မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးပြီးစီးရန် အရေးကြီးပြီး ပြီးစီးပါက လုံခြုံရေးအတွက် ရာခိုင်နှုန်း ၅၀ ကာပြီးသားဖြစ်မည် ဖြစ်သော်လည်း သတိဖြင့်နေထိုင်သွားရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးပြီးစီးရန် အရေးကြီးပြီး ပြီးစီးပါက လုံခြုံရေးအတွက် ရာခိုင်နှုန်း ၅၀ ကာပြီးသားဖြစ်မည် ဖြစ်သော်လည်း သတိဖြင့်နေထိုင်သွားရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 29 October 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ပြီးစီးရန်အရေးကြီးပြီး ပြီးစီးပါက လုံခြုံရေးအတွက် ရာခိုင်နှုန်း ၅၀ ကာပြီးသားဖြစ်မည် ဖြစ်သော်လည်း သတိဖြင့်နေထိုင်သွားရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အရေး တည်ငြိမ်စပြုနေပြီဖြစ်သည့်အတွက် လုံခြုံရေးတပ်များ ပြန်လည်ရုပ်သိမ်းသည့်အပေါ် မေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “လုံခြုံရေးတပ်တွေ ရုပ်သိမ်းတာနဲ့ပတ်သက်ပြီး ပြောရရင်တော့ နိုင်ငံတကာဖိအားပေးလို့လို့ ယူဆတယ်။ ဒါပေမဲ့ အဲဒီတပ်တွေက သိပ်ဝေးဝေးသွားမှာ မဟုတ်ဘူး။ ဥပမာပြောရရင် မေယုတောင်တန်းရဲ့ အနောက်ဘက်မှာဖြစ်တယ်ဆိုရင် လုံခြုံရေးတပ်တွေက မေယုတောင်တန်းရဲ့ အရှေ့ဘက်လောက်မှာရှိမှာပါ။ စစ်တွေတစ်ဝိုက်မှာ တပ်တွေစုထားမယ်လို့ သိရတယ်။ စစ်တွေကနေ တကယ်ဖြစ်တဲ့နေရာကိုသွားရင် နာရီပိုင်းပါပဲ။ သိပ်မကြာဘူး။ သိပ်မဝေးဘူး။ မောင်တောရဲ့ တောင်ဘက်ပိုင်းအတွက်တော့ သိပ်စိုးရိမ်စရာမရှိဘူး။ အကြမ်းဖက်တွေဆိုရင်လည်း ဆိပ်ကမ်းကတစ်ဆင့်ပဲ လာလို့ရမှာ။ ကုန်းလမ်းကလာလို့မရဘူး။ ဆိပ်ကမ်းမှာလည်း လုံခြုံရေးတွေရှိပြီးသားပါ။ မောင်တောမြောက်ပိုင်းလောက်ပဲ နည်းနည်းစိုးရိမ်ရတယ်။ အဲဒီဘက်အတွက်ကလည်း မောင်တောမှာလည်း လုံခြုံရေးတွေရှိမယ်။ ဘူးသီးတောင်မှာလည်း တပ်ရင်းတပ်ဖွဲ့တွေရှိတယ်။ အထိုင်ချထားတဲ့တပ်တွေကတော့ ဆုတ်စရာမလိုဘူး။ မောင်တောမြောက်ပိုင်းကိုက အဲဒီတပ်တွေနဲ့ထိန်းလို့ရတယ်။ အခုဆုတ်တာက စစ်ဆင်ရေးတပ်တွေပါ။ တပ်မ ၉၉ တို့၊ ၃၃ တို့ပဲဆုတ်တာပါ။ အထိုင်တပ်တွေကတော့ နဂိုအတိုင်းရှိမှာပါပဲ။ လုံခြုံရေးပိုင်းကတော့ သတိနဲ့နေရမှာပေါ့။ အနာဂတ်မှာလည်း ဒီလိုပဲသတိနဲ့နေသွားရမှာပဲ။ ဘာလို့လည်းဆိုရင် လူမျိုးမတူ၊ ဘာသာမတူတဲ့ နှစ်နိုင်ငံနယ်စပ်ဆိုတာကတော့ ထုံးစံအတိုင်းပဲ။ နောင်မှာလည်း သတိနဲ့ပဲနေသွားရမှာပဲ” ဟုပြောကြားသည်။

“နယ်စပ်ခြံစည်းရိုးတံတိုင်း ကာပြီးဖို့အရေးကြီးတယ်။ အဲဒါဆိုရင်တော့ လုံခြုံရေးအတွက် ၅၀ ရာခိုင်နှုန်းကာပြီးသား ဖြစ်သွားမယ်။ နယ်စပ်ခြံစည်းရိုးလည်း ကာနေပါတယ်။ တချို့ကပြောတယ်။ ပြင်ပ ပုဂ္ဂလိကကုမ္ပဏီကို ပေးလို့မရဘူးလားဆိုတော့။ အဲဒီဒေသက ကြမ်းတယ်။ အကြမ်းဖက်တွေလည်း ရှိနေတော့လေ။ တပ်နဲ့ဆိုင်တဲ့အဖွဲ့တွေပဲ လုပ်လို့ရမယ်။ အလုပ်သမားလည်း အရမ်းရှားတယ်။ အခုတော့ အင်တိုက်အားတိုက် လုပ်နေပါတယ်။ အကြမ်းဖက်တွေကလည်း မကြာမကြာလာဆွမှာပဲ။ သတိထားနေရမှာပဲ။ သူတို့ရဲ့ လုပ်နေကျထုံးစံပဲလေ” ဟု ဦးခင်မောင်လတ်က ဆက်လက်ပြောကြားသည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ခြောက်သိန်းခန့်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။ လက်ရှိတွင် တည်ငြိမ်စပြုလာပြီဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။