အပ်ငွေ၊ ချေးငွေ အဝင်အထွက်များကို နေ့စဉ်စောင့်ကြည့်ပြီး ကျပ်တစ်ဘီလျံကျော် ဆောင်ရွက်ချက်များကို လိုအပ်ပါက ဘဏ်များသို့ဆက်သွယ်ပြီး မေးမြန်းခြင်းများဆောင်ရွက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

အပ်ငွေ၊ ချေးငွေ အဝင်အထွက်များကို နေ့စဉ်စောင့်ကြည့်ပြီး ကျပ်တစ်ဘီလျံကျော် ဆောင်ရွက်ချက်များကို လိုအပ်ပါက ဘဏ်များသို့ဆက်သွယ်ပြီး မေးမြန်းခြင်းများဆောင်ရွက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 29 October 2017

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

အပ်ငွေ၊ ချေးငွေအဝင်အထွက်များကို နေ့စဉ်စောင့်ကြည့်ပြီး ကျပ်တစ်ဘီလျံကျော် ဆောင်ရွက်ချက်များကို လိုအပ်ပါက ဘဏ်များသို့ဆက်သွယ်ပြီး မေးမြန်းခြင်းများ ဆောင်ရွက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။

နေပြည်တော်တွင် အောက်တိုဘာ ၂၇ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လှိုင်းဘွဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၏ “ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ငွေဖြစ်လွယ်မှု (Liquidity)၊ မတည်ရင်းနှီးငွေ (Capital)၊ ငွေသားစီးထွက်မှု (Cash out Flow)၊ ငွေသားစီးဝင်မှု (Cash in Flow) များကို CBM ဗဟိုဘဏ်က စောင့်ကြည့်ကြီးကြပ်မှု၊ နိုင်ငံသားများ၏ စုဆောင်းငွေ၊ လွှဲပို့ငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်ထားမှုများ အခြေအနေ” တို့နှင့်ပတ်သက်၍ မေမြန်းရာတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘဏ်များအနေဖြင့် ပြည်သူလူထုက အပ်နှံသည့်ငွေများကို လက်ခံခြင်း၊ ထုတ်ပေးခြင်း၊ ပြည်သူလူထုသို့ ချေးငွေများထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်း၊ ငွေလွှဲများလက်ခံခြင်း၊ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများကို ဗဟိုဘဏ်က နေ့စဉ်ကိန်းဂဏန်းများရယူပြီး စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ စောင့်ကြပ်ကြည့်ရှုရာတွင် အပ်ငွေ၊ ချေးငွေအဝင်အထွက် ကျပ်တစ်ဘီလျံကျော် ဆောင်ရွက်ချက်များကို စောင့်ကြည့်ပြီး လိုအပ်ပါက ဘဏ်များသို့ဆက်သွယ်ပြီး မေးမြန်းခြင်းများ ဆောင်ရွက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဦးဘိုဘိုငယ်က ပြောကြားသည်။

“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ ကျွန်တော်တို့ အပ်ငွေအားဖြင့်ဆိုလို့ရှိရင် ၁ ဒသမ ၄ ဘီလျံခန့်တိုးလာတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ စုစုပေါင်းအပ်ငွေကတော့ ၂၅ ထရီလီယံခန့်ရှိပါတယ်။ စုစုပေါင်းချေးငွေက ကျွန်တော်တို့ စုစုပေါင်း ၁၇ ထရီလီယံလောက်ရှိပြီးတော့ ပထမသုံးလပတ်အတွင်းမှာ စုစုပေါင်းကျပ် ၆၃၀ ဘီလျံကျော်တိုးပြီးတော့ ချေးထားတာ တွေ့ရပါတယ်” ဟု ဦးဘိုဘိုငယ်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမသုံးလပတ် စတင်သည့် ၃-၄-၂၀၁၇ ရက်တွင် အပ်ငွေအနေဖြင့် ကျပ် ၂၃ ဒသမ ၄၂ ထရီလီယံရှိပြီး ပထမသုံးလပတ်ကုန်ဆုံးသည့် ၃၀-၆-၂၀၁၇ ရက်တွင် ၂၄ ဒသမ ၈၁ ထရီလီယံ လက်ခံထားခြင်းကြောင့် အစီရင်ခံစာ တင်ပြသည့်ကာလအတွင်း အပ်ငွေကျပ် ၁ ဒသမ ၃၉ ထရီလီယံ တိုးလာသည်ကို တွေ့ရှိရကြောင်း၊ အလားတူ သုံးလပတ်ကာလ စတင်သည့် ၃-၄-၂၀၁၇ ရက်တွင် ချေးငွေအနေဖြင့် ကျပ် ၁၆ ဒသမ ၀၆ ထရီလီယံ ထုတ်ချေးထားရှိရာတွင် သုံးလပတ်ကုန်ဆုံးသည့် ၃၀-၆-၂၀၁၇ ရက်တွင် ကျပ် ၁၆ ဒသမ ၆၉ ထရီလီယံ ထုတ်ချေးထားတာကြောင့် အစီရင်ခံစာ တင်ပြသည့်ကာလအတွင်း ချေးငွေကျပ် ၆၃၅ ဒသမ ၃၂ ဘီလျံ တိုးတက်ထုတ်ချေးထားကြောင်း သိရသည်။

ထို့ပြင် ငွေသားစီးဝင်၊ စီးထွက်မှုတွင် ၃-၄-၂၀၁၇ ရက်မှ ၃၀-၆-၂၀၁၇ ရက်အထိ ငွေသားစီးဝင်မှု စုစုပေါင်းကျပ် ၅၁ ဒသမ ၈၁ ထရီလီယံ၊ ငွေသားစီးထွက်မှု စုစုပေါင်းကျပ် ၅၂ ဒသမ ၄၂ ထရီလီယံရှိသည့်အတွက် အသားတင်စီးထွက်မှု ကျပ် ၆၁၅ ဒသမ ၄၂ ဘီလျံပိုခဲ့ကြောင်း သိရသည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၇၁ တွင် ဘဏ်များ၏ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူများကို ဗဟိုဘဏ်က အကာအကွယ်ပေးရန် တာဝန်သတ်မှတ်ပြဋ္ဌာန်းထားသည့်အတွက် ဘဏ်နှင့် ဘဏ်ကိုဆက်သွယ်သူများအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို ပေါင်းစပ်ဖြေရှင်းပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စုဆောင်းငွေများ၊ ငွေပေးချေခြင်း၊ ငွေလွှဲပို့ခြင်းတို့နှင့်ပတ်သက်ပြီး လုံခြုံစိတ်ချစွာ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် အစီအမံများရေးဆွဲပြီး ဆောင်ရွက်ရန် ဘဏ်များကို ညွှန်ကြားထားကြောင်း၊ ဘဏ်များဘက်ကလည်း ဗဟိုဘဏ်၏ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်လျက်ရှိသည့်အတွက် ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များမှာ အပ်နှံထားသည့် နိုင်ငံသားများ၏ စုဆောင်းငွေ၊ လွှဲပို့ငွေဆုံးရှုံးမှုမဖြစ်ပေါ်ရန် ကြိုတင်ကာကွယ်ထားကြောင်း ဦးဘိုဘိုငယ်က ဆိုသည်။