မြန်မာ-ဗီယက်နမ် တပ်မတော်နှစ်ရပ်ကြား ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ထောက်လှမ်းရေးသတင်းများ ဖလှယ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ဗီယက်နမ် တပ်မတော်နှစ်ရပ်ကြား ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ထောက်လှမ်းရေးသတင်းများ ဖလှယ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး
Published 3 October 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.General Ngo Xuan Lich အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး H.E.General Ngo Xuan Lich အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၂ ရက်နံနက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဒုတိယစစ်ဦးစီးချုပ် Sr.Lt.Gen.Gen.Nguyen Phuong Nam နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံစစ်သံမှူး Col.Nguyen Duc Giang တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး ကာလကြာရှည်သော မိတ်ဆွေရင်းနိုင်ငံများဖြစ်သည်နှင့်အညီ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ အရာရှိငယ်များ အပြန်အလှန်သွားရောက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး၊ ဆေးဘက်ဆိုင်ရာ သုတေသနပြုရေး၊ ဆေးကုသရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့် အားကစားအဖွဲ့များ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များစေလွှတ်ရေး၊ ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ထောက်လှမ်းရေးသတင်းများ ဖလှယ်ရေး၊ ဆက်သွယ်ရေးကဏ္ဍအား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.General Ngo Xuan Lich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့ရှိ ရွှေစေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းကာ သာသနိက အဆောက်အအုံများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ် မတ်လအတွင်းက ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ကာကွယ်ရေးဝန်ကြီး H.E.General Ngo Xuan Lich ၏ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ General Ngo Xuan Lich သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ယခုချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီယက်နမ်ခရီးစဉ်အတွင်း တပ်မတော်နှစ်ရပ်အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် Viettel ကုမ္ပဏီတို့အကြား ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆောင်ရွက်နေမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သြဂုတ် ၁၆ ရက်တွင် ရန်ကုန်မြို့၌ မိုင်တဲလ်ကုမ္ပဏီ (Mytel) ဌာနချုပ်ကိုဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့်တို့ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့သည်။

Most Read

Most Recent