၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဝန်ကြီးဌာနများ၏ ဖြည့်စွက်ဘတ်ဂျက် တောင်းခံမှုများအနက် အရေးပေါ်အသုံးစရိတ်များသာ ခွင့်ပြုပေးမည်ဖြစ်ပြီး မူလလျာထားချက်ကို သုံးစွဲနိုင်မှုမရှိသေးဘဲ ထပ်မံတောင်းခံထားပါက ဖြတ်တောက်မည်ဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဝန်ကြီးဌာနများ၏ ဖြည့်စွက်ဘတ်ဂျက် တောင်းခံမှုများအနက် အရေးပေါ်အသုံးစရိတ်များသာ ခွင့်ပြုပေးမည်ဖြစ်ပြီး မူလလျာထားချက်ကို သုံးစွဲနိုင်မှုမရှိသေးဘဲ ထပ်မံတောင်းခံထားပါက ဖြတ်တောက်မည်ဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
Published 29 October 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဝန်ကြီးဌာနများ၏ ဖြည့်စွက်ဘတ်ဂျက် တောင်းခံမှုများအနက် အရေးပေါ်အသုံးစရိတ်များသာ ခွင့်ပြုပေးမည်ဖြစ်ပြီး မူလလျာထားချက်ကို သုံးစွဲနိုင်မှုမရှိသေးဘဲ ထပ်မံတောင်းခံထားပါက ဖြတ်တောက်မည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေငွေစာရင်းတွင် တောင်းခံထားသော်လည်း တင်ဒါခေါ်ခြင်းမရှိသေးမှုများရှိကြောင်းနှင့် တောင်းခံထားသည့်ငွေများအား သုံးစွဲရခြင်းမရှိသေးသည်များကို စိစစ်တွေ့ရှိရကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ဖြည့်စွက်ဘတ်ဂျက်ဆိုတာ လာမယ့်နှစ်တွေမှာမရှိနိုင်တော့ဘူး။ နိုင်ငံတကာမှာလည်းမရှိဘူး။ ဒီမှာက ဆိုရှယ်လစ်ခေတ်က အယူအဆဟောင်းတွေပါ။ နောင်မှာမရှိနိုင်တော့ဘူး။ ဒီနှစ်အာအီး ဘတ်ဂျက်ကမပေးမဖြစ်တာတွေပဲ Supplementary Grant လိုပေးတာ။ ဥပမာ ဝန်ထမ်းလစာတိုးတာတို့၊ ပေးတာတို့ပေါ့။ အရေးပေါ် အသုံးစရိတ်လောက်ပဲ ခွင့်ပြုပေးတာပါ။ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသစ်ချပေးတာတော့ မရှိသလာက်ပဲ။ တော်တော်ဖြတ်တောက်ပါတယ်။ များသောအားဖြင့် ဖြတ်တောက်မှာပါ” ဟုပြောကြားသည်။

ဆက်လက်၍ “ပြီးခဲ့တဲ့ဘီအီးမှာ တောင်းထားတာတွေတောင် တင်ဒါမခေါ်ရသေးတာတွေ အများကြီးပဲရှိတယ်။ အခုဘဏ္ဍာနှစ်က ငါးလပဲရှိတော့တာ။ ဘာမှမလုပ်ရသေးတာတွေရှိတယ်။ ဘီအီးပိုက်ဆံတောင် မသုံးရသေးတာ အာအီးထပ်ပေးလို့ ဘယ်ဖြစ်မလဲ။ အာအီးပေးရင် လိုငွေတွေလာမယ်။ အစိုးရပိုက်ဆံရှာရမယ်။ ဒီနှစ် ဖြည့်စွက်တောင်းခံထားတာတွေကို သိပ်မပေးဘူး။ တကယ်ကုန်ကျမှာလောက်ပဲ ခွင့်ပြုမှာ။ နိုင်ငံတော်သမ္မတကလည်း ဒီသဘောကိုပြောထားတယ်။ ချွေချွေတာတာ စိစိစစ်စစ်သုံးဖို့ပေါ့လေ။ နောက်ဆုံးနှစ်အာအီး ဖြစ်ဖို့များပါတယ်။ ဘီအီးမှာပဲ တစ်ခါတည်းလုပ်သွားမယ့် သဘောရှိပါတယ်။ အခုဖြည့်စွက်ဘတ်ဂျက် တောင်းခံထားတာတွေထဲမှာ ဘတ်ဂျက်ဖြတ်မှာကတော့ ဝန်ကြီးဌာနအကုန်လုံးကိုဖြတ်မှာပဲ။ လျှော့မှာပဲ။ အဓိက,ကတော့ ပြီးခဲ့တဲ့ခုနစ်လမှာ သိပ်မလုပ်ခဲ့တာကြောင့် ထပ်မပေးလိုတော့ဘူး။ တချို့လုပ်ငန်းတွေမှာ တင်ဒါမခေါ်ရသေးတာတွေ အများကြီးရှိတယ်။ အာအီးမှာ ထပ်ပေးလိုက်လည်း သူတို့မပြီးနိုင်တော့ဘူး။ ပြန်သိမ်းရမှာပဲ။ ဒီငါးလအတွင်းမှာ မပြီးနိုင်ဘူး” ဟု ၎င်းကပြောကြားသည်။

၂၀၁၇-၂၀၁၈ ဖြည့်စွက်ဘတ်ဂျက် တောင်းခံထားမှုများအား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ ၁၇ ဖွဲ့ဖြင့် စိစစ်လျက်ရှိကြောင်း၊ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် တောင်းခံထားပြီး လက်ရှိအချိန်အထိ မူလလျာထားချက်ကို သုံးစွဲနိုင်မှုမရှိသေးဘဲ ဖြည့်စွက်ဘတ်ဂျက်တွင် ထပ်မံတောင်းခံထားပါက လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း၊ နိုင်ငံတော်အတွက်၊ ပြည်သူများအတွက်အကျိုးရှိပြီး ခွင့်မပြု၍ မရသည့်ကိစ္စများအတွက်သာ ခွင့်ပြုမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုဌာန အဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ ဗဟိုအဖွဲ့အစည်းများမှ ကျပ် ၀ ဒသမ ၆၆၉ ဘီလျံ၊ ဝန်ကြီးဌာနများမှ ကျပ် ၂၄၁၈ ဒသမ ၃၂၆ ဘီလျံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၅၆ ဒသမ ၅၇၉ ဘီလျံ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များမှ ၀ ဒသမ ၀၅၀ ဘီလျံ၊ နေပြည်တော်ကောင်စီမှ ၉ ဒသမ ၆၈၄ ဘီလျံ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကျပ် ၄ ဒသမ ၃၁၆ ဘီလျံ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေပြင်ပမှ ဆောင်ရွက်သော နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးမှ ကျပ် ၂၈ ဒသမ ၉၂၇ ဘီလျံ၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကျပ် ၂၂ ဒသမ ၇၃၃ ဘီလျံ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သောဝန်ကြီးဌာနနှင့် ဦးစီးဌာနများ (လူမှုဖူလုံရေးအဖွဲ့) မှ ကျပ် ၃ ဒသမ ၄၅၃ ဘီလျံ စုစုပေါင်းကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံဖြစ်ကြောင်း သိရသည်။