မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်သုံးနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အနေအထားပြောင်းလဲလာပြီး နှစ်စဉ်နိုင်ငံဂျီဒီပီ၏ သုံးရာခိုင်နှုန်းခန့် နစ်နာဆုံးရှုံးနေကြောင်း ဒုတိယသမ္မတ ပြောကြား

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်သုံးနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အနေအထားပြောင်းလဲလာပြီး နှစ်စဉ်နိုင်ငံဂျီဒီပီ၏ သုံးရာခိုင်နှုန်းခန့် နစ်နာဆုံးရှုံးနေကြောင်း ဒုတိယသမ္မတ ပြောကြား
Published 10 October 2017

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်သုံးနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အနေအထားများ ပြောင်းလဲလာခဲ့ပြီး နှစ်စဉ် နိုင်ငံဂျီဒီပီ၏ သုံးရာခိုင်နှုန်းခန့် ဆုံးရှုံးနစ်နာနေကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“မြန်မာနိုင်ငံမှာဆိုရင်လည်း လွန်ခဲ့တဲ့သုံးနှစ်အတွင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အနေအထားတွေ ပြောင်းလဲလာခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား ဘေးအန္တရာယ်တွေနဲ့ ရာသီဥတုကြောင့်ဖြစ်ပေါ်တဲ့ ရေလွှမ်းမိုးမှု ဘေးနဲ့မုန်တိုင်းဘေးအန္တရာယ်တွေ ပိုမိုတိုးပွားလာတာကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု ပုံစံပြောင်းလဲမှုတွေ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွေနဲ့ အပူချိန်တိုးမြင့်လာမှုတွေကိုလည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။ အဆိုပါအချက်တွေကြောင့်ပဲ ဘေးအန္တရာယ်ဖြစ်ပွားနှုန်း ပိုမိုများပြားလာတာ ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“မြန်မာနိုင်ငံမှာလည်း သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် နှစ်စဉ် နိုင်ငံဂျီဒီပီရဲ့ သုံးရာခိုင်နှုန်းခန့် ဆုံးရှုံးနစ်နာလျက်ရှိပါတယ်။ ဘေးအန္တရာယ်တွေဟာ နိုင်ငံမရွေး ကျရောက်လေ့ရှိတယ်ဆိုသော်လည်း ဝင်ငွေနိမ့်ပါးတဲ့နိုင်ငံတွေမှာ ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုတွေကို ပိုမိုကြုံတွေ့နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာ ၉ ရက်ကပြုလုပ်သော မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက် (MAPDRR) မိတ်ဆက်ပွဲအခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းစီမံချက် (MAPDRR) သည် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လုပ်ရိုးလုပ်စဉ် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများအပြင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကာကွယ်ခြင်းများကို အလေးပေးဆောင်ရွက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ဘေးအန္တရာယ်တွေကြောင့်ဖြစ်လာမယ့် ထိခိုက်ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုှုပုံစံမျိုးတွေ တိုးပွားလာစေဖို့လည်း (MAPDRR) က အဓိကအထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ (MAPDRR) မှာ သဘာဝဘေးအန္တရာယ်တွေကိုသာမက လူ့ပယောဂကြောင့်ဖြစ်တဲ့ မတော်တဆအန္တရာယ်ဖြစ်ပွားမှုတွေကိုပါ ထည့်သွင်းထားပါတယ်” ဟု ဒုတိယသမ္မတက ပြောကြားသည်။

စီမံချက်အသစ်တွင် သေးငယ်သော်လည်း ထပ်ပြန်တလဲလဲဖြစ်ပွားတတ်သော ရေလွှမ်းမိုးမှုဘေး၊ မိုးကြိုးဘေး၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မြစ်ကမ်းပါးပြိုခြင်းကဲ့သို့သော ဘေးများကိုပါ လျှော့ချနိုင်ရန် ထည့်သွင်းထားကြောင်း၊ ထို့ပြင် အသက်အိုးအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် စီမံချက်အသစ်က မျှော်မှန်းထားကြောင်း သိရသည်။

စီမံချက်ကို ၂၀၃၀ ပြည့်နှစ်အထိ ဦးတည်ရေးဆွဲထားပြီး ဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်သော ပျမ်းမျှလူသေမှုနှုန်းကို လျှော့ချရန်၊ ထိခိုက်ခံစားရသော လူအရေအတွက်ကို လျှော့ချရန်၊ စီးပွားရေး တိုက်ရိုက်ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချရန်၊ အရေးကြီး အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာပစ္စည်း အဆောက်အအုံများအား ပျက်စီးခြင်းမှလျှော့ချရန်၊ ကြိုတင်သတိပေးစနစ်များကို လူတိုင်းလက်လှမ်းမီမှုနှင့် ကြိုတင်ပြင်ဆင်မှုများကို သိသိသာသာ တိုးတက်လာစေရန်၊ ဘေးအန္တရာယ်လျှော့ချရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန် ရည်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent