောင်း ဗြိတိန်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၆ ရက်တွင် ဥရောပနိုင်ငံခြားရေးဝန်ကြီးများက မြန်မာထိပ်တန်း တပ်မတော်ခေါင်းဆောင်များကို လာရောက်ရန် ဖိတ်ကြားခြင်းများအား ဆိုင်းငံ့ထားရန် သဘောတူခဲ့ကြသည်။ ဥရောပသမဂ္ဂက လက်နက်များသာမက ပြည်တွင်းတွင် ဖိနှိပ်မှုများပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ကိရိယာတန်ဆာပလာများကိုလည်း မြန်မာနိုင်ငံသို့ရောင်းချခြင်း ဆက်လက်ပိတ်ပင်သွားမည်ဟု ပြောကြားခဲ့သည်။

လူများအလုံးအရင်းဖြင့် ထွက်ပြေးရမှုကိုဖြစ်စေသည့် ဘင်္ဂါလီမွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင်ပါဝင်သည့် မြန်မာတပ်ဖွဲ့များနှင့် အရာရှိများကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့များပေးခြင်းမှ ရုပ်သိမ်းမည်ဟု အမေရိကန်က အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန်သည် မြန်မာတပ်မတော်နှင့် နဂိုကတည်းက ဆက်ဆံရေးကန့်သတ်မှုများ ရှိထားနှင့်ပြီးဖြစ်သည့်အပြင် စစ်ဘက်ဆိုင်ရာ ရောင်းဝယ်မှုအားလုံးကို ကာလရှည်ပိတ်ပင်ထားသည်။ ထို့ကြောင့် စစ်ဘက်ဆိုင်ရာအကူအညီများ ရုပ်သိမ်းခြင်းက ယင်းအနေအထားကို ပိုမိုတင်းကျပ်စေမည်ဖြစ်သည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ခြောက်သိန်းခန့်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

ထိုသို့ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များထဲတွင် ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများလည်း ပါဝင်နေကြောင်း www.benarnews.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းဗီဒီယိုတစ်ခုအရ သိရသည်။