အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ လယ်ယာမြေနှင့် ပတ်သက်သည့် တိုင်ကြားစာ အများဆုံးရောက်ရှိပြီး တရားရေးနှင့်ဆိုင်သည့် တိုင်ကြားစာ လျော့နည်းသွားကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ လယ်ယာမြေနှင့် ပတ်သက်သည့် တိုင်ကြားစာ အများဆုံးရောက်ရှိပြီး တရားရေးနှင့်ဆိုင်သည့် တိုင်ကြားစာ လျော့နည်းသွားကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 4 October 2017

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီသို့ လယ်ယာမြေနှင့် ပတ်သက်သည့် တိုင်ကြားစာ အများဆုံးရောက်ရှိပြီး တရားရေးနှင့်ဆိုင်သည့် တိုင်ကြားစာ လျော့နည်းသွားကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က The Daily Eleven သတင်းစာကို အောက်တိုဘာ ၃ ရက်က ပြောကြားသည်။

တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က “၂၀၁၆ ခုနှစ်အကုန်ထိမှာ တိုင်ကြားစာစောင်ရေ ၄၂၀၀ လောက် ဖြေရှင်းပြီးစီးသွားတယ်။ အစီရင်ခံစာမှာလည်း ဖော်ပြခဲ့ပါတယ်။ လက်ရှိဆောင်ရွက်နေတာကတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ တိုင်ကြားစာစောင်ရေက ၂၁၃၃ စောင် ရောက်ရှိလာပါတယ်။ ကိုးလပိုင်း အကုန်အထိပေါ့။ သုံးပုံတစ်ပုံလောက်တော့ ဆောင်ရွက်ပြီးပြီ။ ရောက်လာတဲ့ တိုင်ကြားစာတွေထဲမှာတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို လိပ်မူတာလည်းရှိတယ်။ တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌကို လိပ်မူတာလည်းရှိတယ်။ ၂၀၁၇ ခုနှစ်ထဲမှာတော့ လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေ များလာတယ်။ သိမ်းဆည်းမြေဆိုရင် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကိုပို့ပေးတယ်။ ကျန်တဲ့မြေယာမှုခင်းတွေကျတော့ တချို့တွေကိုလည်း ကွင်းဆင်းစစ်ဆေးတာပေါ့။ မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေကို ကွင်းဆင်းစစ်ဆေးခဲ့တယ်။ တရားရေးနဲ့ပတ်သက်တဲ့ တိုင်ကြားစာ လျော့နည်းလာတာ တွေ့ရတယ်” ဟုပြောကြားသည်။

ဆက်လက်၍ “ဒီနှစ်ထဲမှာ တရားရေးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေ လျော့ပါးလာတာ တွေ့ရတယ်။ ၂၀၁၆ တုန်းကဆိုရင် တရားရေးနဲ့ သက်ဆိုင်တာ တော်တော်များခဲ့တယ်။ တိုင်ကြားစာတွေကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကို ပေးပို့တယ်။ ကော်မတီတွေကို ရောက်လာတဲ့ တိုင်ကြားစာတွေကို ဖြေရှင်းပေးရာမှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြန်ကြားပေးတာအများဆုံးပဲ။ ချက်ချင်းနီးပါးဖြေရှင်းပြီး ဖြေရှင်းချက်တွေ ို ပြန်လည်ပေးပို့ပေးတယ်။ ဖြေရှင်းဆောင်ရွက်ထားမှုကို အကြောင်းပြန်ကြားမှု အနည်းဆုံးကတော့ ပြည်ထဲရေးဝန်ကြီးဌာနပဲ။ တိုင်ကြားစာပေးပို့တာများတယ်။ ဖြေရှင်းဆောင်ရွက်မှုအကြောင်း ပြန်ကြားချက်နည်းတယ်။ လွှတ်တော်နားရက်မှာလည်း ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်တယ်။ ဒီလ ၉ ရက်မှာ ကော်မတီဝင်တွေအားလုံးကို အစည်းအဝေးခေါ်ထားပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ရောက်လာတဲ့ တိုင်ကြားစာတွေကို တတ်နိုင်သမျှ ပြီးပြတ်အောင် ဆောင်ရွက်ဖို့အတွက် အစည်းအဝေးထိုင်မယ်။ ဒီနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်မယ်” ဟု ဦးဆန်းမြင့်က ဆိုသည်။

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအနေဖြင့် လွှတ်တော်ရပ်နားထားသည့် ကာလများတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြေပြင်သို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြေယာပြဿနာများ များပြားလျက်ရှိကြောင်း ဦးဆန်းမြင့်က ပြောကြားသည်။

“တရားစီရင်ရေးမဏ္ဍိုင်က ၂၀၁၇ ခုနှစ်အတွင်းမှာ နည်းနည်းပြန်ထိန်းလာသလား မသိဘူး။ တိုင်ကြားစာတွေတော့ လျော့နည်းလာတာ တွေ့ရတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆိုရင် တရားရေးနဲ့ပတ်သက်ပြီး တော်တော်လေးကို ပြောနေတာရှိတယ်။ တိုးတက်မှုရှိလာတယ်လို့ အသိအမှတ်ပြုရမှာပေါ့။ ၂၀၁၆ တုန်းကဆိုရင် တရားရေးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာကထိပ်ဆုံးကပဲ။ အခုကတော့ မြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေ များလာတယ်။ မြေသိမ်းဆည်းမှုတွေက တစ်နိုင်ငံလုံးပေါ့။ အရင်က မြေသိမ်းဆည်းတာက ဥပဒေနဲ့အညီလုပ်ခဲ့တာ မဟုတ်ဘူးလေ။ အခုက လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပြန်ပေးဖို့တွေ၊ လျော်ကြေးတွေပေးဖို့ရှိတော့ တိုင်ကြားတာများလာတယ်။ ကော်မတီအနေနဲ့ကတော့ တရားစီရင်ရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်လို့မရဘူး။ ထိန်းကျောင်းလို့ပဲရတယ်။ အဲဒီတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုပေးပို့ပြီး ထိန်းကျောင်းပေးဖို့ အကြံပြုတာပေါ့။ အခုတော့ လျော့နည်းလာတာ တွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီသို့ ၂၀၁၇ ခုနှစ်အတွင်း တိုင်ကြားစာစောင်ရေ ၂၁၃၃ စောင်ရောက်ရှိကြောင်း၊ လယ်ယာမြေနှင့် ပတ်သက်သည့် တိုင်ကြားစာအများဆုံးဖြစ်ကြောင်း၊ ယင်းတိုင်ကြားစာများအနက် စောင်ရေ ၇၀၀ ခန့်အား ဆောင်ရွက်ပြီးဖြစ်ကြောင်း ဦးဆန်းမြင့်က ပြောကြားသည်။

Most Read

Most Recent